
တင်ပါးဆုံရိုးတစ်ခုတည်းကိုပဲကြည့်ပြီး အဖိုအမခွဲခြားလို့မရဘူးလို့ ပညာရှင်တွေပြော
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 20 ဇန်နဝါရီ 2023 အချိန် 05h00
- နောက်ဆုံးတည်းဖြတ်သည့်နေ့စွဲ 08 ဖေဖော်ဝါရီ 2023 အချိန် 03h19
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
နားလည်မှုလွဲစေတဲ့ ပို့စ်ကို Facebook ရဲ့ ဒီလင့်ခ်မှာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့က တင်ထားပါတယ်။
ပို့စ်ပါ စာသားအချို့က အခုလိုဖြစ်ပါတယ်။
“#အရိုးစုရှိတင်ပါးဆုံရိုးကခွဲခြားပြနေသောဖိုနဲ့မ
#စွဗ္ဗဟာနလ်လာဟ်
အရွယ်ရောက်ပြီးသော အမျိုးသားများ၏ တင်ပါးဆုံတွင်းသည် ကျဉ်းမြောင်းပြီး ပွင့်ထွက်မှုနည်းပါးကာ ဘဲဥပုံ သို့မဟုတ် နှလုံးပုံရှိသော တင်ပါးဆုံတွင်းဝင်ပေါက်ကို ပြသထားပြီး ဆီးခုံခုံး၏ထောင့်သည် 90 ဒီဂရီထက်နည်းပါသည်။ အရွယ်ရောက်ပြီးသူ အမျိုးသမီး၏ တင်ပါးဆုံရိုးသည် အများအားဖြင့် ပိုကျယ်ပြီး တင်ပါးဆုံတွင်း အဝိုင်းပုံပေါက်ကာ တင်ပါးဆုံရိုး၏ ထောင့်သည် 90 ဒီဂရီထက် ပိုကြီးသည်။” (မူရင်းအတိုင်း)

အလားတူပြောဆိုမှုတွေနဲ့အတူ ပို့စ်တွေကို Facebook ရဲ့ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားပါသေးတယ်။
ဒါပေမဲ့ ဒီအဆိုဟာ နားလည်မှု လွဲစေပါတယ်။ အရိုးတွေကိုပဲ စစ်ဆေးအကဲဖြတ်ရုံနဲ့ အဖိုအမ ဆုံးဖြတ်ဖို့မဖြစ်နိုင်ဘူးလို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။
အရိုးကို စစ်ဆေးအကဲဖြတ်ခြင်း
အမေရိကန်နိုင်ငံ၊ A.T. Still တက္ကသိုလ်က ဒုတိယပါမောက္ခ၊ ဇီဝဗေဒနဲ့မနုဿဗေဒပညာရှင် Caroline VanSickle က AFP ကို Twitter ကနေ အခုလို ဖြေပါတယ်။
“အရိုးတွေရဲ့ ပုံသဏ္ဍာန်ကိုကြည့်ပြီး ဒါက အဖို၊ ဒါကအမဆိုပြီး တထစ်ချ ကျွန်မတို့ မပြောနိုင်ပါဘူး။ လေ့လာသင်ယူထားသမျှနဲ့ နည်းနည်းပါးပါးတော့ ခန့်မှန်းကြည့်ပေးနိုင်ပါတယ်။ ဒါပေမဲ့ တခါတလေ အဖြေက မှားတာမျိုး ဒါမှမဟုတ် မရေမရာအဖြေနဲ့ပဲ အဆုံးသတ်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ လူဦးရေရဲ့ ၂ ရာခိုင်နှုန်းလောက်ပဲရှိပြီး လိင်သဘာဝ မကွဲပြားတဲ့ လူတွေရဲ့အဖိုအမကို ခွဲခြားသတ်မှတ်နိုင်တဲ့နည်းစနစ်မျိုး ကျွန်မတို့မှာ အလုံအလောက် မရှိသေးပါဘူး။ နောက်ပြီး သမားရိုးကျနည်းအတိုင်း အရိုးစုကိုကြည့်ပြီး အဖိုအမ ခန့်မှန်းလာခဲ့တဲ့နည်းလမ်းကလည်း ဒီနေ့ခေတ်မှာ ကျားမလိင်ကို အတည်ပြုပေးတဲ့ ဟော်မုန်းနည်းစနစ်နဲ့ဆိုရင် ဘာတွေ ပြောင်းလဲမှုရှိနိုင်မလဲဆိုတာပြောဖို့ ကျွန်မတို့မှာ အချက်အလက်အပြည့်အဝမရှိသေးပါဘူး”
ရှေးဟောင်းသုတေသနပညာရှင်တွေဟာ အရိုးစုတစ်ခုကိုတွေ့ရင် အဖို၊ အဖိုဖြစ်နိုင်ချေရှိ၊ အဖိုအမ မကွဲပြား၊ အမနဲ့ အမဖြစ်နိုင်ချေရှိဆိုပြီး အမျိုးအစားငါးမျိုး ခွဲခြားသတ်မှတ်လေ့ရှိပြီး နားလည်မှုလွဲစေတဲ့ပို့စ်တွေမှာ ပါသလိုမျိုး အဖိုအမ ခွဲဖို့ မလွယ်ကူပါဘူးလို့ အင်္ဂလန် Durham တက္ကသိုလ်က ရှေးဟောင်းသုတေသနပါမောက္ခ Rebecca Gowland က ပြောပါတယ်။
“အဖိုအမ မကွဲပြားတာဟာ ထိန်းသိမ်းမှုစနစ်အားနည်းတာ (အရိုးစုတွေ အကောင်းပကတိအတိုင်း မရှိတော့တာ) အပါအဝင် အကြောင်းကိစ္စအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်” လို့ သူက AFP ကို ပြောပါတယ်။
မိုင်ယာမီတက္ကသိုလ် မနုဿဗေဒသဌာနက တွဲဖက်ပါမောက္ခ Pamela L. Geller ကလည်း အလားတူသဘောမျိုး ပြောပါတယ်။
“သင်္ချိုင်းနေရာတွေက အရိုးတွေကို ရှေးဟောင်းသုတေသနပညာရှင်တွေ လေ့လာဆန်းစစ်တဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် အဖိုအမခွဲခြားဖို့ မလွယ်ကူတတ်ပါဘူး။ အရိုးစုတွေ အကောင်းပကတိအတိုင်း ရှိမနေတော့တာလည်း ဖြစ်နိုင်ပါတယ်။ အရိုးစုတွေမှာရှိတဲ့ အစိတ်အပိုင်းတိုင်းဟာ အဖိုအမခွဲခြားလို့ရတဲ့ သွင်ပြင်လက္ခဏာတွေမရှိကြပါဘူး။ လူသားတွေရဲ့ အရိုးစုမှာ အဖိုသွင်ပြင်၊ အမသွင်ပြင်ဆိုပြီးလည်း အတည်တကျ သတ်မှတ်လို့မရပြန်ပါဘူး”
“လူသားတွေနဲ့လူသားမဟုတ်တဲ့အရိုးစုတွေမှာ အဖိုအမသီးသန့်ကွဲထွက်မနေတဲ့အခြေအနေတွေ အများကြီးရှိပါတယ်။ ဒါကြောင့် လူသားတွေမှာ ပုံစံကွဲအများကြီးရှိတဲ့အထဲကမှ ကျွန်မတို့က အဖိုစစ်စစ်နဲ့အမစစ်စစ်ဆိုပြီး သီးသန့်ကွဲထွက်နေတဲ့ပုံစံကိုပဲ စံနမူနာထားပြီး အဖိုအမခွဲခြားသတ်မှတ်ကြတာဖြစ်ပါတယ်။ ပြီးတဲ့အခါ ပုံစံကွဲပါတယ်ဆိုတဲ့ တခြားလူအများစုကိုလည်း ဒီပုံစံခွက်ထဲ အတင်းထည့်ပြီး လိင်သဘာ၀ခွဲခြားဖို့ ကြိုးစားကြတာပါပဲ”
အဖိုအမလိင်သဘာဝ
ပုံမှန်လိင်အဖိုအမသဘာ၀နဲ့ ဇီ၀ဗေဒနည်းအရလိင်အဖိုအမသဘာဝဟာ တူသယောင်ရှိပေမယ့် အဓိပ္ပာယ် ကွဲတယ်ဆိုတာကို ကျွမ်းကျင်ပညာရှင်တွေက အလေးအနက်ထား ပြောဆိုကြပါတယ်။
“လိင်ဟာ ဇီ၀ဗေဒနဲ့ ဆက်စပ်နေပါတယ်။ အဖိုအမဟာ အစဉ်အလာအရ ခွဲခြားသတ်မှတ်ကြတာဖြစ်ပြီး ဒါဟာ လူတစ်ယောက်ရဲ့ဘ၀မှာ အမျိုးမျိုးပြောင်းလဲသွားနိုင်ပါတယ်” လို့ Geller က ဆိုပါတယ်။
“အတိတ်ကာလတုန်းကရော၊ လက်ရှိကာလမှာရော လူ့အသိုက်အဝန်းယဉ်ကျေးမှုအသီးသီးမှာ အဖိုမဟုတ်အမမဟုတ်တဲ့ လိင်ကို သီးသန့်သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ဇီဝဗေဒအရ လိင်က အမျိုးသမီးဖြစ်ပေမယ့် အမျိုးသားလို့သတ်မှတ်လို့ရတဲ့ ရိုးရာယဉ်ကျေးမှုပစ္စည်းတွေနဲ့အတူ မြှုပ်နှံထားတဲ့သာဓကမျိုးတွေလည်း အများကြီးရှိပါတယ်။ (ဥပမာ - Brika Burial) အပြန်အလှန်ပါပဲ၊ အမျိုးသားတွေကိုလည်း အမျိုးသမီးသုံးပစ္စည်းလို့သတ်မှတ်လို့ရတဲ့အရာတွေနဲ့ မြှုပ်နှံထားတာမျိုးလည်း ရှိပါတယ်” လို့ Gowland က ဆိုပါတယ်။
“ကျွန်မတို့ အကောင်းဆုံးလုပ်ပေးနိုင်တာကတော့ ကျွန်မတို့ကို ပြလာတဲ့ အရိုးစုကို တခြားအရိုးစုတွေနဲ့နှိုင်းယှဉ်ကြည့်ပြီး ဘာလိင်တော့ဖြစ်နိုင်ချေရှိတယ်ဆိုပြီး ခန့်မှန်းပေးတာပါပဲ။ ဒါပေမဲ့ သူသက်ရှိထင်ရှားရှိတဲ့ကာလမှာ ဘာလိင်အမျိုးအစားဖြစ်လဲဆိုတာမျိုးတော့ ကျွန်မတို့ လုံးဝမပြောနိုင်ပါဘူး” လို့ VanSickle က ဆိုပါတယ်။
အဲဒါအပြင် ဗြိတိန်ဇီ၀မနုဿဗေဒနဲ့ Osteoarchaeology (ရှေးဟောင်းလူသားအရိုးလေ့လာရေးဗေဒ) (BABAO) အဖွဲ့ကြီးကနေ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့မှာ ဖော်ပြခဲ့တဲ့ ကြေညာချက်ကို ကြည့်ရှုဖို့ Gowland က AFP ကို ညွှန်းပါသေးတယ်။
“Osteoarchaeologists (ရှေးဟောင်းလူသားအရိုးလေ့လာရေးပညာရှင်တွေ) နဲ့ မှုခင်းမနုဿဗေဒပညာရှင်တွေဟာ ဇီဝဗေဒနည်းအရခွဲခြားတဲ့လိင်နဲ့ လူတစ်ဦးချင်းစီရဲ့ လိင်သဘာ၀ဆိုပြီး နှစ်မျိုးလုံးကို ထည့်သွင်း စဉ်းစားရတာမျိုး ရှိပါတယ်” BABAO ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
“အရိုးစုကိုပဲကြည့်ပြီး လိင်အဖိုအမ ခွဲခြားတာဟာ ၁၀၀ ရာနှုန်းပြည့် တိကျမှုမရှိသလို ဒီလိုမျိုး ဆန်းစစ်မှုဟာ ဇီဝဗေဒနည်းအရလိင်အဖိုအမခွဲခြားတာနဲ့ ကိုက်ညီမှုမရှိလှဘူးလို့လည်း ပညာရှင်တွေက သတ်မှတ်ထားပါတယ်”
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်