ထိုင်းစစ်တပ်က မြန်မာကို စစ်ကြေညာတယ်ဆိုတဲ့ အချက်အလက်မှားပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 17 မတ် 2023 အချိန် 10h35
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
ထိုင်းစစ်ဦးစီးချုပ်က မြန်မာနိုင်ငံကို စစ်ကြေညာလိုက်ပြီလို့ ဆိုထားတဲ့ပို့စ်တွေ Facebook မှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပို့စ်မှာပါဝင်တဲ့ဗီဒီယိုရဲ့ thumbnail (မျက်နှာစာပုံ) မှာ ကရင်ပြည်နယ်ကို ထိုင်းနိုင်ငံက သိမ်းမယ်ဆိုတဲ့စာသားပါဝင်ပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားတယ်လို့ ထိုင်းစစ်တပ်က AFP ကို ဖြေပါတယ်။ အဲဒါအပြင် thumbnail (မျက်နှာစာပုံ) မှာ ပါဝင်နေတဲ့ဓာတ်ပုံဟာ ၂၀၂၀ ပြည့်နှစ်မှာ တာဝန်က အနားယူသွားတဲ့ ထိုင်းစစ်ဦးစီးချုပ်ရဲ့ပုံသာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၄ က တင်ထားတဲ့ Facebook ဗီဒီယိုရဲ့ thumbnail (မျက်နှာစာပုံ) ပါ စာသားတွေက အခုလိုဖြစ်ပါတယ်။

“မြန်မာစစ်တပ်က သူ့ပြည်သူကို ဆက်သတ်နေရင်
ကရင်ပြည်ကို ထိုင်းက အပိုင်သိမ်းမည်
ထိုင်းစစ်ချုပ် စစ်ကြေညာပြီဟေ့” (မူရင်းအတိုင်း)

ဗီဒီယိုရဲ့ caption (အညွှန်းစာ) ကလည်း အခုလိုရေးပါတယ်။ “ကရင်ပြည်သူ စစ်ဘေးရောက်နေတာ ထိုင်မကြည့် နိုင်တော့ဘူးတဲ့ဟေ့” (မူရင်းအတိုင်း)

Image
မတ်လ ၁၃ ရက်က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ရဲ့ screenshot

ဗီဒီယိုထဲမှာတော့ မြန်မာနိုင်ငံက တိုက်ပွဲတွေနဲ့ တခြားသတင်းတွေအပြင် ယူကရိန်းစစ်ပွဲအကြောင်းပါ ထည့်သွင်း ပြောဆိုထားတာ တွေ့ရပါတယ်။ အဲဒါအပြင် ထိုင်းစစ်တပ်က မြန်မာဒုက္ခသည်တွေကို နေရာပေးလက်ခံပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့အတွက် “safe zone” (ဘေးကင်းဇုံ) တွေ ဖန်တီးပေးထားတယ်လို့ ဗီဒီယိုထဲက အသံရှင်က ဆိုပါတယ်။ ဒီအချက်ဟာ မှန်ကန်ပြီး ထိုင်းသတင်းဌာနတွေဖြစ်တဲ့ Bangkok PostThe Reporters နဲ့ Naewna တို့လိုမျိုး ယုံကြည်ရတဲ့သတင်းဌာနတွေမှာလည်း ဒီသတင်းကို ဖော်ပြထားကြတာ တွေ့ရပါတယ်။

ဒီ thumbnail (မျက်နှာစာပုံ) ပါဝင်တဲ့ တူညီတဲ့ဗီဒီယိုတွေကို အလားတူပြောဆိုမှုတွေနဲ့ Facebook ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားပါသေးတယ်။

ဒါပေမဲ့ ဗီဒီယိုထဲပါဝင်တဲ့အကြောင်းအရာတွေနဲ့ thumbnail (မျက်နှာစာပုံ) မှာ ပြောဆိုထားတဲ့အချက်တွေဟာ လုံး၀ကို ဆန့်ကျင်ကွဲလွဲနေပါတယ်။ ဗီဒီယိုထဲမှာ အသုံးပြုထားတဲ့ပုံတွေမှာလည်း မြန်မာကို စစ်ကြေညာဖို့၊ ကရင်ပြည်ကို သိမ်းဖို့ဆိုတဲ့ ပြောဆိုမှုကို အထောက်အကူဖြစ်စေမယ့် အချက်တွေ ပါဝင်ခြင်းမရှိပါဘူး။

မြန်မာကို စစ်ကြေညာမယ် ဒါမှမဟုတ် ကရင်ပြည်နယ်ကို သိမ်းမယ်ဆိုတဲ့ ပြောဆိုမှုတွေဟာ “သတင်းတု” သာဖြစ်တယ်လို့ ထိုင်းစစ်တပ် ပြည်သူ့ဆက်ဆံရေးဌာနက AFP ကို မတ်လ ၁၀ ရက်မှာ ဖြေပါတယ်။

စစ်ဦးစီးချုပ်ဟောင်း

thumbnail (မျက်နှာစာပုံ) မှာ ပါဝင်တဲ့ ဓာတ်ပုံတစ်ပုံဟာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလက အနားယူသွားတဲ့ ထိုင်းစစ်ဦးစီးချုပ်ဟောင်း Apirat ရဲ့ပုံဖြစ်ပြီး လွန်ခဲ့တဲ့ လေးနှစ်နီးပါးက ရိုက်ကူးထားတာ ဖြစ်ပါတယ်။

အလားတူ Apirat ရဲ့ဓာတ်ပုံကို AFP ရဲ့ ဒီလင့်ခ်မှာ တွေ့ရပါတယ်။ ဓာတ်ပုံအညွှန်းစာအရ Apirat ဟာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်က ဘန်ကောက်မြို့မှာကျင်းပတဲ့ အင်ဒို-ပစိဖိတ်စစ်ဦးစီးချုပ်များညီလာခံ (IPACC) ကို တက်ရောက်နေတာလို့ သိရပါတယ်။

လက်ရှိ ထိုင်းစစ်ဦးချုပ်ကတော့ ဗိုလ်ချုပ်ကြီး Narongpan Jitkaewtae ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလက စတင်တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။

အောက်မှာ စစ်ဦးစီးချုပ်ဟောင်း Apirat (ဘယ်) နဲ့ လက်ရှိစစ်ဦးစီးချုပ် Narongpan (ညာ) တို့ကို နှိုင်းယှဉ်ပြထားပါတယ်။

Image
စစ်ဦးစီးချုပ်ဟောင်း Apirat (ဘယ်) နဲ့ လက်ရှိစစ်ဦးစီးချုပ် Narongpan (ညာ)

သက်ဆိုင်မှုမရှိသည့်ဗီဒီယို

ဗီဒီယိုထဲက အသံရှင်က ဘေးကင်းဇုံတွေအကြောင်းပြောတဲ့အခါမှာ ထိုင်းစစ်ဦးစီးချုပ်ဟောင်းရဲ့ပုံရိပ်ကို ဖော်ပြထားပါတယ်။ ဗီဒီယိုထဲက တခြားအချက်တွေနဲ့ ဓာတ်ပုံတွေဟာ thumbnail မှာ ပါဝင်တဲ့အဆိုတွေနဲ့ ကိုက်ညီမှု ရှိမနေပါဘူး။

အောက်မှာ ဗီဒီယိုထဲက ပုံရိပ်နှစ်ခု (ဘယ်) နဲ့ Nation TV နဲ့ Myanmar Now တို့မှာ ပါဝင်တဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ထားတဲ့ screenshot ဖြစ်ပါတယ်။

ပထမဓာတ်ပုံမှာ ထိုင်းနိုင်ငံဘက်အခြမ်းမှာ ကင်းလှည့်နေတဲ့ ထိုင်းသံချပ်ကာယာဉ်တွေကို မြင်ရပြီး ဒုတိယပုံမှာတော့ တောင်ငူမြို့မှာ ရိုက်ကူးထားတဲ့ မြန်မာတပ်မတော်ယာဉ်တစ်စီးကို တွေ့မြင်ရတာဖြစ်ပါတယ်။

Image
ဗီဒီယိုထဲက ပုံရိပ်နှစ်ခု (ဘယ်) နဲ့ Nation TV နဲ့ Myanmar Now တို့မှာ ပါဝင်တဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ထားတဲ့ screenshot

နောက် screenshot မှာလည်း ဗီဒီယိုထဲက ပုံရိပ်နှစ်ခု (ဘယ်) နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ North Press Agency တို့က ဓာတ်ပုံနှစ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားပါတယ်။

ပထမပုံမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Zhao Lijian ကို တွေ့ရပြီး နောက်တစ်ပုံမှာတော့ ဆီးရီးယားနိုင်ငံ၊ Latakia က ရုရှားလေတပ်စခန်းကို တွေ့ရတာဖြစ်ပါတယ်။

Image
ဗီဒီယိုထဲက ပုံရိပ်နှစ်ခု (ဘယ်) နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ North Press Agency တို့က ဓာတ်ပုံနှစ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ