တိုက်ပွဲဝင်ဖို့အဆင်သင့်ဖြစ်နေတဲ့ ယူကရိန်းသမ္မတကတော်လို့ ပြောဆိုထားတဲ့ ယူကရိန်းစစ်သမီးဓာတ်ပုံ မှားယွင်းပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ယူကရိန်းနိုင်ငံ သမ္မတရဲ့ ကတော်လို့ ပြောဆိုထားတဲ့ စစ်ယူနီဖောင်းဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးရဲ့ပုံကို Facebook ပေါ်မှာ အကြိမ်ရေရာနဲ့ချီ မျှဝေထားကြပါတယ်။ အဲဒီအဆိုဟာ မှားယွင်းပါတယ်။ တကယ်တမ်း အဲဒီဓာတ်ပုံဟာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှာ ကျင်းပခဲ့တဲ့ စစ်ရေးပြအခမ်းအနားတစ်ခုမှာ ရိုက်ကူးခဲ့တဲ့ ယူကရိန်း အမျိုးသမီးစစ်သည်တစ်ဦးရဲ့ ပုံသာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့အထိတော့ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေမှာ ယူကရိန်းသမ္မတကတော် Olena Zelenska ကိုယ်တိုင်ပါဝင်လာပြီဆိုတဲ့ သတင်းမျိုး မတွေ့ရပါဘူး။

အဲဒီဓာတ်ပုံကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်က Facebook ပေါ်က ဒီလင့်ခ်မှာ တင်ခဲ့တာဖြစ်ပြီး ၁၇၈ ကြိမ် ပြန်လည်မျှဝေခဲ့ကြပါတယ်။

အဲဒီပို့စ်မှာ မြန်မာတပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှရဲ့ ဓာတ်ပုံကို ယှဉ်တွဲဖော်ပြထားတာ တွေ့ရပါတယ်။

ပုံနဲ့အတူ ရေးထားတဲ့စာသားရဲ့ တစ်ပိုင်းတစ်စကတော့ အခုလို ဖြစ်ပါတယ်။

“★ယူကရိန်းသမ္မတ ကတော်...တိုင်းပြည်အတွက် တိုက်ပွဲဝင်ရန် အသင့်★” (မူရင်းသတ်ပုံ)

၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်က ရိုက်ယူထားတဲ့ နားလည်မှုလွဲစေတဲ့ ပို့စ်ရဲ့ screenshot

အနောက်နိုင်ငံတွေကို ကျောထောက်နောက်ခံပြုတဲ့ ယူကရိန်းနိုင်ငံကို ရုရှားတပ်တွေက ကျူးကျော်တိုက်ခိုက်ခဲ့တဲ့အတွက် လူတွေသေကြေတဲ့ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အနည်းဆုံး ရက်သတ္တပတ်နှစ်ပတ် ကြာမြင့်နေပြီဖြစ်တဲ့ ပဋိပက္ခအတွင်း ရာနဲ့ချီတဲ့လူတွေသေဆုံးခဲ့ပြီး လူနှစ်သန်းလောက် အခြားနိုင်ငံတွေဆီ ထွက်ပြေးနေရပါတယ်။

၂၀၂၂ ခုနှစ်၊ မတ်လ ၈ ရက်က ကမ္ဘာ့မီဒီယာတွေဆီကို ပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာတစ်စောင်မှာ သမ္မတကတော် Olena Zelenska က ရုရှားရဲ့ကျူးကျော်မှုဟာ “ယူကရိန်းပြည်သူတွေကို အစုအပြုံလိုက် သတ်ဖြတ်မှု” ဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး ယူကရိန်းဝေဟင်မှာ လေယာဉ်မပျံသန်းရဇုန်သတ်မှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ အဲဒီအကြောင်းကို AFP ရဲ့ ဒီသတင်းမှာ ဖတ်ရှုနိုင်ပါတယ်။

ဒါပေမဲ့ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်အထိ တိုက်ပွဲတွေမှာ ယူကရိန်းသမ္မတနဲ့ သမ္မတကတော်တို့ ကိုယ်တိုင်ပါဝင်တိုက်ခိုက်နေပြီဆိုတဲ့ တရားဝင်သတင်းထုတ်ပြန်ချက်မျိုး မတွေ့ရပါဘူး။

အဆိုပါဓာတ်ပုံကို တူညီတဲ့ပြောဆိုမှုနဲ့အတူ Facebook ပေါ်က ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေမှာလည်း တင်ခဲ့တာ တွေ့ရပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။

ယူကရိန်းအမျိုးသမီးစစ်သည်

Google ပေါ်မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါမှာတော့ အဲဒီဓာတ်ပုံကို ယူကေအခြေစိုက် ဓာတ်ပုံအေဂျင်စီတစ်ခုဖြစ်တဲ့ Alamy ဝဘ်ဆိုဒ်မှာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်က ဒီလင့်ခ်မှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။

ပုံရဲ့ဖော်ပြချက်မှာတော့ “ကိယက်ဗ်၊ ယူကရိန်း – ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်။ ယူကရိန်းလွတ်လပ်ရေးနေ့၊ နှစ် ၃၀ ပြည့် စစ်ရေးပြအခမ်းအနား အကြိုလေ့ကျင့်မှု။ Khreshchatyk လမ်းမှာ စစ်ယူနီဖောင်းဝတ်ပြီး ပြုံးပြနေတဲ့ ယူကရိန်းအမျိုးသမီးစစ်သည် ” လို့ ရေးသားထားပါတယ်။

Khreshchatyk လမ်းဟာ ယူကရိန်းမြို့တော် ကိယက်ဗ်မြို့က အဓိက လမ်းမကြီးဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ Alamy က ဖော်ပြခဲ့တဲ့ ဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်ပြထားတဲ့ Screenshot ကို အောက်မှာ တွေ့နိုင်ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ Alamy က ဖော်ပြခဲ့တဲ့ ဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်ပြထားတဲ့ Screenshot

ဒီဓာတ်ပုံကို ကနေဒါအခြေစိုက် ဓာတ်ပုံအေဂျင်စီ istockphoto ကလည်း တူညီတဲ့စာသားနဲ့ ဒီလင့်ခ်မှာ ဖော်ပြခဲ့ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ AFP က ရိုက်ကူးခဲ့တဲ့ သမ္မတကတော် Zelenska ရဲ့ ဓာတ်ပုံကိုလည်း အောက်မှာ နှိုင်းယှဉ်ပြထားပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ AFP က ရိုက်ကူးခဲ့တဲ့ သမ္မတကတော် Zelenska ရဲ့ ဓာတ်ပုံကို နှိုင်းယှဉ်ပြထားတဲ့ screenshot

ရုရှားရဲ့ ယူကရိန်းကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်မှားတွေ တိုးမြင့် ပျံ့နှံ့နေပါတယ်။ AFP က ဒီအချက်အလက်မှားတွေကို ဒီလင့်ခ်မှာ စိစစ်ဖော်ပြထားပါတယ်။

ယူကရိန်းပဋိပက္ခ