မြန်မာနိုင်ငံမှာ ပျံ့နှံ့နေတဲ့ “အဆီကျကော်ဖီ” ဟာ စားသုံးသူတွေကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေးအာဏာပိုင်တွေ သတိပေး

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 06 ဒီဇင်ဘာ 2022 အချိန် 06h11
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
အန္တရာယ်ဖြစ်စေနိုင်တဲ့ Vitaccino လို့ခေါ်တဲ့ “အဆီကျကော်ဖီ” ကို သောက်သုံးရင် ဘေးထွက်ဆိုကျိုးမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းစေနိုင်တယ်ဆိုပြီး မြန်မာနိုင်ငံက Facebook အသုံးပြုသူတွေကြား အကြိမ်ကြိမ်မှားယွင်းပြောဆို မျှဝေနေကြပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန က “ဒီကော်ဖီမှာ သွေးကြောကျဥ်းရောဂါ၊ နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းရောဂါ၊ နှလုံးစည်းချက်မမှန်ခြင်းရောဂါ ဒါမှမဟုတ် လေဖြတ်ဝေဒနာ ဖြစ်နိုင်ခြေများတဲ့ လူနာတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ ထိန်းချုပ်ကန့်သတ်ဆေးဝါးတစ်မျိုးပါရှိပါတယ်” AFP ကိုပြောပါတယ်။ ဒါ့အပြင် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာလည်း ဒီကော်ဖီကို “တရားမဝင်” ကုန်ပစ္စည်းဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီပို့စ်ကို ၂၀၂၂ ခုနှစ်၊ အော်တိုဘာလ ၂၀ ရက်နေ့က Facebook ဒီလင့်ခ်မှာ မျှဝေထားပါတယ်။

ဒီပို့စ်ရဲ့ စာသားတစ်စိတ်တစ်ပိုင်းကိုအောက်မှာ တွေ့နိုင်ပါတယ်။

“ဝိတ်မကျမှာမပူနဲ့ vitaccino အဆီကျကော်ဖီ လာပါပြီ။ တလအတွင်း ၁၀ပေါင်ကနေ ပေါင်၂၀ထိကျပါတယ်။ သဘာဝအတိုင်း ဆီးနှင့်ဝမ်းမှ အဆီများကို ကျဆင်းစေပြီးအစားစားချင်စိတ်ကို ထိန်းချုပ်ပေးကာ ဝမ်းလျှောခြင်းမဖြစ်ပေါ်စေပဲအဆီတကယ်ကျတဲ့ကော်ဖီပါ။
အစားစားချင်စိတ်ကို လျော့ချပေးပြီး ဝမ်းဗိုက်နှင့် ကိုယ်တွင်းရှိ မလိုအပ်သော အဆီများကို ကျစေခြင်း သွေးတွင်းအဆီကို ကျစေခြင်းတို့ကြောင့် လေဖြတ်ရောဂါကို ကာကွယ်နိုင်ခြင်း၊ အနံ့မွှေးမွှေးလေးနဲ့မို့ အဆီလဲကျချင် ကော်ဖီကြိုက်သူများအတွက် အဆင်ပြေစေပါတယ် ဘေးထွက်ဆိုးကျိုးရလုံးဝမရှိတဲ့အပြင် အသက်အရွယ် ၁၈နှစ်မှ အသက် ၆၀ထိ သောက်သုံးနိုင်ပြီး အဆီလဲ တကယ်ကျတဲ့ ကော်ဖီဖြစ်ပါတယ်” (မူရင်အတိုင်း)

Image
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

တူညီတဲ့ပြောဆိုချက်တွေနဲ့ ဒီပို့စ်ကို Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ဒါဇင်နဲ့ချီ ပြန်လည်မျှဝေနေကြပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။ အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ဒီကော်ဖီမှာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းဝေဒနာ နောက်ခံသမိုင်းရှိတဲ့ စားသုံးသူတွေအတွက် အန္တရာယ်ဖြစ်စနိုင်တဲ့ ထိန်းချုပ်ဆေးဝါးတစ်မျိုးဖြစ်တဲ့ sibutramine ပါရှိတယ်လို့ AFP ကိုပြောပါတယ်။

ကျန်းမာရေး သတိပေးချက်

ဒီကော်ဖီနဲ့ ပတ်သက်ပြီး သတိပေးချက်တစ်ရပ်ကို အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလက ထုတ်ပြန်ခဲ့ပါတယ်။

FDA ပြောရေးဆိုခွင့်ရှိသူတစ်ဦးက sibutramine ကို လုံခြုံရေးအကြောင်းပြချက်နဲ့ ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလထဲမှာ စျေးကွက်ကနေထုတ်ပယ်ခဲ့တယ်လို့ AFP ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ပြောခဲ့ပါတယ်။

“Sibutramine ဟာ လူနာတစ်ချို့ရဲ့ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို သိသိသာသာ တိုးမြင့်စေတဲ့အတွက် ဒီစားသောက်ကုန်ဟာ သုံးစွဲသူတွေကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်” လို့ သူမက ပြောပါတယ်။

“Sibutramine ဟာ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းရောဂါ၊ နှလုံးခုန်နှုန်းမမှန်ခြင်း ဒါမှမဟုတ် လေဖြတ်ခြင်းဆိုင်ရာ နောက်ခံရာဇဝင်ရှိလူနာတွေအတွက် သိသိသာသာ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။”

ဒါအပြင် ဒီကော်ဖီဟာ “စားသုံးသူတစ်ဦး သောက်သုံးနေတဲ့ အခြားဆေးဝါးတွေနဲ့ အသက်အန္တရာယ်ရှိစေတဲ့ ဓာတ်ပြုမှုတွေ ဖြစ်စေနိုင်ပါတယ်။” လို့ သူမက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

ဒီကော်ဖီရဲ့ထုတ်လုပ်သူဖြစ်တဲ့ Dash Xclusive ကုမ္ပဏီက ၂၀၂၁ ခုနှစ်၊ မေလထဲမှာ Vitaccino ကော်ဖီကို အမေရိကန်နိုင်ငံတစ်ဝှမ်း ပြန်လည်သိမ်းဆည်းခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ “တရားမဝင်”

မှားယွင်းပြောဆိုထားတဲ့ ပို့စ်အချို့မှာ Vitaccino ကော်ဖီဟာ ထိုင်းနိုင်ငံထုတ်ဖြစ်တယ်လို့ ဖော်ပြထားကြပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနရဲ့ Facebook စာမျက်နှာကြီးကြပ်သူက ဒီ ကော်ဖီဟာ ထိုင်းနိုင်ငံမှာ ဖြန့်ဖြူးဖို့ခွင့်ပြုချက်ရရှိထားတဲ့ စားသောက်ကုန်တစ်ခုမဟုတ်ဘဲ “တရားမဝင်”ကုန်ပစ္စည်းတစ်ခုဖြစ်တယ်လို့ AFP ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ ပြောပါတယ်။

“ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ - FDA မှာ Pratunam ဧရိယာတွင်တရားမ၀င်ဆေးဝါးများ၊ အစားအသောက်နှင့်အလှကုန်ရောင်းချမှုဆိုင်ရာစုံစမ်းစစ်ဆေးမှုရလဒ်များကိုစုစုပေါင်းဘတ်ငွေ ၂၀၀,၀၀၀ ကျော်တန်ဖိုးရှိကြောင်းကြေညာခဲ့သည်” ဆိုပြီးရေးသားထားတဲ့ ဆောင်းပါးတစ်ခုကို ထိုင်း FDA က ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ ဒီလင့်ခ်မှာ ဖော်ပြထားပါတယ်။

ထိုင်းဘာသာစကားနဲ့ ရေးသားထားတဲ့ ဒီဆောင်းပါးမှာ Vitaccino ကော်ဖီကို “စားသောက်ကုန်နံပါတ်များမပါရှိတဲ့ ဖြည့်စွက်စားသောက်ကုန်” ဆိုပြီး ဖော်ပြထားပါတယ်။

ဒီကြေညာချက်ကို တစ်နေ့တည်းမှာပဲ ထိုင်း FDA ရဲ့ Facebook စာမျက်နှာပေါ်မှာ တိုက်ရိုက်ဗီဒီယိုတစ်ခုနဲ့ ဖော်ပြခဲ့ပါတယ်။ သိမ်းဆည်းရမိတဲ့ တရားမဝင်ကုန်ပစ္စည်းတွေနဲ့အတူ ဒီကော်ဖီကို ဗီဒီယိုရဲ့ ၁၁ မိနစ်၊ ၃၆ စက္ကန့် ကြာချိန်မှာ တွေ့နိုင်ပါတယ်။

ဒီဗီဒီယိုထဲမှာ အာဏာပိုင်တွေက Vitaccino ကော်ဖီဟာ နားလည်မှုလွဲစေတဲ့ မမှန်ကန်တဲ့ကုန်တံဆိပ်တွေပါဝင်ပြီး ထိုင်း FDA ရဲ့ခွင့်ပြုချက်နံပါတ်တွေမပါဝင်တဲ့အကြောင်းပြောဆိုနေတာကို ကြားနိုင်ပါတယ်။

“ယခင်က ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဆေးသိပ္ပံဌာနကို ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို ပေးပို့ခဲ့ပြီး ဒီထုတ်ကုန်တွေမှာ sibutramine လို့ခေါ် စိတ်ကိုပြောင်းလဲစေတဲ့ ထိန်းချုပ် ဆေးဝါးပါဝင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါက အန္တရာယ်ရှိတယ်" ဆိုပြီး ထိုင်းအာဏာပိုင်တွေက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

အမှီအခိုကင်းတဲ့ အချက်အလက်စိစစ်ရေးဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ Fact Crescendo ကလည်း ဒီအကြောင်းအရာကို ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်