
‘မြန်မာကို ထောက်ခံအားပေးတဲ့ယူကရိန်းဆန္ဒပြသူတွေ’ လို့ဆိုထားတဲ့ ပြုပြင်ထားတဲ့ဓာတ်ပုံတွေ ပျံ့နှံ့
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 09 မတ် 2022 အချိန် 10h52
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP Thailand
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
ဓာတ်ပုံတွေနဲ့အတူ တွဲတင်ထားတဲ့စာသားတချို့က အခုလိုဖြစ်ပါတယ်။ “မြန်မာနိုင်ငံ အတွက် ပြန်လည်စိုးရိမ်ပေးတဲ့ ယူကရိန်းနိုင်ငံကို ကျေးဇူးအများကြီးတင်ပါတယ်” (မူရင်းသတ်ပုံအတိုင်း)
ဓာတ်ပုံအညွှန်းစာကို မြန်မာ၊ အင်္ဂလိပ်၊ ယူကရိန်း သုံးဘာသာနဲ့ ရေးထားတာဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဒီလင့်ခ်မှာ တင်ထားတာပါ။ အဲဒီပို့စ်ကို ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၂၇၀ ကျော် ရှိခဲ့ပါတယ်။

ပို့စ်မှာ ဓာတ်ပုံသုံးပုံပါဝင်ပြီး ဓာတ်ပုံတွေထဲက ဆန္ဒပြသူတွေကိုင်ဆောင်ထားတဲ့ စာတန်းတွေမှာတော့ မြန်မာနိုင်ငံကို ထောက်ခံအားပေးကြောင်း စာသားတွေ ပါဝင်ပါတယ်။
ပထမဓာတ်ပုံပါ စာတန်းက အခုလိုဖြစ်ပါတယ်။ “ယူကရိန်းကို ထောက်ခံအားပေးခဲ့တဲ့ မြန်မာအတွက် ထပ်မံဆုတောင်းပေးပါတယ်”
ဒုတိယပုံထဲက အမျိုးသားကတော့ ယူကရိန်းအလံနဲ့မြန်မာအလံကို ပေါင်းစပ်ဖန်တီးထားတဲ့အလံပုံတစ်ခုကို ကိုင်ဆောင်ထားပါတယ်။
နောက်ဆုံးပုံထဲက စာသားမှာတော့ အခုလိုရေးထားပါတယ်။ “ယူကရိန်းကို ကယ်တင်ပါ၊ မြန်မာကို ကယ်တင်ပါ”
ယူကရိန်းကို ရုရှားကျူးကျော်တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နောက်ပိုင်း အခုလိုဓာတ်ပုံတွေ ပျံ့နှံ့လာတာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်မှာ ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက်ပိုင်း ယူကရိန်းနိုင်ငံကို ထောက်ခံအားပေးကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မြန်မာလူမျိုးတွေရှိတဲ့အကြောင်း ဧရာ၀တီသတင်းဌာနနဲ့ RFA သတင်းဌာနတွေမှာ ရေးသားဖော်ပြထားပါတယ်။
ဆန့်ကျင်ဘက်အနေနဲ့ကတော့ မြန်မာတပ်မတော် ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်ချုပ်ဇော်မင်းထွန်းက 'ရုရှားအနေနဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို လုပ်ဆောင်ခဲ့တဲ့၊ လုပ်ဆောင်သင့်တဲ့ အချက်လို့' ပြောဆိုခဲ့ပါတယ်။ ရုရှားဟာ မြန်မာတပ်မတော်ရဲ့ အဓိကမဟာမိတ်နဲ့ အဓိကလက်နက်ထောက်ပံ့ပေးနေတဲ့နိုင်ငံဖြစ်ပါတယ်။ ဒီအကြောင်းကို AFP ရဲ့ ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။
တူညီတဲ့ဓာတ်ပုံတွေနဲ့ အလားတူပြောဆိုမှုတွေပါဝင်တဲ့ Facebook ပို့စ်တွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည်မျှဝေခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံတွေဟာ ပြန်လည်ပြုပြင်ထားတာဖြစ်ပါတယ်။
ကိယက်ဗ်မြို့လူထုဆန္ဒပြပွဲ
Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ထဲက ပထမဓာတ်ပုံကို အမေရိကန်နိုင်ငံတကာသတင်းဌာနဖြစ်တဲ့ UPI ရဲ့ ဝဘ်ဆိုက် ဒီလင့်ခ်မှာ တင်ထားတာ တွေ့ရပါတယ်။
UPI သတင်းဌာနမှာ တင်ထားတဲ့ ပုံအညွှန်းစာအရ ဒီဓာတ်ပုံကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကိယက်ဗ်မြို့ လူထုစည်းဝေးပွဲတစ်ခုမှာ Oleksandr Khomenko ဆိုတဲ့ဓာတ်ပုံဆရာက ရိုက်ကူးခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ဒီလူထုစည်းဝေးပွဲဟာ ရုရှားကျူးကျော်မှုရှိလာနိုင်ကြောင်း အမေရိကန်သတိပေးပြောဆိုမှုတွေထွက်ပေါ်လာပြီးနောက် အင်အားပြဆန္ဒထုတ်ဖော်ကြတာဖြစ်တယ်လို့ ဓာတ်ပုံရည်ညွှန်းစာမှာ ပါရှိပါတယ်။
အောက်မှာ နားလည်မှုလွဲစေတဲ့ Facebook ဓာတ်ပုံ (ဘယ်) နဲ့ UPI သတင်းဝဘ်ဆိုက်ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

ဒုတိယဓာတ်ပုံကို TinEye မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ မူရင်းဓာတ်ပုံကို Reuters သတင်းဌာနရဲ့ ဒီလင့်ခ်မှာ တင်ထားတာ တွေ့ရပါတယ်။
Reuters ရဲ့အဆိုအရ ဓာတ်ပုံဆရာ Valentyn Ogirenko က ရိုက်ကူးထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံအညွှန်းစာက အခုလိုဖြစ်ပါတယ်။ “ရုရှားနှင့် တင်းမာမှုမြင့်တက်နေချိန်တွင် ယူကရိန်းနိုင်ငံသားများ၏ မျိုးချစ်စိတ်ကို ပြသသည့်အနေဖြင့် အင်အားပြချီတက်ပွဲတွင် ပြည်သူများ ပါဝင်နေကြစဉ်။ ကိယက်ဗ်မြို့၊ ယူကရိန်း၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂"
အောက်မှာ နားလည်မှုလွဲစေတဲ့ Facebook ဓာတ်ပုံ (ဘယ်) နဲ့ Reuters ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

ကပ်ရောဂါဘေးဆန္ဒပြပွဲ
Google မှာ ဓာတ်ပုံရာဇဝင် ထပ်မံရှာဖွေကြည့်တဲ့အခါ နားလည်မှုလွဲစေတဲ့ Facebook ပို့စ်က တတိယမြောက်ဓာတ်ပုံကို AP သတင်းဌာနရဲ့ ဒီလင့်ခ်မှာ တင်ထားတာ တွေ့ရပါတယ်။
ဓာတ်ပုံရည်ညွှန်းစာအရ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့က ကိယက်ဗ်မြို့မှာ COVID-19 ကန့်သတ်ချက်တွေနဲ့ ကာကွယ်ဆေးမထိုးမနေရ စည်းကမ်းချက်တွေကို ကန့်ကွက်တဲ့ဆန္ဒပြပွဲအတွင်း ဒီဓာတ်ပုံကို ရိုက်ကူးထားတာဖြစ်တယ်လို့ သိရပါတယ်။
အောက်မှာ နားလည်မှုလွဲစေတဲ့ Facebook ဓာတ်ပုံ (ဘယ်) နဲ့ AP ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

ရုရှားရဲ့ ယူကရိန်းကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်မှားတွေ တိုးမြင့် ပျံ့နှံ့နေပါတယ်။ AFP က ဒီအချက်အလက်မှားတွေကို ဒီလင့်ခ်မှာ စိစစ်ဖော်ပြထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်