ဖျားနေတဲ့ကလေးရဲ့ကိုယ်ပေါ် ကြက်ဥပြုတ်လှိမ့်ပေးရင် အဖျားပျောက်တယ်ဆိုတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်တွေ ပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 17 အောက်တိုဘာ 2022 အချိန် 11h48
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း
ကြက်ဥပြုတ်ကို ဖျားနာနေတဲ့ကလေးရဲ့ခန္ဓာကိုယ်ပေါ် လှိမ့်ပေးပြီး အဖျားရောဂါကို ကုသနိုင်တယ်လို့ ပြောဆိုထားတဲ့ ပို့စ်တွေကို Facebook ပေါ်မှာ အကြိမ်ရေထောင်နဲ့ချီမျှဝေနေကြပါတယ်။ ဒီကုသနည်းဟာ တရုတ်ရိုးရာဆေးပညာကနေဆင်းသက်လာတာ ဖြစ်တယ်လို့လည်း အဲဒီပို့စ်တွေမှာ ဆိုထားပါတယ်။ ဒါပေမဲ့ အဲဒီအဆိုတွေဟာ မှားယွင်းပါတယ်။ ကျန်းမာရေးကျွမ်းကျင်သူတွေကတော့ ကြက်ဥပြုတ်က အဖျားရောဂါကို ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိသလို တရုတ်ရိုးရာဆေးပညာနဲ့လည်း ဆက်စပ်မှုမရှိဘူးလို့လည်း AFP ကို ပြောဆိုကြပါတယ်။

ပို့စ်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီပို့စ်မှာ ကလေးတစ်ယောက်နဲ့ ကြက်ဥပြုတ်တွေကို ပြသထားတဲ့ ပုံတွေပါဝင်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၁၈,၀၀၀ ကျော်ရှိပါတယ်။

ပို့စ်မှာရေးထားတာ အခုလိုဖြစ်ပါတယ်။

“ကလေးအဖျားတက်တာ..ကိုယ်အရမ်းပူတာ( အပူကြီးတာအတွက်ပါ)
ညဘက်တွေဆို ဆေးခန်းမဖွင့်သေးတာတို့ ဘာတို့ ဖြစ်နေရင် ေဆးမှီးတိုအဖြစ် အသုံးပြုနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်….
ကြက်ဥပြုတ်။ ကြက်ဥကို ကျက်အောင်ပြုတ်ပြီး အခွံနွှာပြီး အဝတ်စနဲ့ထုပ်ပြီး ကလေးရဲ့ခန္ဓာကိုယ်ပေါ်မှာ လှိမ့်ပါ ရင်ဘတ်၊ ခေါင်း၊ ဗိုက်ပေါ်၊ ခြေထောက်ပေါ်၊ တစ်ကိုယ်လုံးပေါ်” (မူရင်းအတိုင်း)

“တစ်နေ့ ၂ ကြိမ် လုပ်နိုင်ပါတယ်.. ပူနေတဲ့ ကလေးရဲ့ ခန္ဓာကိုယ်ပေါ် လူးချင်ရင် ဥပမာ ခေါင်းပူတယ်.. ကြက်ဥကို ခေါင်းပေါ် လှိမ့်ပေးရုံပါပဲ။ တကယ်တော့ ဒါက တရုတ်ဆေးပညာရဲ့ အလေ့အကျင့်ပါပဲ” (မူရင်းအတိုင်း) လို့လည်း ပို့စ်မှာ ရေးထားပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot ကို အောက်မှာ ဖော်ပြထားပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

အဲဒီပို့စ်ကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားပါတယ်။

အခုလိုဆင်တူတဲ့ပို့စ်တွေဟာ မလေးဘာသာစကားနဲ့လည်း ပျံ့နှံ့နေပြီး ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ တွေ့ရပါတယ်။

ဒါပေမဲ့ ဒီအဆိုတွေက မှားပါတယ်။

ဆေးပညာကျွမ်းကျင်သူတွေနဲ့ တရုတ်ရိုးရာဆေးပညာရှင်တွေကတော့ ကြက်ဥပြုတ်ကို ကလေးရဲ့ကိုယ်ပေါ်လှိမ့်ပြီး အဖျားရောဂါကို ကုသနိုင်တယ်ဆိုတဲ့ အထောက်အထား မရှိသလို၊ အဲဒီနည်းလမ်းဟာ တရုတ်ရိုးရာဆေးပညာနဲ့လည်း ဆက်စပ်မှုမရှိဘူးလို့ AFP ကို ပြောပါတယ်။

Chinese University of Hong Kong ရဲ့ လက်ထောက်ပါမောက္ခဟောင်းနဲ့ တရုတ်ဆေးပညာကျွမ်းကျင်သူ Dr Wendy Wong က “ကြက်ဥပြုတ်နဲ့ အဖျားရောဂါကို ကုသနိုင်တယ်ဆိုတဲ့ အဆိုဟာ မှားယွင်းသလို နားလည်မှုလည်း လွဲစေနိုင်ပါတယ်” လို့ AFP ကို အီးမေးလ်ကတဆင့် ပြောပါတယ်။

Facebook ပို့စ်မှာ ပြောထားတဲ့ ဒီကုသနည်းဟာ “တရုတ်ရိုးရာဆေးပညာရဲ့အစိတ်အပိုင်းမဟုတ်သလို တရုတ်ယဉ်ကျေးမှုနဲ့လည်း လုံးဝပတ်သက်မှု မရှိပါဘူး”လို့ သူက ပြောပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Hello Sayarwon ရဲ့ Country Manager ဒေါက်တာ သူရိန်လှိုင်ဝင်းကလည်း အဲဒီပို့စ်မှာပါဝင်တဲ့ကုသနည်းဟာ အဖျားရောဂါကိုပျောက်နိုင်တယ်ဆိုတဲ့ အထောက်အထားမရှိသလို ယုတ္တိရှိရှိ ရှင်းလင်းချက်လည်း မတွေ့ရဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ဟာ သက်သေအထောက်အထားတွေကိုအခြေခံတဲ့ ကြီးကျယ်တဲ့ဆေးပညာခေတ်တစ်ခုမှာ နေထိုင်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ရောဂါတစ်ခုကို ကုသပျောက်ကင်းနိုင်တယ်ဆိုတဲ့ ကုသနည်းတိုင်းမှာ ခိုင်မာတဲ့အထောက်အထား ရှိဖို့လိုအပ်သလို ယုတ္တိရှိတဲ့ရှင်းလင်းချက်တွေလည်း ရှိကိုရှိဖို့လိုအပ်ပါတယ်” လို့ သူကဆိုပါတယ်။

ကြက်ဥပြုတ်က အဖျားရောဂါကို သက်သာနိုင်တယ်ဆိုတဲ့ “အထောက်အထားမရှိဘူး”လို့လည်း သူက ဆိုပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်မှာပါဝင်တဲ့ ဓာတ်ပုံတွေကို မူရင်းတင်ခဲ့တဲ့ ရင်းမြစ်ကိုတော့ AFP က မတွေ့ရှိခဲ့ပါဘူး။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်