အမြင်အာရုံအတွက် ဖြည့်စွက်စာတီထွင်ထုတ်လုပ်လို့ မြန်မာကျောင်းသားတစ်ဦး ဥရောပကပေးတဲ့ဆုရတယ်ဆိုတဲ့ သတင်းတု
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 29 မတ် 2023 အချိန် 06h09
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
“မျက်စိမှုန်သူတိုင်း ဒီဟာကိုဖတ်ပြီးပြီး။ မျက်မှန်တွေ၊ မျက်ကပ်မှန်တွေ မလိုတော့ပါ။” (မူရင်းအတိုင်း) ဆိုပြီး ဒီသတင်းတုလင့်ခ်ကို မတ်လ ၈ ရက်နေ့မှာ ပြန်လည်မျှဝေထားတဲ့ Facebook ပို့စ်က ဆိုပါတယ်။
ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၁,၃၀၀ ကျော်ရှိပြီး MRTV က သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ screenshot တစ်ခုကိုပါ တွေ့မြင်ရပါတယ်။ အဲဒါအပြင် ပုံပေါ်မှာလည်း "ခွဲစိတ်စရာမလိုဘဲ" အမြင်အာရုံ ပြန်လည်ကောင်းမွန်စေတဲ့နည်းကို ကျောင်းသားတစ်ယောက်က တီထွင်လိုက်တယ်ဆိုပြီး ရေးသားထားပါတယ်။
အင်တာဗျူးပုံစံနဲ့ ရေးသားထားတဲ့ ဝဘ်ဆိုက်လင့်ခ်မှာ တက္ကသိုလ်ကျောင်းသားရဲ့နာမည်ကို "မဝေခိုင်" ဆိုပြီး ဖော်ပြထားတာတွေ့ရပြီး ဝဘ်ဆိုက်မှာ ဖိလစ်ပိုင်နိုင်ငံရဲ့ နာမည်ကြီး ABS-CBN သတင်းဌာနရဲ့ လိုဂိုကို ယူသုံးထားတာလည်း တွေ့ရပါတယ်။
ဆေးကျောင်းသားဟာ လက်ရှိ ဂျာမနီမှာ ပညာသင်နေပြီး အမြင်အာရုံပြန်လည်ကောင်းမွန်စေဖို့အတွက် Crystalix လို့ခေါ်တဲ့ဖြည့်စွက်စာတစ်မျိုးကို ထုတ်လုပ်လိုက်တယ်ဆိုပြီး မြန်မာစာရေးထုံးအစီအစဉ်မကျ ရေးသားထားတဲ့ ရှည်လျားတဲ့ အင်တာဗျူးဆောင်းပါးတုမှာ ဖော်ပြထားပါတယ်။
အဲဒါအပြင် ဒီလိုထုတ်လုပ်မှုအတွက် ဥရောပကပေးအပ်တဲ့ဆုတစ်ခုကို ရရှိခဲ့သလို အမေရိကန်ဆေးကုမ္ပဏီကြီးတွေကလည်း ထုတ်လုပ်ခွင့်ရဖို့ ငွေအမြောက်အမြားနဲ့ လာကမ်းလှမ်းကြတယ်လို့ ဆိုထားပါတယ်။
အောက်မှာ နားလည်မှုလွဲစေတဲ့ အင်တာဗျူးဆောင်းပါးရဲ့ screenshot ဖြစ်ပါတယ်။
အလားတူ မှားယွင်းပြောဆိုထားတဲ့ပို့စ်တွေကို Facebook ရဲ့ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည် မျှဝေထားကြပါသေးတယ်။
ဒါပေမဲ့ အတုယောင် အင်တာဗျူးဆောင်းပါးနဲ့ Facebook ပို့စ်တွေမှာ ပါဝင်နေတဲ့ ကျောင်းသားရဲ့နာမည်ဟာ Kendrick Lim ဖြစ်ပြီး အမေရိကန်နိုင်ငံကဖြစ်တယ်ဆိုတာကို AFP က တွေ့ရှိခဲ့ပါတယ်။
Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ တူညီတဲ့ဓာတ်ပုံကို North Texas တက္ကသိုလ်၊ ကျန်းမာရေးသိပ္ပံစင်တာ (HSC) ရဲ့ ဝဘ်ဆိုက်မှာ တင်ထားတဲ့ ဆောင်းပါးတစ်ပုဒ်ရဲ့ ဒီလင့်ခ်မှာ တွေ့ရပါတယ်။
ဒီဆောင်းပါးမှာတော့ Kendrick Lim အကြောင်း ရေးသားထားပြီး ပုံထဲက သူဝတ်ဆင်ထားတဲ့ ဂျူတီကုတ်ပေါ်မှာလည်း သူ့ရဲ့နာမည်နဲ့အတူ ဌာနရဲ့လိုဂိုကိုပါ တွေ့မြင်ရပါတယ်။ AFP က အနီနဲ့ ဘောင်ခတ်ပြထားတာကို အောက်မှာ တွေ့နိုင်ပါတယ်။
Kendrick Lim ဟာ မြန်မာက မဟုတ်သလို Crystalix ဖန်တီးထုတ်လုပ်မှုနဲ့ပတ်သက်ပြီးတော့လည်း ပါဝင်ပတ်သက်မှုမရှိဘူးလို့ HSC က AFP ကို ပြောပါတယ်။
အဲဒါအပြင် ဖိလစ်ပိုင်အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာန (FDA) ရဲ့ဝဘ်ဆိုက်မှာလည်း ဒီဖြည့်စွက်စာကို စားသုံးခြင်းမပြုဖို့ ၂၀၂၁ ခုနှစ်ကတည်းက သတိပေးချက် ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
"ဒီပစ္စည်းဟာ အကဲဖြတ်စိစစ်မှုမလုပ်ရသေးတာကြောင့် ဖိလစ်ပိုင် FDA အနေနဲ့ ဒီပစ္စည်းရဲ့ အရည်အသွေးနဲ့ ဘေးအန္တရာယ်ရှိ၊ မရှိကို အတည်မပြုနိုင်ပါဘူး။" လို့ ဖိလစ်ပိုင် FDA ရဲ့ဝဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
အဲဒါအပြင် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့အထိ Crystalix ကို FDA က တရားဝင်အတည်ပြုပေးခြင်းမရှိသေးဘူးလို့ ဖိလစ်ပိုင်အာဏာပိုင်တွေက AFP ကို ပြောပါတယ်။
"ဒီပစ္စည်းဟာ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့အထိ FDA ဆီမှာ တရားဝင် မှတ်ပုံတင်ခြင်းမရှိသေးပါဘူး" လို့ ဖိလစ်ပိုင် FDA ရဲ့ အစားအစာလုံခြုံမှုရှိရေးအဖွဲ့ခွဲက AFP ကို အီးမေးလ်ကတစ်ဆင့် ဖြေပါတယ်။
Google မှာ အဓိကစကားလုံးတွေသုံးပြီး ရှာကြည့်တဲ့အခါ Crystalix ဟာ FDA သတိပေးစာရင်းမှာ ပါနေတဲ့အပြင် ဒီ PDF ဖိုင်ထဲမှာလည်း တခြားတားမြစ်ထားတဲ့အစားအသောက်တွေနဲ့အတူ ပုံနဲ့တကွ ဖော်ပြထားတာကို တွေ့ရပါတယ်။
အဲဒီဖိုင်ကို အောက်မှာဖော်ပြထားပြီး Crystalix ကိုလည်း အနီနဲ့ ဘောင်ခတ်ပြထားပါတယ်။
အတုယောင် အင်တာဗျူးဆောင်းပါးမှာ မြန်မာအစိုးရကိုယ်စားပြု စီမံကိန်းတစ်ခုက မျက်စိအထူးကုလို့ဆိုထားတဲ့လူတစ်ဦး ပြောစကားကိုလည်း ဖော်ပြထားပါသေးတယ်။ သူ့ရဲ့အဆိုအရ Crystalix ဟာ မျက်လုံးဆီ သွေးစီးဆင်းမှုကို ထိန်းညှိပေးပြီး အမြင်အာရုံဟာလည်း ဒီဖြည့်စွက်အစာကို အသုံးပြုပြီး တစ်ပတ်ကနေ နှစ်ပတ်အတွင်း ကောင်းမွန်လာတယ်လို့ ဆိုထားပါတယ်။
ဒါပေမဲ့ ဒီထုတ်ကုန်ဟာ လူတစ်ယောက်ရဲ့ အမြင်အာရုံကို ပြန်ကောင်းမွန်စေတယ် ဒါမှမဟုတ် ဒီဆေးနဲ့ မျက်လုံးအမြင်အာရုံကောင်းအောင် ကုသနိုင်တယ်ဆိုတဲ့ ခိုင်မာတဲ့သက်သေအထောက်အထား AFP က ရှာဖွေတွေ့ရှိခြင်း မရှိသေးပါဘူး။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်