ဂျပန်လုပ် Smart နာရီရောင်းချမှုကြောင့် မြန်မာဈေးဝယ်စင်တာတစ်ခုမှာ လူတိုးကြိတ်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့ မှားယွင်းပြောဆိုမှုနဲ့ ဓာတ်ပုံဟောင်းတွေပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 27 မတ် 2023 အချိန် 06h17
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
ဂျပန်နိုင်ငံလုပ် Smart နာရီ အထူးစျေးနှုန်းနဲ့ရောင်းချမှုကြောင့် မြန်မာဈေးဝယ်စင်တာတစ်ခုမှာ လူတိုးကြိတ်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့ မှားယွင်းပြောဆိုမှုနဲ့ ဓာတ်ပုံဟောင်းနှစ်ပုံကို Facebook ပေါ်မှာ ပြန်လည်မျှဝေနေကြပါတယ်။ လူတိုးကြိတ်မှုကြောင့် ရာနဲ့ချီတဲ့ စျေးဝယ်သူတွေအရေးပေါ်ကုသမှုခံယူခဲ့ရတယ်လို့ ဒီပို့စ်မှာဆိုထားပါတယ်။ ဒါ့အပြင် ဒီလူတန်းကို ရှောင်နိုင်ဖို့အတွက် ဝဘ်ဆိုက်တစ်ခုရဲ့ လင့်ခ်မှာ ဒီပစ္စည်းကို ဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာမှားယွင်းပါတယ်။ ဒီရက်ပိုင်းအတွင်း မြန်မာရှော့ပင်းစင်တာတစ်ခုမှာ အခုလို လူတိုးကြိတ်စျေးဝယ်မှုတွေဖြစ်ပွားခဲ့တယ်ဆိုတဲ့ ခိုင်လုံတဲ့ သတင်းကို AFP က မတွေ့ခဲ့ပါဘူး။ ဒါ့အပြင် ဒီပို့စ်က ဓာတ်ပုံတွေဟာ ဗီယက်နမ်နိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကဖြစ်ပြီး ၂၀၂၃ ခုနှစ်မတိုင်ခင်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။

ဒီဓာတ်ပုံတွေကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က Facebook ဒီလင့်မှာ ဖော်ပြထားပါတယ်။

Smart နာရီ ကြော်ငြာဆိုင်းဘုတ်တွေပတ်လည်ဝိုင်းနေတဲ့ ရှော့ပင်းစင်တာတစ်ခုမှာ လူတန်းစီနေပုံ၊ အမျိုးသားတစ်ဦးကို ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦးက အရေးပေါ်ကုသမှုလုပ်ဆောင်ပေးနေတဲ့ပုံနဲ့ ဒီပို့စ်မှာဖော်ပြထားတဲ့ Smart နာရီရဲ့ ဓာတ်ပုံတွေကို ဒီပို့စ်မှာ အတူတကွဖော်ပြထားပါတယ်။

"ကယ်ဆယ်ရေးအဖွဲ့သည် Myanmar Mall လူရာပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်။ဒီဂျပန်စမတ်နာရီတွေဝယ်ဖို့ ထောင်နဲ့ချီတဲ့လူတွေ တန်းစီနေချိန်မှာ အောက်ဆီဂျင်မရှိလို့ တော်တော်များများ မူးမေ့လဲသွားကြပါတယ်" (မူရင်းအတိုင်း) ဆိုပြီး စာသားအချို့ပါရှိပါတယ်။

"7Dazken" ခေါ်တဲ့နာရီကို ၅၀ ရာခိုင်နှုန်းနဲ့ စျေးလျှော့ရောင်းချပေးနေတယ်လို့ ဒီပို့စ်မှာ ဆိုထားပါတယ်။ အခုလို လူအုပ်ကြီးကိုရှောင်ဖို့ ဒီနာရီကို အွန်လိုင်းကနေ မှာယူနိုင်တယ်ဆိုပြီး ဝယ်ယူသူတွေရဲ့ အမည်၊ နေရပ်လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို တောင်းဆိုထားတဲ့ ဝဘ်ဆိုက်တစ်ခုရဲ့ လင့်ခ်ကိုလည်း ဒီပို့စ်မှာ ဖော်ပြထားပါတယ်။

Image
၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ ပို့စ်ရဲ့ Screenshot

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံတွေကို Facebook ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ မျှဝေထားပြီး အင်ဒိုနီးရှားဘာသာစကားနဲ့လည်း ဒီလင့်ခ် မှာ မျှဝေထားပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာမှားယွင်းပါတယ်။

၂၀၂၃ခုနှစ်၊ မတ်လ ၂၄ ရက်နေ့အထိ ဈေးဝယ်စင်တာ တစ်ခုမှာ "7Dazken Smart နာရီ" ရောင်းချမှုကြောင့် လူတိုးကြိတ်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေကို AFP က မတွေ့ခဲ့တဲ့အပြင် "Myanmar Mall" လို့ခေါ်တဲ့ ဈေးဝယ်စင်တာလည်း မြန်မာနိုင်ငံမှာ မရှိပါဘူး။

ပထမဓာတ်ပုံ

ပထမဓာတ်ပုံကို ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာရှိတဲ့ Crescent Mall ရဲ့ တရားဝင် Facebook စာမျက်နှာက ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှာ ဒီပို့စ်နဲ့အတူဖော်ပြထားတာတွေ့ရပါတယ်။

"ညသန်းခေါင်စျေးရောင်းပွဲတော်ကြီး Crescent Mall မှာစတင်နေပါပြီ။ သင့်ရဲ့အကြိုက်ဆုံးပစ္စည်းတွေကို ဝယ်ယူပြီးပြီလား။ Crescent Mall က သင့်ရဲ့စျေးဝယ်မှုအတွေ့အကြုံတွေကို #CrescentMall #ILoveMidnightSale ဟက်ရှ်တက်တွေနဲ့ မျှဝေဖို့ မမေ့နဲ့နော်။" ဆိုပြီး အင်္ဂလိပ်ဘာသာစကားနဲ့ ဒီပို့စ်မှာ ရေးသားထားပါတယ်။

Smart နာရီ ပိုစတာတွေကို ပြုပြင်ထည့်သွင်းထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံနဲ့ ဒီဓာတ်ပုံဟာ ကိုက်ညီမှုရှိနေတာတွေ့ရပါတယ်။

အောက်မှာ Crescent Mall ပို့စ်ရဲ့ မူလဓာတ်ပုံ (ဘယ်) ကို ပြုပြင်ထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ညာ)နဲ့ နှိုင်းယှဥ်ထားတာ တွေ့နိုင်ပါတယ်။

Image
ပြုပြင်ထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) နဲ့ Crescent Mall ပို့စ်ရဲ့ မူလဓာတ်ပုံ (ညာ)

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ "Crescent Mall Mightnight Sale" က ဒီဓာတ်ပုံကို ဈေးဝယ်စင်တာရဲ့ ဝဘ်ဆိုက်ဒီလင့်ခ်မှာ အခြားဓာတ်ပုံတွေနဲအတူ ဖော်ပြထားပါတယ်။

ဒီဓာတ်ပုံကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ ဈေးဝယ်စင်တာတစ်ခုမှာ တိုးကြိတ်ဝယ်ယူမှု ဖြစ်ပွားခဲ့တယ်ဆိုတဲ့ မှားယွင်းပြောဆိုမှုကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ခဲ့ပါတယ်။

ဒုတိယဓာတ်ပုံ

ဒုတိယဓာတ်ပုံကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့က အင်ဒိုနီးရှားသတင်းဌာနတစ်ခုဖြစ်တဲ့ Detikcom ရဲ့ ဆောင်းပါးတစ်ခုမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။
"AFF U-16 ဖလားဗိုလ်လုပွဲအတွက် လူတိုးကြိတ်မှုကြောင့် U-16 လက်ရွေးစင်အဖွဲ့ရဲ့ ပရိတ်သတ်အချို့ မူးလဲမှုဖြစ်ပွားခဲ့" ဆိုပြီး အင်ဒိုနီးရှားဘာသာစကားနဲ့ ခေါင်းစဥ်ပါရှိပါတယ်။

အဲဒီနေ့ညနေမှာပဲကျင်းပမယ့် ထိုင်းနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ရဲ့ ၁၆ နှစ်အောက် လက်ရွေးစင်ဘောလုံးအသင်းတို့ရဲ့ Asean Football Federation (AFF) ဖလားဗိုလ်လုပွဲ လက်မှတ်ရောင်းချမှုကဖြစ်ပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) ကို Detikcom ရဲ့မူလဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ထားတာကိုတွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) ကို Detikcom ရဲ့မူလဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်Screenshot

"7Dazken" တံဆိပ်နဲ့ Smart နာရီထုတ်လုပ်တဲ့တရားဝင်ကုမ္ပဏီ ကို AFP က မတွေ့ရှိခဲ့ပါဘူး။

အွန်လိုင်းကလိမ်လည်သူတွေဟာ စျေးဝယ်သူတွေရဲ့ကိုယ်ရေးအချက်အလက်တွေ ရရှိနိုင်ဖို့ ဒီလို အထူးစျေးနှုန်းနဲ့ မရိုမိုးရှင်းတွေအသုံးပြုပြီး ဖျားယောင်းလေ့ရှိပါတယ်။

ဒီဓာတ်ပုံတွေကို မလေးရှားနိုင်ငံမှာ Air Conditioners အထူးစျေးနှုန်းနဲ့ရောင်းချပေးနေတယ်ဆိုတဲ့ မှားယွင်းပြောဆိုမှုနဲ့ ဖော်ပြထားတာကို AFP က ဒီလင့်ခ်မှာ ၂၀၂၂ ခုနှစ်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်