( AFP / SERGEI GAPON)

ယူကရိန်းသမ္မတစုံတွဲ သီချင်းဆိုနေတဲ့ ဗီဒီယိုမဟုတ်

မူပိုင် AFP ၂၀၁၇-၂၀၂၃ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

ယူကရိန်းသမ္မတ Volodymyr Zelensky နဲ့ ဇနီးဖြစ်သူ Olena Zelenska တို့ အတူတူ သီချင်းဆိုနေကြတာလို့ ဆိုထားတဲ့ဗီဒီယိုကို လူမှုကွန်ရက်မှာ ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းနေတာဖြစ်ပြီး ဗီဒီယိုထဲမှာပါတာဟာ အမေရိကန်နဲ့ဗြိတိန်က အဆိုတော်တွေဖြစ်ပါတယ်။ သူတို့ဟာ ၁၉၈၁ ခုနှစ်တုန်းက စုံတွဲသီချင်းတစ်ပုဒ်ဖြစ်တဲ့ “Endless Love” ကို ပြန်လည်သီဆိုနေကြတာဖြစ်ပါတယ်။ 

၂၀၂၂ ခုနှစ်၊ မတ်လ ၈ ရက်နေ့က ဒီလင့်မှာတင်ထားပြီး ကြည့်ရှုတဲ့အကြိမ်ရေ ၄၂၀၀၀ ကျော်ရှိတဲ့ဗီဒီယိုထဲမှာတော့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး စတူဒီယိုတစ်ခုထဲမှာ သီချင်းဆိုနေကြတာတွေ့ရပါတယ်။ ဗီဒီယိုအညွှန်းစာက အခုလိုဖြစ်ပါတယ်။ 

““မကုန်ဆုံးနိုင်တဲ့အချစ်” သီချင်းကိုပိုင်နိုင်စွာတီးခတ်သီဆိုထားသော ယူကရိန်း သမတနှင့်သူ၏ဇနီး။ ဒီလို ကိုယ့်နိင်ငံနဲ့လူမျိုးကိုတကယ်ချစ်တဲ အနုပညာရှင်မျိုး ကမ္ဘာကြီးမှာ အများကြီး ရှိနေဘို့လိုတယ်….

ဗီဒီယို ကို ကြည့်ရင်း တကယ်ခံစားရပါတယ် ။   ။” (မူရင်းသတ်ပုံအတိုင်း)

နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က ရယူထားတဲ့ screenshot

အလားတူပြောဆိုမှုတွေနဲ့ တူညီတဲ့ဗီဒီယိုကို Facebook ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားပါသေးတယ်။ 

ဒါပေမဲ့ ဒီဗီဒီယိုထဲမှာ ပါဝင်သူတွေဟာ ယူကရိန်းသမ္မတစုံတွဲမဟုတ်ဘဲ မူရင်းအဆိုတော် Lionel Richie နဲ့ Diana Ross တို့ ဆိုထားတဲ့ Endless Love စုံတွဲသီချင်းကို ပြန်လည်သီဆိုကြတဲ့ အဆိုတော်တွေသာဖြစ်ပါတယ်။ 

ဒီဗီဒီယိုဟာ ယူကရိန်းကို ရုရှားကျူးကျော်မှုမတိုင်ခင် ရက်ပိုင်းအလို၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တုန်းက YouTube ရဲ့ ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး ကာဗာသီချင်းတွေဆိုတဲ့ အမေရိကန်ဂီတအဖွဲ့ Boyce Avenue က Alejandro Manzano နဲ့ ဗြိတိန်အဆိုတော် Connie Talbot တို့ သီဆိုထားတာဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။ 

၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က ရယူထားတဲ့ YouTube ဗီဒီယိုရဲ့ screenshot

အောက်မှာ အဆိုတော် Manzano၊ သမ္မတမဖြစ်ခင်က ဟာသရုပ်သံဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ခဲ့တဲ့ Zelensky၊ အဆိုတော် Talbot နဲ့ သမ္မတကတော်တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot တွေကို ကြည့်နိုင်ပါတယ်။

Facebook မှာ တင်ထားတဲ့ဗီဒီယိုတစ်ခုထဲမှာ အဆိုတော် Alejandro Manzano သီချင်းဆိုနေပုံကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်က ရယူထားတဲ့ screenshot
ဗြိတိန်ပါလီမန်ရဲ့ ပါလီမန်ဆိုင်ရာမှတ်တမ်းယူနစ် (PRU) ကနေ ထုတ်လွှင့်တဲ့ ဗီဒီယိုက ရယူထားတဲ့ screenshot မှာ ၂၀၂၂ ခုနှစ်၊ မတ်လ ၈ ရက်နေ့တုန်းက လန်ဒန်မြို့၊ ဗြိတိန်အောက်လွှတ်တော်ကို ဗီဒီယိုလင့်ခ်ကနေတစ်ဆင့် တိုက်ရိုက်မိန့်ခွန်းပြောနေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelensky ကို မြင်ရတာဖြစ်ပါတယ်။ (PRU / )
Facebook မှာတင်ထားတဲ့ဗီဒီယိုတစ်ခုထဲမှာ အဆိုတော် Connie Talbot သီချင်းဆိုနေတာကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က ရယူထားတဲ့ screenshot
လတ်ဗီးယားနိုင်ငံ၊ ရီဂါမြို့မှာတွေ့ရတဲ့ ယူကရိန်း သမ္မတကတော် Olena Zelenska (AFP/Gints Ivuskans)

ယူကရိန်းမှာ လက်ရှိဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ မတိကျမသေချာတဲ့ ပြောဆိုမှုတွေကို  AFP က အချက်အလက်စိစစ်ထားပြီး ဒီလင့်ခ်မှာ တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ပါတယ်။