၂၀၂၃ ခုနှစ် နီပေါလေယာဥ်ပျက်ကျမှုသတင်းနဲ့အတူ ဓာတ်ပုံဟောင်းတွေ မှားယွင်းပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 20 ဇန်နဝါရီ 2023 အချိန် 04h34
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
ဇန်နဝါရီလ ၁၅ ရက်နေ့က လူ ၇၂ ဦး လိုက်ပါလာတဲ့လေယာဥ်တစ်စီး နီပေါနိုင်ငံမှာပျက်ကျခဲ့တဲ့သတင်းနဲ့အတူ လေယာဥ်အပျက်အစီးဓာတ်ပုံဟောင်းနှစ်ပုံကို လူမှုကွန်ရက်စာမျက်နှာတွေမှာ မှားယွင်းဖော်ပြနေကြပါတယ်။ တကယ်တော့ ဒီဓာတ်ပုံတွေဟာ ဟိမဝန္တာဒေသနိုင်ငံဖြစ်တဲ့ နီပေါနိုင်ငံမှာ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လေကြောင်းဆိုင်ရာ မတော်တဆမှုတွေက ဓာတ်ပုံဟောင်းတွေသာဖြစ်ပါတယ်။

“နီပေါနိုင်ငံ အလယ်ပိုင်း ပိုခါရာလေဆိပ်အနီးမှာ လူ ၇၂ ဦး လိုက်ပါလာတဲ့ လေယာဉ် ပျက်ကျခဲ့လို့ အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ပါတယ်။ ခတ္တမန္ဒူမြို့ကနေ ပိုခါရာမြို့ကို ပျံသန်းတဲ့ ATR 72 Yeti လေကြောင်းလိုင်းရဲ့ လေယာဉ်ဟာ အဆင်းမှာ ပျက်ကျခဲ့တာဖြစ်ပြီး မီးလောင်ခဲ့တာပါ။” (မူရင်းအတိုင်း) ဆိုပြီး ရိုးရာလေး Facebook စာမျက်နာမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့က ဖော်ပြထားပါတယ်။

ဇန်နဝါရီလ ၁၅ ရက်နေ့က ခရီးသည် ၆၈ ဦးအပါအဝင် လေယာဥ်အမှုထမ်း ၄ဦး ပါဝင်လိုက်ပါလာတဲ့ Yeti လေကြောင်းလိုင်းရဲ့ လေယာဥ်ဟာ ပိုခါရာမြို့မှာ ပျက်ကျခဲ့ပြီး နီပေါနိုင်ငံရဲ့ ဆယ်စုနှစ်သုံးစုအတွင်းအဆိုးရွားဆုံး လေကြောင်းမတော်တဆမှုဖြစ်ခဲ့ပါတယ်။

Image
Screenshot of a Facebook post sharing the misleading claim, taken on January 19, 2023

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံတွေကို မြန်မာဘာသာစကားနဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ မျှဝေထားပြီး တရုတ်ဘာသာစကားနဲ့လည်း ဒီလင့်ခ်မှာ မျှဝေထားပါတယ်။

Sita Air မတော်တဆမှု

ပထမဓာတ်ပုံကို Reuters သတင်းဌာနက ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

ဒီဓာတ်ပုံမှာပါတဲ့အညွန်းစာအရ အဲဒီနေ့မှာပဲ ခတ္တမန္ဒူလေဆိပ်အနီး လေယာဥ်ပျက်ကျခဲ့တဲ့ ဖြစ်စဥ်နောက်ပိုင်းတွေ့ရတဲ့ အပျက်အစီးတွေရဲ့ ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။

“၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က ခတ္တမန္ဒူရှိ လေယာဥ်ပျက်ကျရာနေရာ၌ ပုဂ္ဂလိကကုမ္ပဏီ Sita Air ပိုင်ဆိုင်သည့် Dornier လေယာဉ်အပျက်အစီး၏ရှေ့တွင် နီပေါရဲအရာရှိတစ်ဦး ရပ်ကြည့်နေပုံ” ဆိုပြီး ဓာတ်ပုံအညွန်းစာမှာ ဖော်ပြထားပါတယ်။

“သောကြာနေ့က နီပေါမြို့တော်ခတ္တမန္ဒူမှ ထွက်ခွာပြီးမကြာမှီ လေယာဥ်ငယ်တစ်စင်း ပျက်ကျခဲ့ပြီး ဗြိတိန်နိုင်ငံသား ၇ ဦးနဲ့ တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် လေယာဥ်ပေါ်လိုက်ပါလာသူ ၁၉ ဦးလုံး သေဆုံးခဲ့တယ်” လို့ လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဓာတ်ပုံနှင့်အတူ Reuters ရဲ့ သတင်းထောက် Navesh Chitrakar နာမည်ကို ရေးသားဖော်ပြထားပါတယ်။

အောက်မှာနားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) ကို Reuters သတင်းဓာတ်ပုံ (ညာ)နဲ့ နှိုင်းယှဥ်ထားတာ တွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) ကို Reuters သတင်းဓာတ်ပုံ (ညာ)နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

Sita လေကြောင်းပိုင်လေယာဥ်ဟာ ဧဝရက်တောင်ဝင်ပေါက်ဖြစ်တဲ့ Lukla မြို့ကို ဦးတည်နေစဥ် မြို့တော်လေဆိပ်အနီးရှိ မြစ်တစ်စင်းရဲ့ကမ်းပါးပေါ်ပျက်ကျခဲ့ပြီး လေယာဥ်ပေါ်လိုက်ပါသူ ၁၉ ဦးလုံး သေဆုံးခဲ့တာဖြစ်ပါတယ်။

US-Bangla လေယာဥ်ပျက်ကျမှု

ဒုတိယဓာတ်ပုံကိုတော့ ၂၀၁၈ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က ခတ္တမန္ဒူလေဆိပ်အနီး နောက်ထပ်လေယာဥ်တစ်စင်း ပျက်ကျခဲ့ပြီးနောက် Associated Press (AP) က ရိုက်ကူးဖော်ပြခဲ့တာဖြစ်ပါတယ်။

“နီပေါနိုင်ငံ၊ ခတ္တမန္ဒူလေဆိပ်မှာ ၂၀၁၈ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က ပျက်ကျခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ခရီးသည်တင်လေယာဉ်အနီးမှာ နီပေါကယ်ဆယ်ရေးသမားများရပ်ကြည့်နေပုံ” ဟု ဓာတ်ပုံစာတန်းမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံနှင့်အတူ AP ဓာတ်ပုံသတင်းထောက် Niranjan Shresthaရဲ့ နာမည်ကို ရေးသားဖော်ပြထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) ကို AP ဝဘ်ဆိုက်ပေါ်ကဓာတ်ပုံ (ညာ)နဲ့ နှိုင်းယှဥ်ပြထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) ကို AP ဝဘ်ဆိုက်ပေါ်ကဓာတ်ပုံ (ညာ)နဲ့ နှိုင်းယှဥ်ပြထားတဲ့ Screenshot

လေယာဥ်ဆင်းသက်စဥ် အနီးအနားရှိဘောလုံးကွင်းထဲ လမ်းချော်ပြီးမီးလောင်ကျွမ်းခဲ့တဲ့ ဒီဖြစ်စဥ်မှာ လူ ၅၁ ဦးသေဆုံးခဲ့ပြီး ကျန် ၂၀ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်