၂၀၂၀ ခုနှစ်က လက်ဘနွန်မှာဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုက ဗီဒီယိုသာဖြစ်ပြီး ယူကရိန်းနဲ့မသက်ဆိုင်

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 08 မတ် 2022 အချိန် 04h01
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
ရုရှားက ယူကရိန်းကိုစစ်ရေးထိုးစစ်ဆင်မှုစတင်ခဲ့တဲ့နောက် “ယူကရိန်းနိုင်ငံရဲ့ အခြေအနေ” ဆိုတဲ့ အဆိုနဲ့ အဆောက်အအုံအပျက်အဆီးတွေကိုပြတဲ့ ဗီဒီယိုတစ်ခုကို အကြိမ်ရေသိန်းနဲ့ချီကြည့်ရှုမှုရှိနေပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုကို အချက်အလက်မှားယွင်းဖော်ပြထားတာဖြစ်ပါတယ်။ တကယ်တော့ ဒီဗီဒီယိုဟာ ၂၀၂၀ ခုနှစ်၊ သြဂုတ်လထဲမှာ လက်ဘနွန်မြို့တော် ဘေရွတ်မှာ လူနေရပ်ကွက်တစ်ခုလုံးကို ပျက်စီးစေခဲ့တဲ့ပေါက်ကွဲမှုနဲ့ ပူးတွဲဖော်ပြထားတာကို တွေ့ရပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဒီဗီဒီယိုကို Facebook ဒီလင့်ခ်မှာ မျှဝေထားပါတယ်။

ဒီဗီဒီယိုထဲမှာ မီးလောင်နေတဲ့အဆောက်အအုံ၊ အပျက်အစီးအပိုင်းအစတွေပြည့်နေတဲ့လမ်းမတွေအပြင် ပျက်စီးနေတဲ့အဆောက်အအုံတစ်ခုရဲ့အတွင်းပိုင်းတွေကို တွေ့ရပါတယ်။

ကြည့်ရှုမှုအကြိမ်ရေ ၁၈၀၀၀၀ ကျော်ရှိတဲ့ဒီပိုစ့်ရဲ့အဆိုကို အောက်မှာတွေ့နိုင်ပါတယ်။

“ယူကရိန်း အခြေအနေက ပျာကျနေပြီ - အပျက်အစီးတွေထဲမှာ သေဆုံးနေသူတွေ တပုံကြီး။” (မူရင်းသတ်ပုံအတိုင်း)

Image
၂၀၂၂ ခုနှစ်၊ မတ်လ ၄ ရက်နေ့က ရယူထားတဲ့နားလည်မှုလွဲစေတဲ့ Screenshot

ရုရှားက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်မှုတွေစတင်ခဲ့ပြီးနောက် လက်နက်ကြီးကျရောက်မှုတွေ တိုက်ခိုက်မှုတွေကြားက လွတ်ရာကိုထွက်ပြေးတိမ်းရှောင်ရတဲ့ ဒုက္ခသည်အရေအတွက်ဟာနေ့စဥ်တိုးမြင့်နေပါတယ်။

ရာနဲ့ချီတဲ့ပြည်သူတွေသေဆုံးခဲ့ပြီး ထောင်နဲ့ချီဒဏ်ရာရရှိမှုတွေရှိနေပါတယ်။

AFP က ဒီအကြောင်းကို ဒီလင့်ခ်မှာ ဖော်ပြထားပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို Facebook ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ပြန်လည်မျှဝေထားပါတယ်။

တကယ်တော့ ဒီဗီဒီယိုကို ၂၀၂၀ ခုနှစ်က လက်ဘနွန်မှာရိုက်ကူးခဲ့တာဖြစ်ပြီး ပိုစ့်မှာပြောသလို၂၀၂၂ ခုနှစ် ယူကရိန်းနိုင်ငံက မဟုတ်ပါဘူး။

Google မှာဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါမှာ ဒီဗီဒီယိုကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့က ဗြိတိန်အခြေစိုက် ကျန်းမာရေးပရဟိတအဖွဲအစည်းတစ်ခုဖြစ်တဲ့ Medical Aid for Palestinians (MAP) က YouTube မှာ ဖော်ပြခဲ့ပါတယ်။

“မနေ့မွန်းလွဲပိုင်းက လက်ဘနွန်မြို့တော်တစ်ခုလုံးကို ရိုက်ခတ်သွားတဲ့ Karantina ဆိပ်ကမ်းပေါက်ကွဲမှုနောက်ပိုင်း ယနေ့တွေ့ရတဲ့ ဘေရွတ်မြို့ရဲ့ပျက်စီးမှုမြင်ကွင်း” ဆိုပြီး ဒီဗီဒီယိုမှာဖော်ပြထားပါတယ်။

၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့က ဘေရွတ်ဆိပ်ကမ်းမှာ ပြင်းထန်တဲ့ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခဲ့ပြီး အနီးအနားကလူနေရပ်ကွက်တစ်ခုလုံး ပျက်စီးပြာကျခဲ့ပါတယ်။

ဒီပေါက်ကွဲမှုကြောင့် လူ၂၀၀ ကျော်သေဆုံးခဲ့ပြီး ၆၅၀၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ AFP က ဒီလင့်ခ်မှာ ဖော်ပြခဲ့ပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ ဗီဒီယိုကပုံရိပ် (ဘယ်) နဲ့ YouTube ပေါ်ကဗီဒီယိုပုံရိပ် (ညာ) ကိုနှိုင်းယှဥ်ပြထားတာ တွေ့ရပါတယ်။

Image
နားလည်မှုလွဲစေတဲ့ ဗီဒီယိုကပုံရိပ် (ဘယ်) နဲ့ YouTube ပေါ်ကဗီဒီယိုပုံရိပ် (ညာ)

ဒီဗီဒီယိုထဲကပုံရိပ်တွေက ပေါက်ကွဲမှုဖြစ်ပွားပြီး ဘေရွတ်ကမ်းနားမှာရိုက်ကူးထားတဲ့ AFP ရဲ့ ဒီဓာတ်ပုံထဲက ပုံရိပ်တွေနဲ့ ကိုက်ညီမှုတွေရှိနေပါတယ်။

“သြဂုတ်လအစောပိုင်းထဲမှာ မြို့တော်အတွင်းလူနေရပ်ကွက်တွေကို ပျက်စီးစေခဲ့တဲ့ ကြီးမားတဲ့ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ဘေရွတ်ဆိပ်ကမ်းက ပျက်စီးယိုယွင်းနေတဲ့ စပါးသိုလှောင်ရုံကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့က ရိုက်ယူထားတဲ့ ဓာတ်ပုံထဲမှာတွေ့ရပါတယ်။” ဆိုပြီးဓာတ်ပုံစာသားမှာ ဖော်ပြထားပါတယ်။

ဗီဒီယိုထဲက ပုံရိပ် (ဘယ်) ကို AFP ရဲ့ဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ပြထားတာကို တွေ့နိုင်ပါတယ်။

Image
ဗီဒီယိုထဲက ပုံရိပ် (ဘယ်) နဲ့ AFP ရဲ့ဓာတ်ပုံ (ညာ)

ဒါ့အပြင် ဒီဗီဒီယိုထဲက ပုံရိပ်တွေက Google Maps မှာတွေ့ရတဲ့ ဒီဓာတ်ပုံနဲ့ကိုက်ညီမှုတွေရှိနေတာ တွေ့ရပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ ဗီဒီယိုကပုံ (ဘယ်) ကို Google Maps က ဓာတ်ပုံ (ညာ)နဲ့ နှိုင်းယှဥ်ထားတာတွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ ဗီဒီယိုကပုံ (ဘယ်)နဲ့ Google Maps က ဓာတ်ပုံ (ညာ)

ရုရှားရဲ့ ယူကရိန်းကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်မှားတွေ တိုးမြင့် ပျံ့နှံ့နေပါတယ်။ AFP က ဒီအချက်အလက်မှားတွေကို ဒီလင့်ခ်မှာ စိစစ်ဖော်ပြထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ