ဆားရည်ငုံခြင်း၊ ကြက်သွန်ဖြူစားခြင်းနှင့် ရေနွေးငွေ့ရှူခြင်းများက COVID-19 ရောဂါကို ကာကွယ်ကုသနိုင်ကြောင်း ဆိုထားသည့် သတင်းမှား ပျံ့နှံ့
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 18 စက်တင်ဘာ 2020 အချိန် 00h50
- အပ်ဒိတ်ရက်စွဲ 18 စက်တင်ဘာ 2020 အချိန် 14h10
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP မြန်မာ
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
အဲဒီပို့စ်ကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ ဖော်ပြခဲ့တာ ဖြစ်ပြီး ပို့စ်ကို အကြိမ်ရေ ၂,၇၀၀ ကျော် မျှဝေခဲ့ကြပါတယ်။
အဲဒီပို့စ်မှာ ခေါင်းစဉ်ကတော့ “ဒီလိုလည်းကာကွယ်နိုင်ပါသတဲ့ထပ်မံဖော်ပြပါတယ်ဗျ။- ကာကွယ် ကုသနည်း” ဆိုပြီး ရေးသားထားပါတယ်။ ပို့စ်မှာ တစ်ပိုင်းတစ်စ ရေးသားထားတာကတော့ “Dr Askari ဆိုသူသည် အီရန်နိုင်ငံ တီဟီရန်မြို့ရှိ ဆေးရုံတစ်ရုံတွင် တာဝန်ထမ်းဆောင်နေသည်မှာ နှစ်ပေါင်း ၂၀ခန့်ရှိနေပြီဖြစ်ပါသည်။ ၎င်းမှ Covid-19 Corona Virus ကို ကြိုတင်ကာကွယ် တားဆီးနိုင်ရန်အတွက် အလွန်လွယ်ကူပြီး ဆေးဝါးမလိုအပ်သည့် နည်းလမ်းကို လမ်းညွှန်ပေးထား ပါသည်။” ဆိုပြီး ဖြစ်ပါတယ်။
အလားတူပို့စ်တွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည်မျှဝေခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီအဆိုတွေဟာ မှားပါတယ်။ COVID-19 နဲ့ ပတ်သက်တဲ့ အလားတူ မှားယွင်းတဲ့ အဆိုတွေဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတချို့မှာလည်း ပျံ့နှံ့ခဲ့ပြီး ဖြစ်ပါတယ်။
ဆားရည်ဖြင့် ပလုတ်ကျင်းခြင်း
မှားယင်းနေတဲ့ Facebook ပို့စ်မှာ ဆားရေနွေးနဲ့ ပလုတ်ကျင်းခြင်းက ဗိုင်းရပ်စ်ကို တစ်ရက်အတွင်း နှိမ်နင်းနိုင်တယ်လို့ ဆိုထားပါတယ်။
ပို့စ်မှာ “လည်ချောင်းတွင် စူးရှရှခံစားလာပြီး လည်ချောင်း နာချင်လာပြီဟု ခံစားလာပြီဆိုလျှင် ဆားရေနွေး နွေးလေးကို ငုံပြီး ခေါင်းမော့၍ ပလုပ်ကျင်းပါ။ မိမိခံ နိုင်သည့်အပူချိန်ကို အသုံးပြုပါ။ တစ်နေ့လျှင် တစ်မိနစ်ခန့် သုံးကြိမ်ပြုလုပ်ပါ။ ယခုကဲ့သို့ပြုလုပ်မည်ဆို ပါက ပထမဆုံးနေ့တွင်ပင် virus ကို အနိုင်ယူ နှိမ်နင်းနိုင်မည် ဖြစ်ပါသည်” လို့ ရေးသားထားပါတယ်။
ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။
ပလုတ်ကျင်းတာဟာ လည်ချောင်းနာခြင်းအတွက် ပုံမှန် ကုသနည်းတစ်ခု ဖြစ်ပေမယ့်၊ COVID-19 ရောဂါကို ကာကွယ်၊ ပျောက်ကင်းစေနိုင်တဲ့ဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အပါအဝင် အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ သြစတြေးလျနိုင်ငံ ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ တရားဝင် အကြံပြုချက်တွေမှာ ဆားရည်နဲ့ပလုတ်ကျင်းတာဟာ COVID-19 ရောဂါအတွက် ထိရောက်တဲ့ကုသနည်းအဖြစ် ဖော်ပြထားခြင်း မရှိပါဘူး။
“တချို့သော အနောက်တိုင်း ရိုးရာ အိမ်တွင်းဆေးနည်းများသည် COVID-19 ရောဂါ၏ လက္ခဏာများကို သက်သာစေနိုင်သော်လည်း ထိုရောဂါကို ကာကွယ်နိုင်ကြောင်း သို့မဟုတ် ပျောက်ကင်းအောင် ကုသနိုင်ကြောင်း အထောက်အထား မရှိပေ”လို့ WHO ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။
ဆားရည်နဲ့ပလုတ်ကျင်းခြင်းနဲ့ ပတ်သက်တဲ့ AFP ရဲ့ အချက်အလက်စိစစ်မှုသတင်းတစ်ခုကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။
ကြက်သွန်ဖြူစားခြင်း
နောက်ထပ်မှားယွင်းတဲ့ နည်းလမ်းတစ်ခုက ကြက်သွန်ဖြူကို စားသုံးခြင်းပါ။
နားလည်မှုလွဲစေနိုင်တဲ့ Facebook ပို့စ်မှာ “လည်ချောင်းစူးရှမှု ပိုပြင်းထန်လာခဲ့ပါက ဆားရေကို ငုံခြင်းအပြင် ကြက်သွန်ဖြူ တစ်တက်ကို ခွာပြီး ပါးစပ်အတွင်း ငုံထားပါ။ ဝါးမစားရပါ။ ထို့နောက် ကြက်သွန်ဖြူကို သွားဖြင့် အနည်းငယ် ဖိကိုက်လိုက်ပါ။ ကြက်သွန်ဖြူမှ အရည်နှင့်အတူ စူးရှသည့်အပူ ထွက်လာပါလိမ့်မည်။ ထိုအပူရှိန်ကို အဆုတ်အထိ ရောက်အောင် ရှူသွင်းလိုက်ပါ။ ထို့နောက် ၁၀ စက္ကန့်ခန့် အသက်အောင့်ထားပါ။ ၎င်းတွင်ပါဝင်သည့် ဓာတ်သည် ပိုးမွှားကို သေစေလိမ့်မည်ဖြစ်သည်။ ဤသည် လည်ချောင်းနာခြင်းကို သက်သာစေပြီး ရောဂါ ၏ 80%ကို ကုသပေးသည်” ဆိုပြီး ရေးသားထားပါတယ်။
ဒါဟာလည်း မှားယွင်းနေတဲ့ အဆို ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကြက်သွန်ဖြူဟာ ကိုရိုနာဗိုင်းရပ်စ်ကို မကာကွယ်နိုင်ဘူးလို့ ပြောဆိုထားပါတယ်။
WHO ရဲ့ အဆိုအရ ကြက်သွန်ဖြူသည် “ရောဂါပိုးမွှားတွေကို တိုက်ဖျက်နိုင်စွမ်းတချို့ရှိသည့် ကျန်းမာရေးအစားအစာ ဖြစ်သော်လည်း၊ ကြက်သွန်ဖြူစားခြင်းဖြင့် လက်ရှိဖြစ်ပွားနေသော Coronavirus သစ်မှ ကာကွယ်ပေးနိုင်သည့် အထောက်အထား မတွေ့ရှိရ” လို့ ဖော်ပြထားပါတယ်။
ကြက်သွန်ဖြူက ဗိုင်းရပ်စ်ကို ကာကွယ်မပေးနိုင်ဘူးဆိုတဲ့ AFP ရဲ့ သတင်းအချက်အလက်စိစစ်မှု သတင်းတစ်ခုကိုလည်း ဒီမှာ ဖတ်ရှုနိုင်ပါတယ်။
ရေနွေးငွေ့ရှူခြင်း
Facebook ပို့စ်မှာ ဖော်ပြထားတဲ့ နောက်ထပ် မှားယွင်းတဲ့ အဆိုတစ်ခုကတော့ ရေနွေးငွေ့ကို အဆုပ်ထိ ရောက်အောင် တစ်နေ့သုံးကြိမ် ရှူပေးရင် ရောဂါရဲ့ ၉၀ ရာခိုင်နှုန်း ကုသနိုင်ပြီး ဗိုင်းရပ်စ်ပိုးကိုလည်း နှိမ်နင်းနိုင်တယ် ဆိုတဲ့ အဆိုပါ။
ဒါဟာလည်း မှားယွင်းပါတယ်။ ရေနွေးငွေ့ရှူရှိုက်တာဟာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကုသမပေးနိုင်ပါဘူး။
“လက်ရှိအချိန်မှာ ဗိုင်းရပ်စ်တစ်မျိုးကို သတ်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက antimicrobial cleaning ရောဂါပိုးမွှားသန့်စင်ရေးနည်းလမ်းပဲ ဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့မှ ခန္ဓာကိုယ်ထဲကို အငွေ့တွေ ရှိုက်သွင်းတာမျိုး မလုပ်သင့်ပါဘူး”လို့ Texas A&M တက္ကသိုလ် Primary Care and Population Health ဌာနက Assistant Clinical Professor Dr. Jason McKnight က AFP ကို အီးမေးလ်ကနေ တဆင့် ဖြေကြားထားပါတယ်။
“ယေဘုယျအားဖြင့်တော့ ရေနွေးငွေ့ရှူခြင်းဟာ ချောင်းဆိုးတာ၊ နှာခေါင်းပိတ်တာ၊ ရင်ဘတ်ပိတ်ဆို့တာ စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေကို သက်သာနိုင်ကြောင်း လူတွေ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ အဲဒါဟာ ခဏတာ သက်သာခြင်းသာဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်မှုအတွက် ကုသတဲ့နည်း မဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။
ပြီးတော့ “ရေငွေ့ပူတွေဟာ မျက်စိ၊ မျက်နှာနဲ့ အသက်ရှူလမ်းကြောင်းတွေကို ထိခိုက်လောင်ကျွမ်းနိုင်ပြီး သင့်ကို အမှန်တကယ် အန္တရာယ်ဖြစ်စေနိုင်တဲ့ အလားအလာ ရှိပါတယ်။ ပြင်းထန်လာရင် ရေရှည်ပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်”လို့ McKnight က ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကျွမ်းကျင်သူလည်း ဖြစ်၊ Texas A&M Texas A&M University-Texarkana၊ the Biological Sciences department ရဲ့ အကြီးအကဲလည်း ဖြစ်တဲ့ Dr. Benjamin Neuman ကလည်း ဒါကို ထောက်ခံပါတယ်။
“အဆုတ်ဟာ နူးညံ့ပြီး ရေနွေးငွေ့က ပူလောင်ပါတယ်။ ဒီနှစ်ခုဟာ ဘယ်လိုမှ မအပ်စပ်ပါဘူး။ ရေနွေးငွေ့က အဆုတ်ကို ပျက်စီးစေနိုင်ပါတယ်။ ရေနွေးက ဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်တဲ့ဆိုတဲ့ အကြံဟာ တော်တော်ဆိုးတဲ့ အကြံပဲ ဖြစ်တယ်” လို့ သူက အီးမေးလ်က တဆင့် ပြောပါတယ်။
Riverside မြို့၊ ကယ်လီဖိုးနီးယားတက္ကသိုလ်က ဆဲလ်ဇီဝဗေဒဆိုင်ရာ ပါမောက္ခ ဒေါက်တာ Karine Le Roch ကလည်း “ရေနွေးငွေ့တွေကို ရှူရှိုက်တာဟာ ရောဂါကူးစက်မှူကို ကုသပေးနိုင်တယ်လို့ တကယ် မထင်ပါဘူး” လို့ ပြောပါတယ်။
“ကုသနိုင်တဲ့ဆေး မရှိသေးပါဘူး”လို့ သူက ဆိုပါတယ်။ “သုတေသီတွေက တစ်စုံတစ်ခု အမြန်ဆုံးရှာဖွေနိုင်ဖို့ အကောင်းဆုံးကြိုးစားနေကြပေမယ့် အချိန်ယူရဦးမှာ ဖြစ်ပါတယ်” လို့ သူက အီးမေးလ်ကနေ ဖြေကြားပါတယ်။
ရေနွေးငွေ့ရှူရှိုက်ခြင်းဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) တို့ရဲ့ ဗိုင်းရပ်စ်ကာကွယ်ရေး ဆိုင်ရာ အကြံပြုချက်တွေမှာ ပါဝင်ခြင်း မရှိပါဘူး။
ရေနွေးငွေ့ရှူရှိုက်ခြင်းဟာ COVID-19 ရောဂါကို မကာကွယ်၊ မကုသနိုင်ဘူးဆိုတဲ့ AFP ရဲ့ သတင်းအချက်အလက်စိစစ်မှု သတင်းကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်