မီးပျက်တဲ့အကြောင်းဟာသလုပ်ထားတဲ့ဗီဒီယိုက တချို့အင်တာနက်သုံးစွဲသူတွေကို နားလည်မှုလွဲစေ

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

ဓာတ်တိုင်ပုံစံတိုင်တွေထိပ်မှာ ကနေတဲ့လူတွေပါဝင်တဲ့ဗီဒီယိုကို Facebook ပေါ်မှာ အကြိမ်ရေသန်းနဲ့ချီ ကြည့်ရှုခဲ့ကြပြီး ဒီလိုကနေကြတဲ့အတွက် EPC က မီးဖြတ်နေတာဆိုတဲ့ ပြောဆိုမှုတွေ ရှိနေပါတယ်။ မတ်လ ၆ ရက်နေ့မှာ တပ်မတော်အစိုးရက မီးထပ်မံဖြတ်တောက်မယ်လို့ ကြေညာလိုက်ပြီးနောက်ပိုင်း ဒီဗီဒီယိုကို ဟာသသဘော ပြန်လည်မျှဝေမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ တကယ်တော့ ဒီဗီဒီယိုဟာ ၂၀၁၆ ခုနှစ်မှာ ဖိလစ်ပိုင်လျှပ်စစ်ဓာတ်အားကုမ္ပဏီတစ်ခုကတင်ထားတဲ့ ဗီဒီယိုတစ်ခုထဲကနေ လိုသလောက်အပိုင်းလေးကို ဖြတ်ယူထားတာဖြစ်ပါတယ်။ နားလည်မှုလွဲစေတဲ့ဗီဒီယိုရဲ့ နောက်ခံသီချင်းကလည်း မြန်မာအစိုးရပိုင် လျှပ်စစ်ကုမ္ပဏီကို သရော်ထားတဲ့စာသားတွေ ပါဝင်ပါတယ်။

နားလည်မှုလွဲစေတဲ့ဗီဒီယိုကို ၂၀၂၂ ခုနှစ်၊ မတ်လ ၈ ရက်နေ့က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး ကြည့်ရှုတဲ့အကြိမ်ရေ ၁ ဒသမ ၈ သန်းကျော် ရှိခဲ့ပါတယ်။

ဗီဒီယိုထဲမှာ ဓာတ်တိုင်ပုံစံတိုင်တွေထိပ်မှာ လုံခြုံရေးကိရိယာတွေဝတ်ဆင်ထားတဲ့လူတစ်စု ကနေကြတာ တွေ့ရပါတယ်။

ဗီဒီယိုနဲ့အတူ တွဲတင်ထားတဲ့စာသားတွေက အခုလိုဖြစ်ပါတယ်။ “EPCက အကိုတွေ အမတွေ မီးးဖျက်နေတာ ဒါကြောင့်ကို #crd” (မူရင်းသတ်ပုံအတိုင်း)

EPC ဟာ Electricity Power Corporation ကို ရည်ညွှန်းတာဖြစ်ပြီး မြန်မာလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရဲ့ ယခင်က နာမည်တစ်ခုဖြစ်ပါတယ်။

နောက်ခံသီချင်းမှာတော့ လျှပ်စစ်မီးပြတ်တောက်တာနဲ့ပတ်သက်ပြီး ဟာသဆန်ဆန် သရော်ထားတဲ့ သီချင်းတစ်ပုဒ်လည်း ပါဝင်ပါတယ်။

သီချင်းပါ စာသားအချို့က အခုလိုဖြစ်ပါတယ်။

“နွေရာသီသမယ ကျရောက်လို့လာပြီ။ အမှောင်ကမ္ဘာဆီအလည်တစ်ခေါက် ခဏခဏရောက်ခဲ့သည်။ ပန်ကာတွေ မလည်နိုင်ပြီ၊ အဲကွန်းအလုပ်မလုပ်ပြီ။ ကမ္ဘာမြေကို ကယ်တင်သည် တို့ရဲ့ EPC”

နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့က ရယူထားတဲ့ screenshot ( Si Thu TUN)

မြန်မာတပ်မတော်က လျှပ်စစ်ဓာတ်အားထပ်မံဖြတ်တောက်မယ်လို့ မတ်လ ၆ ရက်နေ့မှာ ကြေညာလိုက်ပြီးနောက်ပိုင်း နားလည်မှုလွဲစေတဲ့ဗီဒီယို ပျံ့နှံ့လာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မီးပြတ်တာဟာ ပုံမှန်လိုဖြစ်နေပြီး ရေနည်းပါးတဲ့ နွေရာသီကာလတွေမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်စွမ်း လျော့ကျလေ့ရှိပါတယ်။

အလားတူဗီဒီယိုကိုပဲ တူညီတဲ့ပြောဆိုမှုတွေနဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တင်ထားပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၄၆၀၀၀ ကျော်ရှိခဲ့ပါတယ်။

ဒီဗီဒီယိုဟာ တချို့ Facebook သုံးစွဲသူတွေကို နားလည်မှုလွဲစေတာ တွေ့ရပါတယ်။ တချို့က ဒီဗီဒီယိုထဲမှာ ကနေသူတွေကို EPC က ဝန်ထမ်းတွေလို့ ထင်နေကြပါတယ်။

မှတ်ချက်တစ်ခုက အခုလိုဖြစ်ပါတယ်။ “EPCရေအသာလုပ်ပါ... Covid နဲ့စီးပွားထိခိုက်လို့ဂေါက်ချင်နေတဲ့လူတေကို.. FBလေးသုံးပြီးစိတ်ဖြေနေကြရတာ... ဖုန်းအားပါသွင်းမရလို့FBပါသုံးမရဘူးဆိုရူးကုန်ကြပါအူးမယ်..” (မူရင်းသတ်ပုံ)

နောက်မှတ်ချက်တစ်ခုကတော့ အခုလိုပါ။ “ငါတို့ကမီးပျက်လို့ နင်တို့ကိုကြိမ်ဆဲနေတာလေ နင်တို့ကအပေါ်မှာလာရွနေတယ်တဲ့လား”

ဒါပေမဲ့ ဒီဗီဒီယိုဟာ ဟာသဆန်ဆန် သရော်ပြီးတင်ထားတာဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ဗီဒီယိုမှာပါဝင်တဲ့သီချင်းကတော့ EPC အကြောင်း ဟာသဆန်ဆန် စပ်ဆိုထားတဲ့သီချင်းဖြစ်ပြီး သီချင်းခေါင်းစဉ်က “တုနှိုင်းမမီ EPC” ဖြစ်ပါတယ်။ ဒီသီချင်းဟာ အနည်းဆုံး ၂၀၁၄ ခုနှစ်လောက်ကတည်းက အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။

'ဖိလစ်ပိုင်က သင်တန်းဆင်းပွဲ'

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ မူရင်းဗီဒီယိုကို YouTube ရဲ့ ဒီလင့်ခ်မှာ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်က တင်ထားတာ တွေ့ရပါတယ်။ ဗီဒီယိုကို တင်ထားတာကတော့ ဖိလစ်ပိုင်နိုင်ငံက လျှပ်စစ်ဓာတ်အားကုမ္ပဏီတစ်ခုဖြစ်တဲ့ Misamis Oriental-1 Rural Electric Service Cooperative, Inc. (MORESCO-1) က တင်ထားတာဖြစ်ပါတယ်။

ဟာသဆန်ဆန်သရော်ထားတဲ့ဗီဒီယိုဟာ MORESCO-1 ရဲ့ ခုနစ်မိနစ်စာဗီဒီယိုထဲကနေ လိုသလောက် အပိုင်းလေးတွေကို ဖြတ်ယူထားတာဖြစ်ပါတယ်။

မူရင်းဗီဒီယိုပါ ရည်ညွှန်းစာက အခုလိုဖြစ်ပါတယ်။ “၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်၊ MORESCO-1 အဖွဲ့၏ လျှပ်စစ်ဝန်ထမ်းများသင်တန်းပြီးဆုံးသည့်အခမ်းအနား။ သင်တန်းပြီးဆုံးသည့် အခမ်းအနားတိုင်းတွင် လျှပ်စစ်ဝန်ထမ်းများအနေဖြင့် တိုင်ထိပ်တွင် ၎င်းတို့၏ စွမ်းရည်များကို ပြသကြသည်မှာ ထုံးစံတစ်ခုဖြစ်သည်။”

“ဒီဗီဒီယိုကို ကျွန်တော်တို့ပိုင်ဆိုင်တာဖြစ်ကြောင်း အတည်ပြုပါတယ်”လို့ MORESCO-1 က အီးမေးလ်ကနေတစ်ဆင့် AFP ကို ဖြေကြားခဲ့ပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ဗီဒီယို (ဘယ်) နဲ့ MORESCO-1 ရဲ့ YouTube ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ဗီဒီယို (ဘယ်) နဲ့ MORESCO-1 ရဲ့ YouTube ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot
MYANMAR MILITARY COUP