မိုးကြိုးမုန်တိုင်း ဖြစ်ပေါ်တဲ့ ဗီဒီယိုအဟောင်းကို ရုရှားက ယူကရိန်းကို တိုက်ခိုက်တဲ့ဗီဒီယိုဆိုပြီး မှားယွင်းဖော်ပြ

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ဗီဒီယိုလို့ဆိုထားတဲ့ ထိတ်လန့်ဖွယ်ရာ အလင်းရောင်တွေ ပါဝင်တဲ့ ညဘက်မြင်ကွင်း ဗီဒီယိုတစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေ သန်းချီကြည့်ရှုခဲ့ကြပါတယ်။ ၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီလ ၂၄ ရက်မှာ ရုရှားက ယူကရိန်းနိုင်ငံထဲ ကျူးကျော်တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီး နာရီပိုင်းအကြာမှာ ဒီဗီဒီယိုပျံ့နှံ့လာခဲ့တာပါ။ ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။ တကယ်တမ်း အဲဒီဗီဒီယိုဟာ ၂၀၂၂ ခုနှစ် ရုရှား-ယူကရိန်းပဋိပက္ခတွေ မဖြစ်ပွားမီ ခုနှစ်လလောက်အလိုကတည်းက အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဗီဒီယိုကို ရိုက်ကူးခဲ့သူက အဲဒါဟာ ရုရှားနိုင်ငံ Volzhsk မြို့က မိုးကြိုးမုန်တိုင်းဖြစ်စဉ်တစ်ခုကို ရိုက်ကူးခဲ့တာလို့ AFP ကို ပြောပါတယ်။

၁၂ စက္ကန့်ကြာမြင့်တဲ့ ဗီဒီယိုကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ခဲ့တာဖြစ်ပြီး အကြိမ်ရေ ၁.၉ သန်း ကြည့်ရှုခဲ့ကြပါတယ်။

ဗီဒီယိုနဲ့ အတူ ရေးထားတဲ့ “ရုရှားက ယူကရိန်းကို စပြီးတော့ စစ်တိုက်မှုတွေ လုပ်နေပြီမို့ ကမ္ဘာ့ရွှေဈေးက တနှစ်ကျော်အတွင်းအမြင့်ဆုံးဈေး$1949 အထိ ထိုးတက်ခဲ့သလို Brent ရေနံက $98.30, WTI ရေနံက $96.20အထိ ထိုးတက်သွားခဲ့ပါသည်။ တိုက်ပွဲ စပြီမို့ ဈေးကွက်ထဲ၌ Trading လုပ်တာတွေကို အထူးသတိထားကြဖို့ရန် စေတနာ ရှေ့ထားတိုက်တွန်းလိုက်ရပါသည်။ ကမ္ဘာ့ဈေးကွက် တခုလုံးက အတက်အကျ ဗြောင်းဆန်နိုင်တဲ့ အနေအထား၌ ရှိနိုင်ပါသည်။”(မူရင်းသတ်ပုံအတိုင်း) ဆိုပြီး ရေးသားထားပါတယ်။

၂၀၂၂ ခုနှစ်၊ မတ်လ ၁၁ ရက်က ရိုက်ယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ screenshot

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားတပ်တွေဟာ ယူကရိန်းနိုင်ငံထဲ ကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီကျူးကျော်ဝင်ရောက်မှုအတွင်း ယူကရိန်းနိုင်ငံရဲ့ မြို့တော် ကိယက်ဗ်မြို့နဲ့ အခြားမြို့တော်တော်များများမှာ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီအကြောင်းကို AFP ရဲ့ ဒီသတင်း နဲ့ ဒီသတင်းတွေမှာ ဖတ်ရှုနိုင်ပါတယ်။

ဗီဒီယိုအောက်မှာ ရေးသားခဲ့ကြတဲ့ မှတ်ချက် (Comment) တွေအရ အဲဒီဗီဒီယိုဟာ ကြည့်ရှုသူအချို့ကို နားလည်မှုလွဲစေတာ တွေ့ရပါတယ်။

“ဖိုက်တင်း ပါယူကရိန်းစစ်ပွဲတွေအမြန်ရပ်တန့်ပါစေ” ဆိုပြီး Facebook အသုံးပြုသူတစ်ဦးက မှတ်ချက်ရေးသားခဲ့ပါတယ်။

“အမြန်ငြိမ်းချမ်းပါစေ” “ပူတင် ကျရှုံးပါစေ” အစရှိတဲ့ မှတ်ချက်တွေကိုလည်း တွေ့ရပါတယ်။

ဗီဒီယိုကို တူညီတဲ့ပြောဆိုမှုတွေနဲ့ အတူ Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ မျှဝေခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီဗီဒီယိုဟာ ယူကရိန်းနိုင်ငံထဲ ရုရှားတပ်တွေ ကျူးကျော်ဝင်ရောက်မှု မဖြစ်ပွားမီ အနည်းဆုံး ၇ လ အလိုကတည်းက အွန်လိုင်းပေါ် ပျံ့နှံ့နေတာ ဖြစ်ပါတယ်။

ဗီဒီယိုပါ မြင်ကွင်းတွေကို အသုံးပြုပြီး ရာဇဝင်ရှာကြည့်တဲ့အခါ ဘယ်ညာပြောင်းပြန်လှည့်ထားတဲ့ဗီဒီယိုကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်က TikTok အသုံးပြုသူတစ်ဦးက ဒီလင့်ခ်မှာ တင်ခဲ့တာ တွေ့ရပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ဗီဒီယိုထဲက ပုံရိပ် (ဘယ်) ကို TikTok ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ပြထားတာကို တွေ့နိုင်ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ဗီဒီယိုထဲက ပုံရိပ် (ဘယ်) ကို TikTok ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

TikTok အသုံးပြုသူ @MiEvgen823 က အဲဒီဗီဒီယိုကို ရုရှားနိုင်ငံ၊ Volzhsk မြို့မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်က ရိုက်ကူးခဲ့တာ ဖြစ်တယ်လို့ AFP ကို ပြောပါတယ်။

“ဒီဗီဒီယိုကို ဇွန်လ နွေရာသီက ရိုက်ကူးခဲ့တာပါ။ အဲဒီမှာ ပြင်းထန်တဲ့ မိုးကြိုးမုန်တိုင်းတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ လျှပ်စစ်ထရန်စဖော်မာတစ်လုံးကို မိုးကြိုးထိပြီး အလင်းတွေ ဖြာထွက်လာတာကို တွေ့ရပါတယ်” လို့ သူက ပြောပါတယ်။

TikTok ဗီဒီယိုထဲက အဆောက်အအုံတွေဟာ Google street map ပေါ်က Volzhsk မြို့ရဲ့ ဒီနေရာနဲ့ ကိုက်ညီပါတယ်။

မိုးလေဝသ ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Gismeteo မှာ စစ်ဆေးကြည့်တဲ့အခါမှာလည်း ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်က Volzhsk မြို့မှာ မိုးကြိုးမုန်တိုင်းဖြစ်ပေါ်ခဲ့တယ်ဆိုတာ တွေ့ရပါတယ်။

ရုရှားရဲ့ ယူကရိန်းကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်မှားတွေ တိုးမြင့် ပျံ့နှံ့နေပါတယ်။ AFP က ဒီအချက်အလက်မှားတွေကို ဒီလင့်ခ်မှာ စိစစ်ဖော်ပြထားပါတယ်။

8 March 2022 Updated spelling of "neighbourhood"
Ukraine conflict