
အဆိုတော်စလင်းဒီယွန်ဆေးရုံကုတင်ပေါ်ရောက်နေတဲ့ပုံစံ ပြုပြင်ထားတဲ့ဓာတ်ပုံ ပျံ့နှံ့
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 09 မေ 2023 အချိန် 08h30
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
ပြုပြင်ထားတဲ့ဓာတ်ပုံနဲ့အတူ အဆိုတော်စလင်းဒီယွန်ရဲ့ပုံကို ဧပြီလ ၂၄ ရက်နေ့က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားပါတယ် (archived link)။
Facebook ပို့စ်ပါ ရှည်လျားတဲ့ ရေးသားချက်ထဲက တချို့ကို အောက်ပါအတိုင်း ထုတ်နုတ်ထားပါတယ်။
“စလင်းဒီယွန် ( Celine Dion )ကို
ကမ္ဘာကျော်အဆိုတော်ဖြစ်တယ်ဆိုတာ
လူတိုင်းလိုလို သိမယ်ထင်ပါတယ်...။”
“ကမ္ဘာကျော်တိုင်တန်နစ် ( Titanic )
ရုပ်ရှင်ကားမှာ
နောက်ခံသီချင်း ဆိုတဲ့အဆိုတော်ပါ…။”
“စလင်းဒီယွန် ( Celine Dion )
အခုလက်ရှိဖြစ်တဲ့ရောဂါက
Stiff-Person Syndrome ( SPS )
ဆိုတာ အလွန်ဖြစ်ခဲလှတဲ့
အာရုံကြောဆိုင်ရာ ရောဂါ
တစ်ခုဖြစ်တယ်...။” (မူရင်းအတိုင်း)

ပြုပြင်ထားတဲ့ဓာတ်ပုံကို တခြား Facebook ပို့စ်တွေမှာလည်း ပြန်လည်မျှဝေထားကြပြီး ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တွေ့နိုင်ပါတယ်။
အဲဒီဓာတ်ပုံကိုပဲ ဖေဖော်ဝါရီ ၁၃ ရက်က YouTube ဗီဒီယိုတစ်ခုမှာလည်း မျှဝေထားပြီး ကြည့်ရှုသူ ၂ သန်းကျော် ရှိခဲ့ပါတယ်။
ပြုပြင်ထားတဲ့ဓာတ်ပုံပါ ပို့စ်အောက်က မှတ်ချက်အချို့အရ ဒီဓာတ်ပုံဟာ လူတော်တော်များများကို နားလည်မှုလွဲစေတာ တွေ့ရပါတယ်။ မှတ်ချက်အချို့က အောက်ပါအတိုင်းဖြစ်ပါတယ်။
“စိတ်ထဲမကောင်းဘူး။ သူ့ကို အိပ်ရာထဲလဲနေတာမြင်ရတာ စိတ်မချမ်းသာဘူး” (မူရင်းအတိုင်း)
“ကျနော်လည်း ရေးဘူးတယ်လေ ။ စလင်းဒီယွန်က သူ့ရောဂါ ဖုံးဖိထားတာ ။ ဖျော်ဖြေပွဲတွေ ကြေညာတယ် ၊ ရက်ရွှေ့ရတယ် ၊ ပြန်ဖျက်ရတယ် ။ ခုတော့ တကယ်ဘုံးဘုံးလဲပြီထင်ပါရဲ့ ။” (မူရင်းအတိုင်း)
“ခန္ဓာကပြတဲ့တရား။” (မူရင်းအတိုင်း)
တိုက်တန်းနစ်ဇာတ်ဝင်တေးဖြစ်တဲ့ “My Heart Will Go On” နဲ့ လူသိများတဲ့ အဆိုတော်စလင်းဒီယွန်ဟာ stiff-person syndrome လို့ခေါ်တဲ့ ရှားပါး အာရုံကြောရောဂါတစ်မျိုးကို ခံစားနေရတဲ့အကြောင်း၊ ဒီရောဂါဟာ သူ့ရဲ့ သီချင်းသီဆိုမှုကို ထိခိုက်မှုရှိတဲ့အကြောင်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ထုတ်ပြန်ကြေညာခဲ့ပါတယ် (archived link)။ အဲဒီလိုကြေညာပြီးနောက်ပိုင်း စလင်းဒီယွန်နဲ့ပတ်သက်တဲ့ သတင်းတုတွေ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
မှားယွင်းပြောဆိုထားတဲ့ပို့စ်တွေမှာ စလင်းဒီယွန် ဝှီးချဲနဲ့ နေရတာမျိုး၊ ဆေးရုံမှာ အသက်လုနေရတယ်ဆိုတာမျိုး စသည်ဖြင့် ပါဝင်ပါတယ်။
ပြုပြင်ထားတဲ့ဓာတ်ပုံ
Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ မူရင်းဓာတ်ပုံကို ၂၀၁၄ ခုနှစ်က စိတ်မချမ်းမြေ့ဖွယ်သတင်းဆောင်းပါးတစ်ပုဒ်နဲ့အတူ ဖော်ပြထားတာတွေ့ရပါတယ် (archived link)။ သတင်းဆောင်းပါးမှာတော့ အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးကို သမီးအရင်းဖြစ်သူနဲ့ သားမက်တို့က သေချာမစောင့်ရှောက်ဘဲ ရက်စက်စွာ ပစ်ထားတဲ့အကြောင်း ရေးသားထားပါတယ်။
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့ပါ Toronto Sun ရဲ့ သတင်းပါ ခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “သက်ရှိအရိုးခြောက်ပုံစံဖြစ်နေတဲ့ အသက်ကြီးပိုင်းတစ်ဦး”
အသက် ၇၆ နှစ်အရွယ် Viola Simonds ဆိုသူ အမျိုးသမီးကို သူ့သမီးရဲ့အိမ်ထဲက မှောင်ပြီး ညစ်ပတ်နေတဲ့အခန်းထဲမှာ ပစ်ထားခံရတာကို ၂၀၁၁ ခုနှစ်၊ မေလမှာ တွေ့ရှိခဲ့တယ်လို့ ဆောင်းပါးမှာ ဆိုထားပါတယ်။
အောက်မှာ ပြုပြင်ထားတဲ့ဓာတ်ပုံ (ဘယ်) နဲ့ Toronto Sun သတင်းပါ ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

ကနေဒါရုပ်သံတစ်ခုဖြစ်တဲ့ CTV ကလည်း Simond ရဲ့ သမီးနဲ့သားမက်တို့ အမေအိုကို သေချာမစောင့်ရှောက်မှုနဲ့ ထောင်ဒဏ်ချမှတ်ခံရတဲ့အကြောင်း ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလတုန်းက ဒီလင့်ခ်မှာ ဖော်ပြထားပါတယ် (archived link)။
AFP အနေနဲ့ ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့အထိ စလင်းဒီယွန် ဆေးရုံတက်ရတယ်ဆိုတဲ့ ယုံကြည်လောက်တဲ့သတင်းထုတ်ပြန်ချက်မျိုး မတွေ့ရှိရသေးပါဘူး။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်