ပင်မဆဲလ်အရှင်ပါဝင်တယ်လို့ဆိုတဲ့ဆေးတောင့်တွေနဲ့ ရောဂါကုသနိုင်ခြင်းမရှိလို့ ကျွမ်းကျင်ပညာရှင်တွေဆို
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 17 ဇန်နဝါရီ 2023 အချိန် 09h01
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း, AFP ဖိလစ်ပိုင်
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
“ဆဲလ်အစားထိုးကုထုံး ဖြစ်သဖြင့် မိတ်ဆွေတို့ရဲ့ ပျက်စီးနေသော ဆဲလ်များကို ပြုပြင်ပေးပြီး အသစ်ထုပ်လုပ်ပေးတာကြောင့် ဆဲလ်များ ကျန်းမာလာပြီး ရောဂါများကို သက်သာစေပါတယ်။” (မူရင်းအတိုင်း) ဆိုပြီး မြန်မာ Facebook သုံးစွဲသူတစ်ဦးက Facebook ဒီလင့်ခ်မှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တုန်းက မျှဝေထားပါတယ်။
ရှည်လျားစွာရေးသားထားတဲ့ပို့စ်မှာ “Purtier Placenta” နဲ့ပတ်သက်တဲ့ဓာတ်ပုံတွေကိုလည်း တင်ထားပါသေးတယ်။
အဲဒါအပြင် “သမင်၏အချင်းမှရသော ဆဲလ်အရှင်များဖြင့်ဖော်စပ်ထားခြင်းဖြစ်ပါတယ်။” (မူရင်းအတိုင်း) ဆိုပြီး ပို့စ်မှာ ပြောထားပါသေးတယ်။ ပို့စ်ထဲမှာတော့ အယ်လ်ဇိုင်းမား၊ သွေးတိုး၊ ဆီးချိုနဲ့ ကင်ဆာရောဂါအမျိုးမျိုးအပါအဝင် ဒီဆေးတောင့်ကို သောက်ပြီး ပျောက်ကင်းနိုင်တယ်လို့ဆိုထားတဲ့ ရောဂါတွေကိုလည်း ဖော်ပြထားပါတယ်။
ပင်မဆဲလ် (stem cells) ဟာ အခြေခံအကျဆုံးဆဲလ်အမျိုးစားဖြစ်ပြီး တဖြည်းဖြည်း ကြီးထွားလာတဲ့အခါ ဒီဆဲလ်ကနေတစ်ဆင့်မှ ဦးနှောက်နဲ့နှလုံးလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းအမျိုးမျိုးအတွက် လိုအပ်တဲ့ သီးသန့်ဆဲလ်တွေအဖြစ် ပြန်လည် ခွဲထွက်သွားတာဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေဟာ ဓာတ်ခွဲခန်းထဲမှာ ပင်မဆဲလ်တွေကို ဖန်တီးပြီး လိုအပ်တဲ့ ဆဲလ်အမျိုးမျိုးအဖြစ် ကြီးထွားလာအောင်ဖန်တီးနိုင်ဖို့ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ ဒီနည်းပညာကနေ ရောဂါကြောင့် ဒါမှမဟုတ် မတော်တဆမှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြန်လည်အစားထိုးနိုင်ဖို့ မျှော်လင့်ထားပါတယ်။
တချို့ Facebook ပို့စ်တွေမှာ ဒီဆေးဟာ FDA ခွင့်ပြုချက်ရရှိထားပြီး သမင်အချင်းကနေရယူထားတဲ့ ဆဲလ်အရှင်နဲ့ ဖန်တီးထားတဲ့ထုတ်ကုန်ဆိုပြီး ပြောဆိုနေတာ တွေ့ရပါတယ်။
အလားတူပစ္စည်းကြော်ငြာမျိုးကို ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ မြန်မာနိုင်ငံက Facebook သုံးစွဲသူတွေကြား မျှဝေနေတာ တွေ့ရပါတယ်။
ပို့စ်တွေအောက်က မှတ်ချက်ပေးစာသား (comment) တွေမှာလည်း ဒီပစ္စည်းကို ဝယ်ယူဖို့အတွက် လူတချို့ စိတ်ဝင်တစား မေးမြန်းနေကြတာ တွေ့ရပါတယ်။
ကျန်းမာရေးကျွမ်းကျင်ပညာရှင်တွေကတော့ ဒီပြောဆိုမှုတွေဟာ မှားယွင်းတယ်လို့ AFP ကို ပြောပါတယ်။
ဆဲလ်အရှင်ပါဝင်တဲ့ဆေးတောင့်တွေ
ဖိလစ်ပိုင်တက္ကသိုလ်က ပင်မဆဲလ်ဇီ၀ဗေဒဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်တဲ့ ဒုတိယပါမောက္ခ Ahmad Reza Mazahery ကတော့ ဇန်နဝါရီ ၁၂ ရက်မှာ AFP ကို အခုလို ပြောပါတယ်။ “ပင်မဆဲလ်အရှင် (live stem cell) တွေဆိုတာဟာ ဒီလိုမျိုး ဆေးတောင့်တွေနဲ့ ခန္ဓာကိုယ်ထဲ ပို့လို့ရတဲ့အရာမျိုးမဟုတ်ပါဘူး။ သေချာတာကတော့ တခြားဖြည့်စွက်အစာ ဒါမှမဟုတ် ဗိုက်တာမင်ဆေးတောင့်တွေလိုမျိုး ဆေးဆိုင်မှာ တင်ရောင်းလို့ရတဲ့အရာမဟုတ်ပါဘူး”
“ပင်မဆဲလ်အရှင် (live stem cell) တွေဟာ အေးခဲနေတဲ့နေရာမှာ သိမ်းထားရင်ပဲဖြစ်ဖြစ်၊ သူ့သဘာ၀အတိုင်း ထားရင်ပဲဖြစ်ဖြစ် အင်မတန်ကိုမှ ရှုပ်ထွေးပါတယ်” လို့ သူက ပြောပါတယ်။ အဲဒါအပြင် မျိုချရတဲ့ဆေးတောင့်တွေထဲ ပါဝင်တယ်လို့ဆိုထားတဲ့ ဆဲလ်အရှင်တွေဟာလည်း “သိပ်အလုပ်ဖြစ်မှာမဟုတ်ဘူး” လို့ သူက ထပ်လောင်းပြောပါတယ်။
“ဒီကနေ ပရိုတင်းနဲ့ တခြားအာဟာရတွေကို စုပ်ယူလို့ရချင်ရမယ်။ ဒါပေမဲ့ အယ်လ်ဇိုင်းမားလို ပင်မအာရုံကြော သေသွားတဲ့ရောဂါမျိုး (neurodegenerative disease) ကတော့ ဒီနည်းလမ်းနဲ့ ဘယ်လိုမှ ကုလို့ရစရာအကြောင်း မရှိပါဘူး။ ဒီလိုကုရတာမျိုးလည်း မဟုတ်ပါဘူး”
ကမ္ဘာလုံးဆိုင်ရာ နည်းပညာအဖွဲ့အစည်းဖြစ်တဲ့ Meedan က ကျန်းမာရေးကျွမ်းကျင်ပညာရှင်တွေကလည်း ဇန်နဝါရီလ ၁၁ ရက်နေ့မှာ AFP ကို အခုလို ဖြေပါတယ်။ “Purtier Placenta မှာရော၊ ဖြည့်စွက်အစာလို့ပြောရောင်းနေကြတဲ့ တခြားတခြားသော ကုန်အမှတ်တံဆိပ်တွေမှာရော ပြောနေကြသလိုမျိုး သမင်အချင်းကနေရယူတဲ့ ဆဲလ်အရှင်တွေနဲ့လုပ်ထားပြီး ရောဂါသက်သာစေတယ်၊ ပျောက်ကင်းစေတယ်ဆိုတဲ့ ပြောဆိုမှုတွေဟာ တကယ်တော့ သိပ္ပံနည်းကျ သက်သေအထောက်အထားပြသနိုင်ခြင်းမရှိပါဘူး”
ဖြည့်စွက်အစာ
Google မှာ အဓိကစကားလုံးသုံးပြီးရှာကြည့်တဲ့အခါ ဒီကုန်ပစ္စည်းကို ဖိလစ်ပိုင် FDA ဒီလင့်ခ်မှာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၃၀ ရက်စွဲနဲ့မှတ်ပုံတင်ထားတာ တွေ့ရပါတယ်။
ဒါပေမဲ့ FDA စာမျက်နှာမှာတော့ ဒီကုန်ပစ္စည်းကို ဖြည့်စွက်အစာအနေနဲ့ မှတ်ပုံတင်ထားတာဖြစ်ပြီး ကုသဆေးဝါးအနေနဲ့ အသုံးပြုဖို့ ခွင့်ပြုခြင်းမရှိပါ "Food Supplement with NO APPROVED THERAPEUTIC CLAIMS" လို့ ဖော်ပြထားပါတယ်။
“Purtier Placenta” ကို ရောင်းချတဲ့ကုမ္ပဏီဟာ အရင်ကလည်း ဒီကုန်ပစ္စည်းဟာ ရောဂါတွေကို ပျောက်ကင်းစေတယ်ဆိုပြီး “မဟုတ်မမှန်ပြောဆိုမှု” နဲ့ စင်ကာပူတရားရုံးတစ်ခုမှာ တရားစီရင်ခံရသေးတယ်လို့ စင်ကာပူ ကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့ (HSA) က ဆိုပါတယ်။
“Purtier Placenta ဟာ ကျန်းမာရေးဖြည့်စွက်အစာဖြစ်ပြီး ရောဂါတွေကို ကြိုတင်ကာကွယ်ကုသပေးတာမျိုးအတွက် ဒါမှမဟုတ် ရောဂါလက္ခဏာတွေကို သက်သာလျော့ပါးစေတာမျိုးအတွက် အသုံးပြုရမယ့်အရာမျိုး မဟုတ်ပါဘူး” လို့ စင်ကာပူမှာ ကျန်းမာရေးဆိုင်ရာ ကုန်ပစ္စည်းတွေကို စောင့်ကြည့်စစ်ဆေးတဲ့ HSA အဖွဲ့က ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၃ မှာ ထပ်မံထုတ်ပြန်ခဲ့ပါတယ်။
“Purtier Placenta မှာ ပင်မဆဲလ် (stem cells) ပါဝင်ပြီး ရောဂါတွေကို လျော့ပါးသက်သာစေတယ်၊ ကုသနိုင်တယ်လို့ပြောဆိုထားတာဟာ မှားယွင်းပါတယ်”
“အဲဒါအပြင် ပရိုတင်းအခြေခံပစ္စည်းတွေဖြစ်တာကြောင့် ပင်မဆဲလ်တွေကို ပါးစပ်ကနေ မျိုချမယ်ဆိုရင် အစာအိမ်အူလမ်းကြောင်းမှာတင် အစာခြေတဲ့ဓာတ် (enzymes) တွေက ခြေဖျက်ပစ်လိုက်ပါလိမ့်မယ်”
၂၀၁၉ ခုနှစ်က ကိန်းဘရစ်တက္ကသိုလ်စာစောင်မှာပါရှိတဲ့ လေ့လာမှုတစ်ခုမှာတော့ “Purtier Placenta” အပါအဝင် သမင်အချင်းပင်မဆဲလ်အရှင်တွေပါဝင်တယ်လို့ဆိုထားတဲ့ ကုန်ပစ္စည်းနမူနာတွေကို စမ်းသပ်စစ်ဆေးကြည့်တဲ့အခါ ဘယ်ဆေးတောင့်မှာမှ ပင်မဆဲလ်အရှင် ပါဝင်နေတာကို မတွေ့ရဘူးလို့ ဆိုပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်