အီကွေဒေါတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူများဟူသော သတင်းမှားပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၁ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

လူပေါင်းများစွာ လဲကျနေတဲ့ဓာတ်ပုံတစ်ပုံကို မြန်မာနိုင်ငံက ဖေ့ဘွတ်ခ်အသုံးပြုသူတွေ မျှဝေခဲ့ကြပြီး အီကွေဒေါနိုင်ငံမှာ ကိုဗစ် - ၁၉ ကြောင့် သေဆုံးသူတွေ ဖြစ်တယ် ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ မဟုတ်ပါဘူး။ တကယ်တော့ အဲဒီဓာတ်ပုံမှာ မြင်ရတာဟာ ဂျာမနီနိုင်ငံ အရှေ့မြောက်ပိုင်း Münster မြို့၊ ရထားဘူတာတစ်ခု အပြင်ဘက်က သဘာဝပတ်ဝန်းကျင်အရေး ဆန္ဒပြပွဲတစ်ခုပဲ ဖြစ်ပါတယ်။

အဲဒီဓာတ်ပုံကို ၂၀၂၀ ခုနှစ် မေလ (၃) ရက်က ဖေ့ဘုတ်ရဲ့ ဒီလင့်ခ်မှာ တင်ခဲ့တာပါ။ အဲဒီပုံကို အကြိမ်ပေါင်း ၈,၈၀၀ လောက် မျှဝေခဲ့ကြပါတယ်။

မြန်မာလိုရေးသားထားတဲ့ ပုံစာမှာတော့ “မြန်မာနိုင်ငံမှာ ကိုရိုနာကို မကြောက်ဘူး ပြောတဲ့သူတွေ အီကွေဒေါနိုင်ငံရဲ့ အခြေအနေကို ကြည့်ထားပါ။” လို့ ရေးသားထားပါတယ်။

ပို့စ်ရဲ့ Screenshot ကို အောက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ခုနှစ် မေလ ၇ ရက်နေ့ အထိ အီကွေဒေါမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၁,၈၈၁ ရှိပြီး သေဆုံးသူ ၁,၅၆၉ ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ 

အီကွေဒေါနိုင်ငံဟာ လက်တင်အမေရိကမှာ ကိုရိုနာဗိုင်းရပ်စ်အဓိကကူးစက်ပြန့်နှံ့ရာ နိုင်ငံတစ်နိုင်ငံဖြစ်လာပါတယ်။ ကျန်းမာရေးစနစ်ပြိုလဲသွားပြီးတဲ့နောက် နေ့တိုင်းကြုံတွေ့နေရတဲ့ ကြောက်မက်ဖွယ်ဖြစ်စဉ်တွေကို ဂွါရာကွေးမြို့က လက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေက AFP ကို ပြောပါတယ်။ 

အဲဒီပုံကို ဧပြီ ၁၈ ရက်ကလည်း ဒီလင့်ခ်မှာ ဖော်ပြခဲ့ပြီး ဖေ့စ်ဘွတ်မှာ အနည်းဆုံး ၄၄၉ ကြိမ် မျှဝေခဲ့ကြပါတယ်။ ဥရောပမှာ အလောင်းကောင်တွေ ပြန့်ကျဲနေပြီး ဘာသာရေးဆိုင်ရာ အယူအဆကြောင့် မီးသင်္ဂြိုဟ်တာ၊ မြေမြှုပ်တာတွေ မလုပ်ဘူးဆိုပြီးလည်း ရေးသားထားပါတယ်။

ဒါပေမဲ့ ဒီအကြောင်းအရာက မှားနေပါတယ်။

တကယ်တော့ ဒီဓာတ်ပုံဟာ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Extinction Rebellion က  စီစဉ်တဲ့ ဆန္ဒပြပွဲတစ်ခုဖြစ်ပြီး Münster  မြို့က Münster (Westf) Hauptbahnhof ရထားဘူတာအပြင်ဘက်မှာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

အောက်မှာ မှားယွင်းနေတဲ့ ဖေ့ဘွတ်ခ်ပို့စ်က ပုံ (ဘယ်)နဲ့ အနီရောင်အမှတ်အသား ပြထားတဲ့ အဝါရောင် Deutsche Post စာတိုက်ပုံးတွေပါဝင်တဲ့ Google မြေပုံ (ညာ) ကို ယှဉ်တွဲပြထားပါတယ်။

ဖေဖော်ဝါရီ (၇) ရက်နေ့မှာ Extinction Rebellion ရဲ့ Münster မြို့ခံအဖွဲ့ခွဲဟာ အဲဒီဆန္ဒပြပွဲလုပ်ဖို့ အင်စတာဂရမ်မှာ ဆော်သြခဲ့တာကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ သေတဲ့ပုံသရုပ်ပြဆန္ဒပြပွဲလုပ်ဖို့ ပထမနေရာအနေနဲ့ ရထားဘူတာကို ရွေးချယ်ထားတယ်ဆိုတဲ့အကြောင်း အဲဒီပို့စ်မှာ ရေးထားတာ တွေ့နိုင်ပါတယ်။

အဲဒီဆန္ဒပြပွဲရဲ့ ဗီဒီယိုဖိုင်ကို ဖေဖော်ဝါရီ ၈ ရက်နေ့က YouTube မှာ တင်ထားတာ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။ ဗီဒီယိုရဲ့ ဂျာမန်ဘာသာစကားနဲ့ ရေးထားတဲခေါင်းစဉ်မှာ “ကမ္ဘာကြီးပူနွေးလာမှုကို ဆန့်ကျင်တဲ့အနေနဲ့ Extinction Rebellion Münster ကလုပ်တဲ့ လူသေပုံသရုပ်ဖော်ဆန္ဒပြကမ်ပိန်း”  လို့ ရေးထားပါတယ်။

“Extinction Rebellion အဖွဲ့အနေနဲ့ ဘူတာကြီးကနေ စပါတယ်။ အဖွဲ့က တက်ကြွလှုပ်ရှားသူတွေဟာ မြေပြင်ပေါ်လဲချပြီး ၁၀ မိနစ်လောက် မလှုပ်မရှားနေခဲ့ကြတယ်” လို့ ပို့စ်နဲ့အတူ တင်ထားတဲ့စာမှာ ပါရှိပါတယ်။

အောက်မှာဖော်ပြထားတာကတော့ နားလည်မှုလွဲစေနိုင်တဲ့ ဖေ့ဘွတ်ခ်ပို့စ် (ဘယ်)နဲ့ Youtube ဗီဒီယို (ညာ) က screenshot တွေကို စက်ဝိုင်းနဲ့ ယှဉ်တွဲ ဖော်ပြထားတာ ဖြစ်ပါတယ်။

COVID-19