ဆီးချိုကုသဆေးဆိုပြီး မှတ်ပုံတင်မထားတဲ့ ဖြည့်စွက်စာကြော်ငြာ ပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 15 မေ 2023 အချိန် 04h30
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • AFP ထိုင်း
“သွေးတွင်းသကြားဓာတ် ထိန်းချုပ်နိုင်တဲ့နည်းလမ်း မြန်မာနိုင်ငံမှာ စတင်တွေ့ရှိ” လို့ ဆိုထားတဲ့ ပို့စ်တွေကို Facebook မှာ အကြိမ်ရေထောင်ချီ ပြန်လည်မျှဝေနေကြပါတယ်။ ဒီပို့စ်တွေမှာ GlucoPro အမည်ရ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဖြည့်စွက်စာတစ်မျိုးကို အချက်အလက်အမှားပေါင်းများစွာနဲ့ ကြော်ငြာထားတဲ့ ဆောင်းပါးလင့်ခ်တစ်ခုနဲ့အတူ မျှဝေနေကြတာဖြစ်ပြီး ဆီးချိုရောဂါကို ခုနစ်ပတ်အတွင်း ပျောက်ကင်းနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ Type 2 ဆီးချိုကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေးဝါးမရှိသေးသလို ဒီလိုမျိုးကြော်ငြာတွေဟာ သူတို့ပစ္စည်းရောင်းရပြီး “အမြတ်အစွန်းရရှိရေး” အတွက်ပဲ အဓိကထားဖွယ်ရှိတယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက AFP ကို ပြောပါတယ်။ ဒီဆောင်းပါးမှာ ထိုင်းဆရာဝန်တစ်ယောက်ရဲ့ ဓာတ်ပုံကိုလည်း ထည့်သွင်းအသုံးပြုထားပြီး အဲဒီဆရာဝန်ကတော့ သူ့အနေနဲ့ GlucoPro ကို ဆေးကုသရေးမှာ တစ်ခါမှ ထည့်သွင်းအသုံးပြုညွှန်းပေးခဲ့တာမျိုး မရှိဘူးလို့ ဆိုပါတယ်။

ဒီပြောဆိုမှုကို Facebook ရဲ့ ဒီလင့်ခ်မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့က မျှဝေထားပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၁၂၀၀ ကျော် ရှိနေပါတယ်။

Facebook မှာ မျှဝေထားတဲ့လင့်ခ်မှာ ဖွင့်ပွဲအခမ်းအနားတစ်ခုဓာတ်ပုံပါဝင်ပြီး “မြန်မာနိုင်ငံမှ ဆီးချိုရောဂါရှိသူတိုင်းအတွက် အစိုးရက ခွဲတမ်းချပေးထားသည်။” (မူရင်းအတိုင်း) ဆိုတဲ့စာသားလည်း ပါဝင်ပါတယ်။

အဲဒါအပြင် နားလည်မှုလွဲစေတဲ့လင့်ခ်ကို “မြန်မာနိုင်ငံတွင် သွေးတွင်းသကြားဓာတ်ကို အလွယ်တကူ ထိန်းချုပ်နိုင်မည့် နည်းလမ်းကို မြန်မာနိုင်ငံတွင် စတင်တွေ့ရှိခဲ့ပြီး ဆီးချိုသမားများအတွက် အထူးအစားအစာများ အမြန်စားရန်၊ ပိုမိုလေ့လာရန်၊ အသေးစိတ်ခလုတ်ကို နှိပ်ပါ။” (မူရင်းအတိုင်း) ဆိုတဲ့ စာသားနဲ့အတူလည်း မျှဝေထားတာဖြစ်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ကို မေလ ၁၀ ရက်နေ့က ရယူထားတဲ့ screenshot

လင့်ခ်မှာတော့ “GlucoPro” အမည်ရှိတဲ့ ဖြည့်စွက်စာတစ်မျိုးကို ဆောင်းပါးရှည်ကြီးတစ်ခုနဲ့ ရေးသား ကြော်ငြာထားတဲ့ ဘလော့ဂ်ပို့စ်တစ်ခု ပါဝင်ပါတယ်။

ဒီဆောင်းပါးဟာ ဘာသာစကားတစ်ခုခုကနေ မြန်မာဘာသာကို Google translate လို ဆော့ဖ်ဝဲတစ်ခုခုနဲ့ ဘာသာပြန်ထားတဲ့ပုံစံမျိုး တွေ့ရှိရပါတယ်။ ဆောင်းပါးမှာတော့ Aisha Umarov အမည်ရှိတဲ့ မြန်မာဆေးဘက်အကြီးအကဲတစ်ဦးက ဒီဖြည့်စွက်စာကို ဝယ်ယူပြီး ပြည်တွင်းက ဆီးချိုလူနာတွေကို ခွဲဝေပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒါအပြင် ဒီထုတ်ကုန်ဟာ ဂလူးကို့စ်အဆင့်ကို ပုံမှန်ဖြစ်စေခြင်း၊ အမြင်အာရုံကို တိုးတက်စေခြင်း၊ ပိုလျှံနေသောအလေးချိန်ကို ဖယ်ရှားခြင်း စတဲ့လက္ခဏာရပ်တွေအပါအဝင် ဆီးချိုရောဂါလက္ခဏာ ခုနစ်မျိုးကို ခုနစ်ပတ်အတွင်း ပျောက်ကင်းကုသနိုင်တယ်လို့ ဆိုထားပါသေးတယ်။

ဒီဘလော့ဂ်ပို့စ်မှာ ဓာတ်ပုံသုံးပုံပါဝင်ပြီး တစ်ပုံမှာတော့ အစည်းအဝေးပွဲတစ်ခုပုံ၊ နောက်တစ်ပုံမှာတော့ Aisha Umarov လို့ ရည်ညွှန်းထားတဲ့လူတစ်ယောက်ပုံနဲ့ တတိယမြောက်ပုံမှာတော့ GlucoPro ဆိုတဲ့ ဖြည့်စွက်စာရဲ့ပုံရိပ်ကို တွေ့မြင်ရပါတယ်။ ဆေးဘူးပေါ်မှာတော့ “all types of diabetes (ဆီးချိုအမျိုးအစားအားလုံးအတွက်)” ဆိုပြီး ရေးသားထားပါတယ်။

Image
အတုအယောင်ကြော်ငြာစာသားနဲ့ဓာတ်ပုံအချို့ကို ၂၀၂၃ ခုနှစ်၊ မေလ ၁၁ ရက်က ရယူထားတဲ့ screenshot

ဆီးချိုဟာ နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး blood glucose လို့သိကြတဲ့ သွေးတွင်းသကြားဓာတ်ပမာဏ မြင့်တက်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရတာဖြစ်ပါတယ် (archived link)။ ဆီးချိုကို ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ကာစလူငယ်တွေမှာဖြစ်လေ့ရှိတဲ့ Type 1 နဲ့ အသက် ၄၅ နှစ်ကျော်တဲ့ လူကြီးပိုင်းတွေမှာ အတွေ့ရများလေ့ရှိတဲ့ Type 2 ဆိုပြီး အမျိုးအစား ခွဲခြားထားပါတယ် (archived links here and here)။

အလားတူပြောဆိုမှုတွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်အပြင် ဘလော့ဂ်ပို့စ်တစ်ခုရဲ့ ဒီလင့်ခ် မှာ မျှဝေထားတာ တွေ့ရပါတယ်။

ဒါပေမဲ့ ဒီပြောဆိုမှုဟာ မှားယွင်းပါတယ်။

အမြတ်ဦးစားပေးထုတ်ကုန်

ကျန်းမာရေးနဲ့ပတ်သက်တဲ့အချက်အလက်မှားတွေကို ဖြေရှင်းပေးနေတဲ့ Meedan အဖွဲ့က ကျန်းမာရေးကျွမ်းကျင်ပညာရှင်တွေကတော့ GlucoPro ဖြည့်စွက်စာမှာ ဆီးချို ဒါမှမဟုတ် တခြားကျန်းမာရေးပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်ဆိုတဲ့ သက်သေအထောက်အထား မရှိဘူးလို့ ဆိုပါတယ်။

“Type 2 အဆင့် ဆီးချိုအတွက် တရားဝင်ကုသဆေးမရှိသေးပါဘူး” လို့လည်း Meedan က ဆိုပါတယ်။

“Type 2 ဆီးချိုအတွက် တရားဝင်ပုံမှန် ကုထုံးတွေဟာ ရှုပ်ထွေးပြီး ရလဒ်မကောင်းတဲ့အခြေအနေတွေကြောင့် လူတွေဟာ တခြားကောင်းနိုးရာရာ ကုသမှုတွေဘက် ခြေဦးလှည့်ကုန်ကြတာ ဆန်းတော့မဆန်းပါဘူး။ ဒါပေမဲ့ လက်ရှိအချိန်အထိတော့ ဆီးချိုကို ကုသနိုင်ပြီလို့ပြောနိုင်လောက်တဲ့သက်သေအထောက်အထားမျိုး မရှိသေးပါဘူး” လို့ Meedan က AFP ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ပြောပါတယ်။

ဆီးချိုကုထုံးတွေမှာ လေ့ကျင့်ခန်းလုပ်တာနဲ့ အစားအသောက် ဆင်ခြင်တာမျိုး စားသောက်နေထိုင်မှုပြောင်းလဲတာမျိုးတွေ ပါဝင်ပါတယ်လို့ Meedan က ဆိုပါတယ်။

“ဒီအချက်တွေအရ GlucoPro ဒါမှမဟုတ် တခြားအလားတူဆေးဝါးတွေကို ကြော်ငြာတဲ့ လူတွေ၊ ကုမ္မဏီတွေဟာ အမြတ်အစွန်းရရှိရေးအတွက်ပဲ လုပ်နေကြတာ ဖြစ်နိုင်ပါတယ်” လို့ Meedan က ထပ်လောင်း ပြောဆိုထားပါတယ်။

AFP အနေနဲ့ ဖိလစ်ပိုင်မှာ GlucoPro ဆေးတောင့်တွေနဲ့ပတ်သက်လို့ အလားတူပြောဆိုမှုတွေကိုလည်း အချက်အလက်စိစစ်ခဲ့ဖူးပါတယ်။ ဖိလစ်ပိုင်မှာတော့ GlucoPro ဆေးတောင့်တွေကို FDA မှာ မှတ်ပုံတင်ထားတာမျိုး မရှိပါဘူး။

အလားတူနာမည်နဲ့ ထုတ်ကုန်တစ်မျိုးဖြစ်တဲ့ "GLUCOPRO" ကိုတော့ ဖိလစ်ပိုင် FDA မှာ “ရေနဲ့ရောသောက်ရတဲ့အမှုန့်တစ်မျိုး” ဆိုပြီး စာရင်းသွင်းထားတာ တွေ့ရပြီး ထုတ်လုပ်သူတွေကတော့ သူတို့ထုတ်ကုန်နဲ့ GlucoPro ဆေးတောင့်တွေနဲ့ သက်ဆိုင်မှုမရှိဘူးလို့ AFP ကို ပြောပါတယ်။

ထိုင်းဆရာဝန်ရဲ့ပုံကို ယူသုံးထား

အချက်အလက်မှားကြော်ငြာဆောင်းပါးမှာ ထည့်သွင်းအသုံးပြုထားပြီး မြန်မာဆေးဘက်ဆိုင်အရာအကြီးအကဲ
“Aisha Umarov” လို့ ညွှန်းဆိုထားတဲ့ဓာတ်ပုံပါ ပုဂ္ဂိုလ်ဟာ တကယ်တော့ ထိုင်းနိုင်ငံ Bumrungrad ဆေးရုံက ဆရာဝန်တစ်ဦးဖြစ်တဲ့ ဂလင်းနဲ့ဟော်မုန်းဆိုင်ရာကုသရေးကျွမ်းကျင်ပညာရှင် (endocrinologist) Dr Chorthip N. Phattanasri ဖြစ်ပါတယ် (archived link)။

ဒေါက်တာ Chorthip ကတော့ သူ့ဓာတ်ပုံဟာ မှားယွင်းအသုံးချခံရတာဖြစ်ပြီး သူကိုယ်တိုင်လည်း GlucoPro ကိုအသုံးပြုပြီး ဆေးဝါးကုသပေးတာမျိုး မရှိခဲ့ဘူးလို့ AFP ကို ပြောပါတယ်။

“ဒါဟာ မှားယွင်းအသုံးပြုထားတာဖြစ်ပုံရပါတယ်။ ကျွန်မဓာတ်ပုံအောက်ပါ မြန်မာစာသားတွေမှာ တခြားသူတစ်ဦးကို ရည်ညွှန်းထားပါတယ်။ ကျွန်မကိုယ်တိုင်ကတော့ အဲဒီပစ္စည်းကိုသုံးပြီး ဆီးချိုကုသတာမျိုး မရှိပါဘူး” လို့ သူက ဆိုပါတယ်။

မသက်ဆိုင်တဲ့ဓာတ်ပုံတွေ

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ မှားယွင်းမျှဝေထားတဲ့ Facebook ပို့စ်ကဓာတ်ပုံကို မြန်မာအစိုးရသတင်းဌာနလက်ခွဲတစ်ခုဖြစ်တဲ့ Myanmar Digital News ရဲ့ဝဘ်ဆိုဒ်မှာ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၉ ရက်နေ့က ဆေးရုံတိုးချဲ့ဆောင်သစ်ဖွင့်ပွဲအခမ်းအနားသတင်းတစ်ပုဒ်နဲ့အတူ တင်ထားတာ တွေ့ရပါတယ် (archived link)။

သတင်းခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဝေါမြို့နယ် ပြည်သူ့ဆေးရုံ တိုးချဲ့နှစ်ထပ် လူနာဆောင်သစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်” (မူရင်းအတိုင်း)

ဆောင်းပါးထဲမှာ GlucoPro အကြောင်းရော၊ ဆီးချိုကုသရေးအကြောင်းရော ရေးသားထားတာ မရှိပါဘူး။

အောက်မှာ အတုအယောင်ကြော်ငြာပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ Myanmar Digital News က ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image
အတုအယောင်ကြော်ငြာပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ Myanmar Digital News က ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

ထပ်မံပြီး ဓာတ်ပုံရာဇဝင်ရှာတဲ့အခါ GlucoPro ကြော်ငြာထားတဲ့ ဘလော့ဂ်လင့်ခ်မှာ အသုံးပြုထားတဲ့ ပထမဆုံးဓာတ်ပုံကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန (လူ/ကယ်/ပြန်) ရဲ့ဝဘ်ဆိုဒ်မှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က တင်ထားတာ တွေ့ရပါတယ် (archived link)။

ဓာတ်ပုံနဲ့အတူ ပူးတွဲပါသတင်းမှာတော့ ဝန်ကြီးဌာနရဲ့ e-government ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေးပွဲအကြောင်း ရေးသားထားတာ တွေ့ရပြီး ဆီးချိုအကြောင်း၊ GlucoPro အကြောင်း တစ်စုံတရာ ဖော်ပြထားတာမျိုး မရှိပါဘူး။

အောက်မှာ အတုအယောင်ဆောင်းပါးပါ ဓာတ်ပုံ (ဘယ်) နဲ့ လူ/ကယ်/ပြန် ဝဘ်ဆိုဒ်မှာတင်ထားတဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image
အတုအယောင်ဆောင်းပါးပါ ဓာတ်ပုံ (ဘယ်) နဲ့ လူ/ကယ်/ပြန် ဝဘ်ဆိုဒ်မှာတင်ထားတဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

အတုအယောင်ဖြည့်စွက်စာတွေအကြောင်း AFP က ဖော်ထုတ်ရေးသားခဲ့ဖူးပြီး အဲဒီဆောင်းပါးတွေကို ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်