သင်္ကြန်မဏ္ဍပ် နဖူးစီးစာတန်းကို ပြုပြင်ထားတဲ့စာသားနဲ့ ပြန်လည်မျှဝေထားတဲ့ဓာတ်ပုံ ပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 18 ဧပြီ 2023 အချိန် 09h16
  • အပ်ဒိတ်ရက်စွဲ 18 ဧပြီ 2023 အချိန် 11h00
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း
သင်္ကြန်မဏ္ဍပ်နဖူးစည်းစာတန်းက စာလုံးပေါင်းမှားနေတယ်လို့ဆိုထားတဲ့ ပို့စ်တွေနဲ့အတူ ပြန်လည်ပြုပြင်ထားတဲ့ဓာတ်ပုံကို မြန်မာနိုင်ငံက Facebook သုံးစွဲသူတွေကြား သရော်တဲ့ပုံစံမျိုးနဲ့ အကြိမ်ကြိမ် ပြန်လည်မျှဝေနေကြပါတယ်။ ပို့စ်အောက်က မှတ်ချက်စာသားတွေအရ ဒီပုံဟာ တချို့သော လူမှုမီဒီယာသုံးစွဲသူတွေကို နားလည်မှုလွဲစေတာ တွေ့ရပါတယ်။ အမှန်တော့ မဏ္ဍပ်နဖူးစည်းပါစာသားဟာ ပြန်လည်ပြုပြင်ထားတာ ဖြစ်ပါတယ်။

ပို့စ်တွေမှာ ရန်ကုန်မြို့တော်ခန်းမရှေ့ သင်္ကြန်မဏ္ဍပ်ပုံပါဝင်ပြီး ပုံပါ မဏ္ဍပ်နဖူးစည်းစာတန်းမှာတော့ “၁၃၈၄ ခုနှစ် ရန်ကုန်မြို့တော်မသာသင်္ကြန်မဏ္ဍပ်” ဆိုပြီး တွေ့ရပါတယ်။

“ဆိုင်းဘုတ်ရေးတဲ့ကောင်ကို ဖမ်းကွာ …..” (မူရင်းအတိုင်း) ဆိုတဲ့ သရော်ထားတဲ့စာသားနဲ့အတူ အဆိုပါဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၄ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားပါတယ်။

Image
နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၇ ရက်က ရယူထားတဲ့ screenshot

ပုံမှန်အားဖြင့် ရေကစားပြီး နှစ်သစ်ကို ပျော်ရွှင်စွာကြိုဆိုလေ့ရှိတဲ့ ဒီသင်္ကြန်ပွဲတော်ဟာ အာဏာသိမ်းမှုဖြစ်တဲ့ ၂၀၂၁ ခုနှစ်ကစလို့ နိုင်ငံရေးနဲ့ဆက်နွှယ်လာပြီး ဒီမိုကရေစီလိုလားသူတွေဘက်ကနေ စစ်အစိုးရကျောထောက်နောက်ခံပွဲတွေကို သပိတ်မှောက်ကြဖို့ တောင်းဆိုမှုတွေ ရှိနေတဲ့အကြောင်း AFP သတင်းကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

အလားတူပြောဆိုမှုတွေနဲ့ တူညီတဲ့ပုံရိပ်ကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည်မျှဝေနေကြပါတယ်။

ပို့စ်အောက်က မှတ်ချက်စာသားတွေအရ ပြုပြင်ထားတဲ့ သင်္ကြန်မဏ္ဍပ်နဖူးစည်းစာသားဟာ အစစ်အမှန်လို့ ယူဆနေကြတာ တွေ့ရပါတယ်။

ဒါပေမဲ့ ဒီနဖူးစည်းစာသားမှာ မူရင်းပါဝင်တဲ့ “မဟာ” ဆိုတဲ့စကားလုံးကို “မသာ” ဆိုတဲ့ စကားလုံးနဲ့ ပြုပြင်အစားထိုးထားတာပဲဖြစ်ပါတယ်။

ပြုပြင်ထားတဲ့ နဖူးစည်း

အဓိကကျတဲ့စကားလုံးသုံးပြီးရှာကြည့်တဲ့အခါ ဒီပုံနဲ့အတူ အလားတူပုံရိပ်တွေကို BBC မြန်မာပိုင်းရဲ့ Facebook ပေ့ချ်မှာ သင်္ကြန်အကြိုနေ့ဖြစ်တဲ့ ဧပြီလ ၁၃ ရက်နေ့က တင်ထားတာ တွေ့ရပါတယ်။

ဓာတ်ပုံနဲ့အတူ တွဲတင်ထားတဲ့ စာသားအချို့က အခုလိုဖြစ်ပါတယ်။

“လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်က သင်္ကြန်အကြိုနေ့

သင်္ကြန်အကြိုနေ့ ညနေပိုင်းမှာ ရန်ကုန်မြို့မြို့တော်ခန်းမရှေ့ နဲ့ ပြည်သူ့ရင်ပြင်က မြင်ကွင်းတွေကိုတွေ့ရတာပါ။”

“ဒါ့အပြင် ပြီးခဲ့တဲ့ရက်က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာက လူရာချီသေဆုံးခဲ့တဲ့အထိ ဖြစ်ခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူထုအများစု ဝမ်းနည်းကြောင်းပြတဲ့အနေနဲ့ ရေမကစားကြတာဖြစ်သလို၊ စစ်ကောင်စီကို အခုအချိန်အထိဆန့်ကျင်တော်လှန်ကြောင်းပြတဲ့အနေနဲ့ အခုလို ပါဝင်ဆင်နွှဲတာမလုပ်ကြတာဆိုတဲ့ သုံးသပ်ချက်တွေလည်းရှိနေပါတယ်။” (BBC သတင်းပါ မူရင်းအတိုင်း)

မူရင်းဓာတ်ပုံပါ မဏ္ဍပ်နဖူးစည်းဓာတ်ပုံထဲကစာသားကတော့ အခုလိုဖြစ်ပါတယ်။ “၁၃၈၄ ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်”

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်တွေက ဓာတ်ပုံ (ဘယ်) နဲ့ BBC မြန်မာပိုင်းမှာတင်ထားတဲ့ပို့စ်က ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတာဖြစ်ပြီး ပြုပြင်ထားတဲ့စာသားတွေနဲ့ မူရင်းစာသားကို အနီနဲ့ဘောင်ခတ်ပြထားတာဖြစ်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်တွေက ဓာတ်ပုံ (ဘယ်) နဲ့ BBC မြန်မာပိုင်းမှာတင်ထားတဲ့ပို့စ်က ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတာဖြစ်ပြီး ပြုပြင်ထားတဲ့စာသားတွေနဲ့ မူရင်းစာသားကို အနီနဲ့ဘောင်ခတ်ပြထား

အဲဒီနေ့မှာပဲ ဒီသင်္ကြန်မဏ္ဍပ်ကို တခြားရှုထောင့်ကနေ ရိုက်ထားတဲ့ဓာတ်ပုံတွေကိုလည်း Eleven သတင်းမှာ တင်ထားပါသေးတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်