ဒီဓာတ်ပုံတွေဟာ ၂၀၂၃ ခုနှစ် အမေရိကန်က ဘဏ်ဆန္ဒပြပွဲတွေမှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေ မဟုတ်ပါ

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 30 မတ် 2023 အချိန် 10h55
  • ဖတ်ရန် ကြာချိန် 4 မိနစ်
  • AFP ထိုင်း
၂၀၂၃ ခုနှစ်၊ မတ်လမှာ အမေရိကန်နိုင်ငံက ဆီလီကွန်ဗယ်လီဘဏ်ပြိုလဲခဲ့တဲ့နောက် ဘဏ်မှာငွေကြေးအပ်နှံသူတွေက သူတို့ရဲ့ပိုက်ဆံတွေ ပြန်ထုတ်မရတာကြောင့် ဆန္ဒပြခဲ့ကြတယ်လို့ ပြောဆိုထားတဲ့ ဓာတ်ပုံတွေကို Facebook ပို့စ်တော်တော်များများမှာ မှားယွင်းစွာ မျှဝေနေကြပါတယ်။ ဒီဓာတ်ပုံတွေကို ဘဏ်လုပ်ငန်း၊ ဘဏ္ဍာရေးလုပ်ငန်းတွေနဲ့ ဆက်နွှယ်တဲ့ဆန္ဒပြပွဲတွေမှာ ရိုက်ကူးခဲ့တာဖြစ်ပေမယ့် ယခု ၂၀၁၃ ခုနှစ်မှာ ရိုက်ကူးထားတာမဟုတ်ဘဲ ၂၀၀၈၊ ၂၀၁၀ နဲ့ ၂၀၁၉ ခုနှစ်က သတင်းဓာတ်ပုံဟောင်းတွေသာ ဖြစ်ပါတယ်။

“US မှာတော့ ဘဏ်တွေမှာ ပိုက်ဆံလိုသလောက် ထုတ်မရလို့ ဆန္ဒပြကြပြီ”(မူရင်းအတိုင်း) ဆိုပြီး ၂၀၂၃ ခုနှစ်၊ မတ်လ ၁၄ ရက်က Facebook ဒီလင့်ခ်မှာ တင်ခဲ့ပါတယ်။

၇၂ ကြိမ် ပြန်လည်မျှခဲ့ကြတဲ့ အဲဒီပို့စ်မှာ ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းတွေအပေါ် ဆန္ဒထုတ်ဖော်နေကြသူတွေရဲ့ ဓာတ်ပုံတွေကို တွေ့ရပါတယ်။

အဲဒီပို့စ်ကို မတ်လ ၁၁ ရက်က ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် ဆီလီကွန်ဗယ်လီဘဏ် (SVB) ပြိုလဲခဲ့ပြီး ရက်အနည်းငယ်အကြာမှာ တင်ခဲ့တာပါ။

ဘဏ်အနေနဲ့ ရပ်တည်ဖို့ခက်ခဲလာတာကြောင့် အမေရိကန်အာဏာပိုင်တွေက ဘဏ်ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းယူခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်ကနေ ယနေ့အထိ ကျဆုံးခဲ့တဲ့ အကြီးဆုံးဘဏ်ဖြစ်တဲ့ SVB ရဲ့ ပြိုလဲမှုကြောင့် အမေရိကန်က အလားတူဘဏ်တွေအပေါ်မှာ လူတွေရဲ့ယုံကြည်မှု ကျဆင်းခဲ့ပါတယ်။ အဲဒီဘဏ်တွေမှာ ငွေကြေးအပ်နှံထားတဲ့သူတွေဟာ သူတို့ရဲ့ငွေတွေကိုထုတ်ယူပြီး ပိုကြီးမားတဲ့တခြားဘဏ်အဖွဲ့အစည်းတွေဆီမှာ ပြောင်းရွှေ့အပ်နှံခဲ့ကြတဲ့အတွက် အစိုးရအနေနဲ့ ဒီအကျပ်အတည်းကို ကျားကန်ပေးဖို့ ခက်ခဲခဲ့ပါတယ်။

နားလည်မှုလွဲစေတဲ့ Facebook ပို့စ်မှာ “မှတ်မိကြသေးလား မြန်မာမှာလည်း ဘဏ်တွေပြိုလဲဖို့ US က မီးထိုးပေးခဲ့တာကို…”(မူရင်းအတိုင်း) ဆိုပြီးတော့လည်း မေးခွန်းထုတ်ထားပါတယ်။

“မြန်မာမှာတော့ ဘယ်ဘဏ်မှ ဒေဝါလီခံရတာမျိုးမရှိဘဲ US မှာတော့ ပြိုလဲကြပြီ…”(မူရင်းအတိုင်း)

အဲဒီပို့စ်တွေဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့တာကို အမေရိကန်နိုင်ငံက ရှုတ်ချခဲ့တာနဲ့ပတ်သက်ပြီး ရည်ညွှန်းပြောဆိုထားတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဟာ မြန်မာစစ်တပ်ရဲ့ စီးပွားရေးဆိုင်ရာအရင်းအမြစ်တွေကို ပစ်မှတ်ထားပြီး ဘဏ်လုပ်ငန်းနဲ့ ဆက်နွှယ်တဲ့ကုမ္ပဏီတွေကိုလည်း အရေးယူဒဏ်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်က ရိုက်ယူထားတဲ့ Screenshot

လတ်တလော အမေရိကန်နိုင်ငံက ဆန္ဒပြပွဲတွေပါလို့ အလားတူပြောဆိုထားတဲ့ ဓာတ်ပုံတွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း ဖော်ပြထားပါတယ်။

ဒါပေမဲ့ အဲဒီဓာတ်ပုံတွေဟာ အကြောင်းအရာလွဲမှားမျှဝေထားတာ ဖြစ်ပါတယ်။ တကယ်တမ်း အဲဒီဓာတ်ပုံတွေဟာ ၂၀၂၃ ခုနှစ်၊ ဆီလီကွန်ဗယ်လီဘဏ်မပြိုလဲမီ ၂၀၁၈ ခုနှစ် စီးပွားရေးအကျပ်အတည်းနဲ့ ဆက်စပ်တဲ့ ဆန္ဒပြပွဲအကြောင်း သတင်းတွေမှာ ဖော်ပြခဲ့တဲ့ပုံတွေ ဖြစ်ပါတယ်။

Wall Street လမ်းပေါ်က ဆန္ဒပြပွဲ

ဓာတ်ပုံတွေထဲက တစ်ပုံမှာ “Bank of America”(အမေရိကားဘဏ်) “Citigroup” “Morgan Chase” စတဲ့နာမည်တွေကို ရေးသားထားတဲ့ ဆန္ဒပြပိုစတာတွေကို လည်ပင်းမှာ ချိတ်ဆွဲထားပြီး လက်ထိပ်တွေ၊ အဖြူအမဲ ထောင်ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ လူတွေကို တွေ့ရပါတယ်။

Google ပေါ်မှာ အဓိကစကားလုံး (keyword) တွေနဲ့ ဓာတ်ပုံကိုသုံးပြီး ဓာတ်ပုံရာဇဝင်ရှာဖွေခဲ့တဲ့အခါ အဲဒီဓာတ်ပုံကို AFP ရဲ့ ဓာတ်ပုံမော်ကွန်းတိုက်ဝဘ်ဆိုဒ် ဒီလင့်ခ်မှာ တင်ထားတာ တွေ့ရပါတယ်။

AFP ဓာတ်ပုံရဲ့ ပုံစာက အခုလို ဖြစ်ပါတယ်။

“၂၀၁၀ ခုနှစ်၊ ဧပြီလ ၂၉ ရက်တွင် ထောင်ချီသောအလုပ်သမားများနှင့် သမဂ္ဂအဖွဲ့ဝင်များသည် Wall Street လမ်းပေါ် စုဝေးခဲ့ကြပြီး အလုပ်အကိုင်ဆုံးရှုံးမှု၊ အခွန်ထမ်းသူများ၏ငွေဖြင့် ဘဏ်များအပေါ်ထောက်ပံ့မှုများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အဆိုပါစုဝေးပွဲကို AFL-CIO (အမေရိကန် အလုပ်သမားအဖွဲ့ချုပ်နှင့် စက်မှုအဖွဲ့အစည်းများ၏ ကွန်ဂရက်) နှင့် ဒေသ လူမှုအဖွဲ့အစည်းတစ်ခုက ဦးဆောင်စီစဉ်ခဲ့သည်။ AFP ဓာတ်ပုံ / IMOTHY A. CLARY”

မှားယွင်းနေတဲ့ပို့စ်မှာ ပါဝင်တဲ့ ဓာတ်ပုံ (ဘယ်) နဲ့ AFP ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ Screenshot ကို အောက်မှာတွေ့နိုင်ပါတယ်။

Image
မှားယွင်းနေတဲ့ပို့စ်မှာ ပါဝင်တဲ့ ဓာတ်ပုံ (ဘယ်) နဲ့ AFP ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ Screenshot

အဲဒီဓာတ်ပုံကို အမေရိကန်အခြေစိုက် CNN သတင်းဌာနရဲ့ အဲဒီဆန္ဒထုတ်ဖော်မှုအကြောင်း ဆောင်းပါးတစ်ပုဒ်မှာလည်း ဖော်ပြထားပါတယ်။

ပုံရဲ့အညွှန်းစာမှာ “နယူးယောက်မြို့တွင် ကြာသပတေးနေ့က ဆန္ဒထုတ်ဖော်သူများသည် ဘဏ်များအနေဖြင့် စီးပွားရေးဆုတ်ယုတ်မှုတွင် တာဝန်ယူမှုတာဝန်ခံမှုရှိကြရန် တောင်းဆိုခဲ့ကြသည်” ဆိုပြီး ရေးထားပါတယ်။

အဲဒီဆောင်းပါးမှာ စုဝေးဆန္ဒပြသူတွေဟာ ၂၀၀၈ ခုနှစ်က သန်းဆယ်ချီတဲ့လူတွေရဲ့ အိုးအိမ်ဆုံးရှုံးမှု၊ သန်းရာချီတဲ့လူတွေရဲ့ အလုပ်အကိုင်ဆုံးရှုံးမှု၊ ထရီလီယံချီတဲ့ချမ်းသာကြွယ်ဝမှုတွေ ဆုံးရှုံးစေခဲ့တဲ့“အမေရိကန်စီးပွားရေးအကြပ်အတည်းမှာ Wall Street နဲ့ ဘဏ်ကြီးတွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ၎င်းတို့ရဲ့ထင်မြင်ချက်များအပေါ် ထုတ်ဖော်ဆန္ဒပြခဲ့ကြတယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။

လန်ဒန်မြို့က Lehman Brothers ဆန္ဒပြပွဲ

မှားယွင်းပြောဆိုထားတဲ့ပို့စ်မှာ ပါဝင်တဲ့ နောက်ထပ်ဓာတ်ပုံတစ်ပုံမှာတော့ ဆန္ဒပြပိုစတာနှစ်ခု ကိုင်ဆောင်ထားတဲ့ အမျိုးသမီးတစ်ဦးကို တွေ့ရပါတယ်။ ပိုစတာနှစ်ခုစလုံးမှာ “"Arrest Top Main Board Bankers” (ထိပ်တန်းဘုတ်အဖွဲ့ဝင် ဘဏ်လုပ်ငန်းရှင်တွေကို ဖမ်းပါ) ဆိုပြီး ရေးထားပါတယ်။

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါမှာ Alamy ဓာတ်ပုံအေဂျင်စီဝဘ်ဆိုဒ်ရဲ့ ဒီလင့်ခ်မှာ တင်ထားတာ တွေ့ရပါတယ်။

“ဆန္ဒထုတ်ဖော်သူများသည် Lehman Brothers ဘဏ္ဍာရေးကုမ္ပဏီပြိုလဲမှု ဆယ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ်The Royal Exchange နှင့် The Bank of England ဘဏ်များ အပြင်ဘက်တွင် စုဝေးခဲ့ကြသည်။ အစိုးရနှင့်ဘဏ်များအနေဖြင့် လူ့အဖွဲ့အစည်း၏ အဆင်းရဲဆုံးလူတန်းစားများအပေါ် အမြတ်မထုတ်ကြရန် တောင်းဆိုခဲ့ကြသည်။ Credit: Mark Thomas/Alamy Live News” ဆိုပြီး အညွှန်းစာရေးထားပါတယ်။

နှစ်ပေါင်း ၁၅၀ သက်တမ်းရှိခဲ့တဲ့ Lehman Brothers ရင်းနှီးမြှပ်နှံမှုဘဏ်ရဲ့ ၂၀၀၈ ခုနှစ် စက်တင်ဘာလက ပြိုလဲမှုဟာ အမေရိကန်သမိုင်းမှာ အကြီးမားဆုံးဒေဝါလီခံမှုဖြစ်လာပြီး ၁၉၃၀ ပြည့်လွန်နှစ်တွေနောက်ပိုင်း အဆိုးရွာဆုံးကမ္ဘာ့စီးပွားရေးအကြပ်အတည်းကို ဦးတည်စေခဲ့ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်မှာပါဝင်တဲ့ ဒုတိယမြောက်ဓာတ်ပုံ (ဘယ်) နဲ့ Alamy ရဲ့ပုံ (ညာ) တို့ကို အောက်မှာ နှိုင်းယှဉ်ပြထားပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်မှာပါဝင်တဲ့ ဒုတိယမြောက်ဓာတ်ပုံ (ဘယ်) နဲ့ Alamy ရဲ့ပုံ (ညာ)

ဘဏ်တွေရပ်တည်ရေး အစိုးရက ကူညီတဲ့အပေါ် ဆန့်ကျင်တဲ့ဆန္ဒပြပွဲ

မှားယွင်းပြောဆိုထားတဲ့ပို့စ်မှာပါဝင်တဲ့နောက်ထပ်ဓာတ်ပုံနှစ်ပုံမှာတော့ နယူးယောက်မြို့ရဲ့ ဘဏ္ဍာရေးရပ်ဝန်းဖြစ်တဲ့ Wall Street လမ်းပေါ်မှာ လူတွေစုဝေးဆန္ဒပြနေတာကို တွေ့ရပါတယ်။

အဲဒီထဲက ဓာတ်ပုံတစ်ပုံကို Google ပေါ်မှာ ရာဇဝင်ရှာကြည့်တဲ့အခါ ဓာတ်ပုံအေဂျင်စီ Getty Images ရဲ့ဝဘ်ဆိုဒ် ဒီလင့်ခ်မှာ တင်ထားတာတွေ့ရပါတယ်။

ဓာတ်ပုံရဲ့ အညွှန်းစာမှာ “ဆန္ဒပြသူများသည် ၂၀၀၈ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်က နယူးယောက်မြို့တော် စီးပွားရေးရပ်ဝန်းရှိ New York Stock Exchange ရှေ့တွင် စုဝေးခဲ့ကြပြီး ဘဏ္ဍာရေးလုပ်ငန်းများကို အစိုးရကဝယ်ယူမည့် အစီအစဉ်အပေါ် ဆန့်ကျင်ခဲ့ကြသည်။ ကမ္ဘာ့စီးပွားရေးအကြပ်အတည်းကို ဆန့်ကျင်သည့်အနေဖြင့် တက်ကြွလှုပ်ရှားသူအဖွဲ့အစည်းများစွာပါဝင်သော ဆန္ဒပြသူများသည် အရင်းရှင်စနစ်၊ Wall Street နှင့် သမ္မတဘုရှ်တို့၏ စီမံခန့်ခွဲမှုများအပေါ် ရှုတ်ချခဲ့ကြသည် (ဓာတ်ပုံ Spencer Platt/Getty Images)” ဆိုပြီး ဖော်ပြထားပါတယ်။

မှားယွင်းတဲ့ပို့စ်မှာပါဝင်တဲ့ဓာတ်ပုံ (ဘယ်) နဲ့ Getty Images ရဲ့ ဓာတ်ပုံ (ညာ) တို့ကို အောက်မှာ နှိုင်းယှဉ်ပြထားပါတယ်။

Image
မှားယွင်းတဲ့ပို့စ်မှာပါဝင်တဲ့ဓာတ်ပုံ (ဘယ်) နဲ့ Getty Images ရဲ့ ဓာတ်ပုံ (ညာ)

Wall Street လမ်းပေါ်က ဆန္ဒပြသူတွေပါဝင်တဲ့ နောက်ထပ်ဓာတ်ပုံတစ်ပုံကို Google မှာ ရာဇဝင်ရှာကြည့်တဲ့အခါမှာလည်း အဲဒီဓာတ်ပုံကို ဓာတ်ပုံတွေမျှဝေတဲ့ဝဘ်ဆိုဒ် Flickr ရဲ့ ဒီလင့်ခ်မှာ Alane Golden ဆိုသူက တင်ခဲ့တာ တွေ့ရပါတယ်။

“Wall Street အတွက် အမေရိကန်ဒေါ်လာ ၈၅၀ ဘီလီယံ (၃ ထရီလီယံ) ကုန်ကျမည့် အစိုးရ၏ ဘဏ္ဍာရေးအကူအညီအပေါ် နယူးယောက်တွင်နေထိုင်သူများက ဆန္ဒထုတ်ဖော်။ Wall Street ၊ နယူးယောက်မြို့၊ စက်တင်ဘာ ၂၅၊ ၂၀၀၈” ဆိုပြီး ပုံစာရေးထားပါတယ်။

အဲဒီ Wall Street လမ်းပေါ်ကဆန္ဒပြပွဲတွေဟာ ပြည်သူတွေရဲ့အခွန်ငွေတွေကို သုံးပြီး ချွတ်ခြုံကျနေတဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေကို ကယ်တင်မယ့် အမေရိကန်အစိုးရရဲ့အစီအစဉ်အပေါ် လူထုက ဆန့်ကျင်မှုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ CNN နဲ့ Los Angeles Times သတင်းစာတွေကလည်း ရေးသားခဲ့ကြပါတယ်။

မှားယွင်းတဲ့ပို့စ်မှာ ပါဝင်တဲ့ ဓာတ်ပုံ (ဘယ်) နဲ့ Flickr မှာ တင်ထားတဲ့ Golden ရဲ့ ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားပါတယ်။

Image
မှားယွင်းတဲ့ပို့စ်မှာ ပါဝင်တဲ့ ဓာတ်ပုံ (ဘယ်) နဲ့ Flickr မှာ တင်ထားတဲ့ Golden ရဲ့ ဓာတ်ပုံ (ညာ)

ဒီမှားယွင်းနေတဲ့အဆိုကို မြန်မာအခြေစိုက် Channel News Independent သတင်းဌာနကလည်း ဒီလင့်ခ်မှာ အချက်အလက်စိစစ်ခဲ့ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ