
ဗီဒီယိုမှာမြင်ရတာ ရှည်မျောမျောပန်းတစ်မျိုးဖြစ်ပြီး တရုတ်မှာ တီကောင်မိုးရွာတာမဟုတ်
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 06 ဧပြီ 2023 အချိန် 09h32
- ဖတ်ရန် ကြာချိန် 2 မိနစ်
- Rachel YAN, AFP ဟောင်ကောင်
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
“ပေါက်ဖော်တို့တိုင်းပြည်မှာရွာတဲ့ တီကောင်မိုး သတိ မပေါ့မဆကြဘို့လိုတယ်ဗျာ” (မူရင်းအတိုင်း) ဆိုပြီး Facebook ပို့စ်တစ်ခုမှာ ၂၀၂၃ ခုနှစ်၊ မတ်လ ၂ ရက်နေ့က ရေးသားထားပါတယ်။
ပုံတွေထဲမှာတော့ လမ်းတစ်ခုမှာ ရပ်ထားတဲ့ကားတွေပေါ်မှာ တီကောင်ပုံစံအရာ၀တ္ထုတွေ ကပ်တင်နေတာ တွေ့ရပါတယ်။

တူညီတဲ့ပုံရိပ်တွေပါဝင်တဲ့ ပို့စ်တွေနဲ့ ဗီဒီယိုတွေကို ဘာသာစကားအမျိုးမျိုးနဲ့ YouTube၊ Twitter ၊ Facebook နဲ့ အမေရိကန် လူမှုကွန်ရက်မီဒီယာတစ်ခုဖြစ်တဲ့ Gettr တို့မှာလည်း မျှဝေထားကြတာ တွေ့ရပါတယ်။
အဲဒါအပြင် မြန်မာနိုင်ငံက YouTube နဲ့ Facebook သုံးစွဲသူတွေကြား ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေနေကြတာ တွေ့ရပါတယ်။
ဒါပေမဲ့ ဒီဗီဒီယိုတွေထဲမှာမြင်ရတာဟာ ပေါ်ပလာပင် (poplar tree) မှာ ပွင့်လေ့ရှိတဲ့ ရှည်မျောမျောပုံစံ ပန်းတွေဖြစ်ပြီး ‘တီကောင်မိုး’ ရွာတာ မဟုတ်ပါဘူး။
ပေါ်ပလာပင်ရဲ့ပန်းတွေ
ဗီဒီယိုမှာပါဝင်တဲ့ မော်တော်ကားတွေရဲ့ လိုင်စင်နံပါတ်ပြားကို အနီးကပ်ကြည့်တဲ့အခါ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း၊ လျောင်းနင်းပြည်နယ်၊ ရှန်ယန်းမြို့ကဖြစ်နေတာ တွေ့ရပါတယ်။
Baidu မှာ အဓိကကျတဲ့စကားလုံးတွေသုံးပြီးရှာကြည့်တဲ့အခါ ဗီဒီယိုထဲ တွေ့ရတဲ့ စျေးဆိုင်တွေကို ရှန်ယန်းမြို့မှာရှိတဲ့ ဝမ်ဟွားလမ်းပေါ်မှာ တွေ့ရပါတယ်။
အောက်မှာ နားလည်မှုလွဲစေတဲ့ဗီဒီယိုနဲ့ပို့စ်တွေထဲက ပုံရိပ် (ဘယ်) နဲ့ Bidu မြေပုံမှာမြင်ရတဲ့ပုံရိပ် (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

ဝမ်ဟွားလမ်းပေါ်မှာ ပေါ်ပလာပင်တွေရှိပြီး ရာသီအလိုက် ပွင့်လေ့၊ ကြွေလေ့ရှိတယ်လို့ အဲဒီနေရာအနီးက စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ဦးက အတည်ပြုပါတယ်။
“ရှန်ယန်းက လမ်းတွေမှာ ပေါ်ပလာပန်းတွေကြွေကျတာ နှစ်တိုင်း မြင်နေကျပါပဲ” လို့ မိသားစုနာမည် Zhang (ကျန်း) လို့အမည်ရတဲ့ အဆိုပါဝန်ထမ်းက AFP ကို မတ်လ ၂၈ ရက်နေ့မှာ ပြောပါတယ်။
အောက်မှာမြင်ရတဲ့ဓာတ်ပုံတွေဟာ ဝမ်ဟွားလမ်းပေါ်က စားသောက်ဆိုင်အပြင်ဘက်မှာ မြင်ရတဲ့ ပေါ်ပလာပန်းတွေဖြစ်ပြီး Zhang ကိုယ်တိုင် ရိုက်ကူးထားတာဖြစ်ပါတယ်။

ပေါ်ပလာပင်တွေဟာ မိုးမခပင်အနွယ်ဝင်ဖြစ်ပြီး ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ ပေါက်ရောက်လေ့ရှိပါတယ်။ ဒီအပင်က ပန်းတွေဟာ ကြောင်မြီးဖွားတွေလို တွဲလောင်းလေးကျနေတတ်ပြီး အရွက်တွေမထွက်ခင် အညွှန့်ဖူးနေရာမှာ အဆုပ်လိုက် ပွင့်လေ့ရှိပါတယ်။
တရုတ်နိုင်ငံမှာ ပေါ်ပလာမျိုးနွယ်ဝင် အပင်အမျိုးအစား များစွာရှိပြီး အထူးသဖြင့် အဲဒီလိုအပင်တွေကို တရုတ်နိုင်ငံရဲ့ မြောက်ပိုင်းပြည်နယ်တွေမှာ အတွေ့ရများတယ်လို့ ကုလသမဂ္ဂအစားအစာနဲ့ စိုက်ပျိုးရေးအဖွဲ့အစည်းက ဆိုပါတယ်။
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြည်သူ့ရေးရာဗြူရိုကလည်း မှားယွင်းပျံ့နှံ့နေတဲ့ပို့စ်တွေမှာ ပါဝင်တဲ့ဗီဒီယိုမှာ မြင်ရတာဟာ ပေါ်ပလာပန်းတွေဖြစ်တယ်လို့ မတ်လ ၁၂ ရက်မှာ အတည်ပြု ပြောဆိုထားပါတယ်။
တရုတ်နိုင်ငံ၊ ရုက္ခဗေဒအဖွဲ့အစည်းရဲ့ သိပ္ပံနည်းပညာဆိုင်ရာဆက်ဆံရေးကော်မတီဝင် ရှီကျွင်း (Shi Jun) ကလည်း အလားတူ ကြောင်မြီးဖွားပုံစံရှိတဲ့ ပန်းပုံများစွာကို အဲဒီဗီဒီယိုအကြောင်း ဟက်ရှ်တက် (hashtag) နဲ့အတူ မတ်လ ၁၂ ရက်နေ့က တင်ထားပါတယ်။
အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်တွေနဲ့ဗီဒီယိုတွေမှာပါဝင်တဲ့ screenshot (ဘယ်) နဲ့ Shi Jun တင်ထားတဲ့ပုံတွေ (ညာ) တို့ကို နှိုင်းယှဉ်ထားတဲ့ဗီဒီယိုဖြစ်ပါတယ်။

ဘာကလေမှာရှိတဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်၊ အပင်ဆိုင်ရာဇီ၀ဗေဒပါမောက္ခ Lewis J. Feldman ကတော့ သူ့အနေနဲ့ “အကောင်းဆုံးခန့်မှန်းရသလောက်ဆိုရင်” မှားယွင်းပြောဆိုထားတဲ့ဗီဒီယိုတွေမှာမြင်ရတာဟာ ကြောင်မြီးဖွားပုံ ပွင့်တတ်တဲ့ပန်းတွေဖြစ်တယ်လို့ ဆိုပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်