ရုရှားလေယာဥ်တစ်စင်းကို ယူကရိန်းတပ်ဖွဲ့တွေကပစ်ချနိုင်ခဲ့တယ်ဆိုပြီး ဓာတ်ပုံဟောင်းတွေမှားယွင်းပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 21 မတ် 2022 အချိန် 09h02
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP Thailand
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ အိမ်နီးချင်းယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်မှုတွေစတင်ခဲ့ပြီးနောက်ပိုင်း ကိယက်ဗ်မြို့တော်အနီး ယူကရိန်းတပ်ဖွဲ့တွေပစ်ချလိုက်တဲ့ ရုရှားလေယာဥ်ဆိုပြီး ဓာတ်ပုံအချို့ကို Facebook ပို့စ်တွေမှာ အကြိမ်ရေရာနဲ့ချီပြန်လည်မျှဝေနေကြပါတယ်။ ရန်သူ့လေယာဥ်တစ်စင်းကို ယူကရိန်းတပ်တွေကပစ်ချခဲ့တယ်လို့ ယူကရိန်းစစ်တပ်ကဆိုထားပေမဲ့ ဒီဓာတ်ပုံတွေဟာ အနောက်နိုင်ငံတွေကို ကျောထောက်နောက်ခံပြုနေတဲ့ အိမ်နီးချင်းယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တိုက်ခိုက်မှု မဖြစ်ပွားခင်ကတည်း အွန်လိုင်းပေါ်မှာပျံ့နှံ့နေတာ တွေ့ရပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ဒီဓာတ်ပုံတွေကို Facebook ဒီလင့်ခ်မှာ မျှဝေထားပြီး ပြန်လည်မျှဝေမှုအကြိမ်ရေ ၁၂၀ ကျော်ရှိနေပါတယ်။

ဒီပို့စ်နဲ့အတူစာသားကို အောက်မှာတွေ့နိုင်ပါတယ်။

“ပူတင်ရဲ့ ဂျက်အင်ဂျင် လေးလုံးတပ် IL-76 ဧရာမ သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးဟာ ယူကရိန်းကိုကျူးကျော်တိုက်ခိုက်မည့် သံချပ်ကားများ၊ စစ်လက်နက်ပစ္စည်းများ၊ စစ်သည်တော်များတင်ဆောင်လို့ ကီးရက်မြို့တော်အနီးရောက်လာချိန်မှာ ယူကရိန်းတပ်များရဲ့ ပစ်ချခြင်းကို ခံလိုက်ရပါတော့တယ်။
မတရား အနိုင်ကျင့်နေတဲ့ ပူတင်..ခံပေရော့ပဲ..။
နိုင်ငံကို ကြံ့ကြံ့ခံတွန်းလှန်နေသော ယူကရိန်းပြည်သူများ အောင်ပွဲခံနိုင်ကြပါစေ။” (မူရင်းသတ်ပုံအတိုင်း)

Image
၂၀၂၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က ရယူထားတဲ့နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

Vasilkiv ဒေသထဲမှာ Il-76 လေယာဥ်တစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ Facebook ဒီလင့်ခ်မှာ ပြောဆိုခဲ့ပြီးနောက်ပိုင်း ဒီပို့စ်ကို အွန်လိုင်းပေါ်မှာ အခုလိုပဲပျံ့နှံ့လာတာတွေ့ရပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရုရှားသမ္မတ Vladimir Putin က ယူကရိန်းနိုင်ငံကို စစ်ရေးစတင်လိုက်ကြောင်းကြေညာခဲ့ပါတယ်။

ယခင်ဆိုဗီယက်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ယူကရိန်းရဲ့ အနောက်ဝါဒကြီးစိုးမှုကိုခြေမှုန်းပစ်ဖို့ သမ္မတပူတင်က ကြုံးဝါးထားပြီး ဒီယူကရိန်းပဋိပက္ခ ကြောင့် ဥရောပတိုက်မှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး ဒုက္ခသည်အကြပ်အတည်းတစ်ခုဖြစ်ပေါ်စေခဲ့ပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံတွေကို Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ပြန်လည်မျှဝေထားပါတယ်။

ဒါပေမဲ့ ဒီဓာတ်ပုံတွေဟာ ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်မှု မဖြစ်ပွားခင်ကတည်းက ရယူထားတဲ့ပုံတွေဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ယီမင်လေကြောင်းတိုက်ခိုက်မှု

ဒီပို့စ်က ဓာတ်ပုံနှစ်ပုံဟာ ၂၀၁၅ ခုနှစ်၊ မေလ ၅ရက်နေ့က Associated Press သတင်းဌာနက ဖော်ပြထားတဲ့ ဒီဗီဒီယိုရဲ့ ၄၅ စက္ကန့်က ပုံရိပ်တွေနဲ့ တူညီမှုရှိနေပါတယ်။

“ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ယီမင်နိုင်ငံ Sanaa မြို့လေဆိပ်ရှိ လေယာဥ်များပျက်ဆီးခဲ့ပြီး နိုင်ငံအတွင်းအစွန်အဖျားဒေသတွေကို အစားအသောက်နဲ့ အထောက်အကူများ ပို့ဆောင်ပေးတဲ့ သယ်ဆောင်ရေးလေယာဥ်တစ်စင်းလည်း ပါဝင်ခဲ့ပါတယ်။ (မေလ ၄ ရက်နေ့)” ဆိုပြီး ဒီဗီဒီယိုဖော်ပြချက်မှာ ဆိုထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) နဲ့ YouTube ဗီဒီယိုကရိုက်ယူထားတဲ့ Screenshot (ညာ) ကို နှိုင်းယှဥ်ပြထားတာ တွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပိုစ့်ကဓာတ်ပုံ (ဘယ်) နဲ့ YouTube ဗီဒီယိုကရိုက်ယူတားတဲ့ Screenshot (ညာ)

တူညီတဲ့ဓာတ်ပုံတစ်ပုံကို SBS သတင်းက ၂၀၁၅ ခုနှစ်၊ မေလ ၅ ရက်နေ့မှာ ယီမင်နိုင်ငံက လေကြောင်းတိုက်ခိုက်ရေးအကြောင်းရေးသားထားတဲ့ ဒီဆောင်းပါးနဲ့အတူ ဖော်ပြထားပါတယ်။

၂၀၁၆ ခုနှစ် လေယာဥ်ဆင်းသက်ဗီဒီယို

နောက်ထပ်ဓာတ်ပုံတစ်ပုံကိုတော့ ၂၀၁၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့မှာ မျှဝေထားတဲ့ ဒီ YouTube ဗီဒီယိုကြာချိန် ၁၃ စက္ကန့်ထဲကပုံရိပ်တွေနဲ့ကိုက်ညီမှုရှိနေတာတွေ့ရပါတယ်။

“ပြီးခဲ့တဲ့တနင်္လာနေ့က Eindhoven လေဆိပ်မှာ ဒီ Ilyushin IL-76 လေယာဥ်က အံ့မခန်းဆင်းသက်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ကနဦးမှာတော့ပုံမှန် ဆင်းသက်မှုတစ်ခုလို့ထင်ရပေမဲ့ လေယာဥ်ဆိုက်ရောက်ပြီး ခေါင်းပြန်ထောင်ခဲ့တဲ့အတွက် ကျွန်တော့်စိတ်ထဲမှာ လေယာဥ်ပြန်လှည့်နေတာလို့တောင် ထင်ခဲ့ပါတယ်။” လို့ ဗီဒီယိုမှာ ဖော်ပြထားပါတယ်။

ဒီဗီဒီယိုကို Cargospotter လို့ခေါ်တဲ့ လေယာဥ်ထွက်ခွာပုံနဲ့ လေယာဥ်ဆင်းသက်တဲ့ ဗီဒီယိုတွေကိုရိုက်ယူတင်ပြလေ့ရှိတဲ့ YouTube စာမျက်နှာတစ်ခုမှာ ဖော်ပြထားတာဖြစ်ပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) နဲ့ YouTube ဗီဒီယိုကြာချိန် ၁၃ စက္ကန့်ခန့်မှာ ရိုက်ယူထားတဲ့ Screenshot (ညာ) ကို နှိုင်းယှဥ်ပြထားတာ တွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပိုစ့်ကဓာတ်ပုံ (ဘယ်) နဲ့ YouTube ဗီဒီယိုကြာချိန် ၁၃ စက္ကန့်ခန့်မှာ ရိုက်ယူတားတဲ့ Screenshot (ညာ)

၂၀၂၀ ရုရှားစစ်တပ် ဗီဒီယို

နောက်ဆုံးဓာတ်ပုံကိုတော့ ၂၀၂၀ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ YouTube စာမျက်နှာပေါ်မှာ ဖော်ပြထားတဲ့ ဒီဗီဒီယိုကြာချိန်တစ်စက္ကန့်ကပုံရိပ်တွေနဲ့ ကိုက်ညီနေပါတယ်။

ဒီဗီဒီယိုနဲ့အတူဖော်ပြချက်အရ မော်စကိုအနောက်တောင်ပိုင်း Tver မြို့က Migalovo လေတပ်စခန်းမှာ စစ်ရေးလေ့ကျင့်နေတဲ့ ဗီဒီယိုဆိုတာသိရပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) ကို ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဗီဒီယိုက ရယူထားတဲ့ဓာတ်ပုံ (ညာ) နဲ့နှိုင်းယှဥ်ပြထားတာတွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပိုစ့်ကဓာတ်ပုံ (ဘယ်) နဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဗီဒီယိုက ရယူထားတဲ့ဓာတ်ပုံ (ညာ)

ရုရှားရဲ့ ယူကရိန်းကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်မှားတွေ တိုးမြင့် ပျံ့နှံ့နေပါတယ်။ AFP က ဒီအချက်အလက်မှားတွေကို ဒီလင့်ခ်မှာ စိစစ်ဖော်ပြထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ