တောင်အာဖရိကမှာ တရားဟောဆရာက Dettol (ဒတ်တောလ်) ဆေးရည်တိုက်လို့ လူ ၅၉ ဦး သေဆုံးတယ်ဆိုတဲ့ အချက်အလက်အမှား

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 01 ဧပြီ 2020 အချိန် 07h10
  • အပ်ဒိတ်ရက်စွဲ 25 ဇန်နဝါရီ 2021 အချိန် 06h09
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • Tendai DUBE, AFP တောင်အာဖရိက, AFP မြန်မာ
  • ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP မြန်မာ
တောင်အာဖရိကမှာ တရားဟောဆရာက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ Dettol (ဒတ်တောလ်) ပိုးသတ်စင်ဆေးရည်တိုက်ရာကနေ လူ (၅၉) ဦး သေဆုံးတယ်ဆိုတဲ့ပို့စ်တစ်ခုကို Facebook ပေါ်မှာ မျှဝေနေကြပါတယ်။ အဲဒီအဆိုဟာ သတင်းဟောင်းတစ်ခုကို အခြေခံထားပြီး အချက်အလက် မှားယွင်းပါတယ်။ လက်ရှိမှာ အဲဒီလိုဖြစ်စဉ်မျိုး စုံစမ်းနေတာ မရှိဘူးလို့ တောင်အာဖရိကရဲတွေက ငြင်းဆိုထားပါတယ်။

အဲဒီပို့စ်ကို ၂၀၂၀ ခုနှစ်၊ ဧပြီလ ၈ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာပါ။ အဲဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်ရေ ၆၀ ကျော် ရှိခဲ့ပါတယ်။

Image
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ကရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ screenshot

အဲဒီပို့စ်မှာ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးရဲ့ပါးစပ်ထဲ Dettol (ဒတ်တောလ်) ဆေးရည်လို့ ယူဆရတဲ့အရည်တွေ လောင်းချနေတဲ့ပုံကို တွဲဖက်ဖော်ပြထားပါတယ်။

အဲဒီပို့စ်မှာ “ဒတ်တောလ်က အန္တရာယ်ရှိတယ်ဆိုတာ ကျွန်တော်သိတယ်၊ ဒါပေမယ့် ဘုရားသခင်က သောက်ဖို့ ကျုပ်ကိုညွှန်ကြားခဲ့တယ်၊ ငါလည်း အရင်သောက်ကြည့်ပြီးပြီ လို့ တရားဟောဆရာက ပြောပါသတဲ့.. အာဖရိက နိုင်ငံတစ်ခုက ဘုရားကျောင်းတစ်ခုထဲမှာ  ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ဆိုပြီး တရားဟောဆရာက ဒတ်တောလ်တွေ တိုက်ခဲ့တဲ့အတွက် လူ (၅၉) ဦး သေဆုံးပြီး (၄) ဦး ကို အတွင်းလူနာအနေနဲ့ ကုသနေရပါသတဲ့..”(မူရင်းသတ်ပုံအတိုင်း)လို့ ရေးထားပါတယ်။

အဲဒီဓာတ်ပုံကိုပဲ တူညီတဲ့ပြောဆိုမှုတွေနဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တင်ထားပါသေးတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းနေတာပါ။

ပို့စ်မှာပါတဲ့ ဓာတ်ပုံကို Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ အဲဒီဓာတ်ပုံဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါမဖြစ်ပွားမီ သုံးနှစ်အလို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတုန်းကတည်းက တောင်အာဖရိကနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ ဒီသတင်း ဒီသတင်းတွေနဲ့ ဆက်စပ်နေတာတွေ့ရပါတယ်။

အဲဒီသတင်းတွေမှာ လူသေဆုံးမှုနဲ့ ပတ်သက်လို့ ဖော်ပြထားခြင်း မရှိပါဘူး။

တောင်အာဖရိကသတင်းစာ Daily Sun ရဲ့ ဖော်ပြချက်အရ အဲဒီလူဟာ Rufus Phala လို့ အမည်ရတဲ့ ‘ပရောဖက်’လို့ ခေါ်တဲ့ ခရစ်ယာန် ရှေ့ဖြစ်ဟောသူတစ်ဦး ဖြစ်ပြီး ပိုးသတ်စင်ဆေးရည်ဟာ ရောဂါတွေ သက်သာပျောက်ကင်းစေနိုင်တယ်လို့ သူရဲ့ လူပရိသတ်တွေကို ပြောဆိုခဲ့သူ ဖြစ်ပါတယ်။ အဲဒီစကားတွေကို သတင်းမှားတွေမှာ ထပ်ခါတလဲလဲ ဖော်ပြခဲ့ပါတယ်။

Image
Screenshots taken on March 31, 2020 of articles in 2016 about the pastor giving Dettol to his congregation

ကျန်းမာရေးဌာနက Phala ရဲ့ လုပ်ရပ်တွေကို “သဘာဝမကျတဲ့လုပ်ရပ်” အဖြစ် ပြစ်တင်ဝေဖန်ခဲ့ပြီး ဘုရားကျောင်းတာဝန်ရှိသူတွေအနေနဲ့ စစ်ဆေးအရေးယူဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

တောင်အာဖရိကမှာရှိတဲ့ Dettol ကုမ္ပဏီကလည်း သူတို့ရဲ့ထုတ်ကုန်ဟာ ပြင်ပမှာ အသုံးပြုရမှာဖြစ်ပြီး သောက်သုံးခြင်းက အန္တရာယ်ရှိနိုင်တယ်လို့ သတိပေးထုတ်ပြန်ခဲ့ပါတယ်။

“ကျွန်ုပ်တို့အနေနဲ့ ပရောဖက် Rufus Phala ကို ဆက်သွယ်ခဲ့ပြီး အဲဒီလိုလုပ်တာကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့တယ်” လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Phala က သူရဲ့အသင်းတော်အဖွဲ့ဝင်တွေကို တိုက်ခဲ့တဲ့ ဘူးထဲမှာ Dettol ဆေးရည် ပါဝင်ခြင်း ရှိမရှိကို AFP က သီးခြား အတည်မပြုနိုင်ပါဘူး။

ရဲတပ်ဖွဲ့တာဝန်ရှိသူ Brigadier Vishnu Naidoo က Dettol ကြောင့် လူ (၅၉) ဦး သေဆုံးတယ်ဆိုတဲ့ အဆိုတွေဟာ အချက်အလက်အမှားတွေသာ ဖြစ်တယ်လို့ AFP ကို ပြောပါတယ်။ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေလည်း မရှိဘူးလို့ သူက ပြောဆိုခဲ့ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်