
အသည်းရောဂါတွေကိုပျောက်ကင်းစေတယ်ဆိုတဲ့ မှားယွင်းပြောဆိုမှုနဲ့ ဖြည့်စွက်စာရောင်းချတဲ့ဗီဒီယို အွန်လိုင်းပေါ်ပျံ့နှံ့
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 19 မေ 2023 အချိန် 11h07
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP Philippines, AFP Thailand
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
ဒီဗီဒီယိုကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့က Facebook ဒီလင့်ခ်မှာ မျှဝေထားပြီး ပြန်လည်မျှဝေမှုအကြိမ်ရေ ၄၃၀ ကျော်ရှိနေပါတယ်။
"သတင်းကောင်းကတော့ ဂျာမနီနိုင်ငံမှ Cagan Nano ရဲ့ကျေးဇူးကြောင့် အသည်းရောင်အသားဝါ B, C, Cirrhosis လုံးဝပျောက်ကင်းသွားနိုင်ပါတယ်။" (မူရင်းအတိုင်း) ဆိုပြီး ပို့စ်မှာစာသားဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီဖြည့်စွက်ရေဖျော်ဆေးပြားကို တစ်နေ့နှစ်ကြိမ်သောက်သုံးပါက အသည်းရောင်အသားဝါရောဂါအပြင် အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာတွေကိုပါ ပျောက်ကင်းစေနိုင်တယ်လို့ ပြောဆိုထားပါတယ်။

"Bပိုးရောဂါ ဖြစ်နေတယ် ဘယ်လိုသောက်ရလည်မသိဘူး" (မူရင်းအတိုင်း) ဆိုတဲ့မှတ်ချက်တစ်ခုကိုလည်း ဒီပို့စ်အောက်မှာ တွေ့နိုင်ပါတယ်။
တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို Facebook ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားပါတယ်။
သိပ္ပံနည်းကျသက်သေအထောက်အထားမရှိ
ကျန်းမာရေးဆိုင်ရာအချက်အလက်မှားတွေကို တိုက်ဖျက်နေတဲ့ အကျိုးအမြတ်မယူအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Meedan ရဲ့ ကျန်းမာရေးဆိုင်ရာပညာရှင်တွေက Cagan Nano ဖြည့်စွက်စာဟာ အသည်းရောဂါတွေကိုကုသရာမှာ ထိရောက်မှုရှိတယ်ဆိုတဲ့ "အထောက်အထားမရှိဘူး" လို့ AFP ကို ပြောပါတယ် (Archived link)။
"အဓိက အကြောင်းအရင်းက Cagan Nano ရဲ့ ပါဝင်ပစ္စည်းအမှန်ကိုသိနိုင်ဖို့ စံချိန်စံညွှန်းအမီ အတည်ပြုမှုလုပ်ငန်းစဥ်တွေ မရှိတဲ့အတွက် ဒီပါဝင်ပစ္စည်းတွေရဲ့ ဘေးအန္တရာယ်နဲ့ အကျိုးထိရောက်မှုကို အကဲဖြတ်ဖို့ခက်ခဲပါတယ်" လို့ Meedan ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်နေ့မှာ အီးမေလ်ကတဆင့် AFP ကို ပြောပါတယ်။
ဒါ့အပြင် ဒီဗီဒီယိုထဲမှာ ပြောဆိုထားသလို Hepatitis B ကို "ထိရောက်စွာကုသနိုင်တဲ့ ကုထုံးတွေမရှိ”တဲ့အပြင် “လေ့လာနေတဲ့ ကုသနည်းတွေမှာ Nanotechnology ကို အသုံးပြုမှုမရှိဘူး" လို့လည်း Meedan က ဆိုပါတယ်။
"ဒီဖြည့်စွက်စာတွေက ကျန်းမာရေးဆိုင်ရာအထောက်အကူမရှိနိုင်တဲ့အပြင် ဘေးထွက်ဆိုးကျိုးတွေပါ ဖြစ်စေနိုင်တဲ့အတွက် သတိပြုသုံးစွဲသင့်တယ်" လို့ Meedan ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
FDA ခွင့်ပြုချက်မရှိတဲ့ ထုတ်ကုန်
ဒီမှားယွင်းပြောဆိုမှုဟာ ဖိလစ်ပိုင်နိုင်ငံမှာလည်း ပျံ့နှံ့နေပြီး ဖိလစ်ပိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဒီဖြည့်စွက်စာဟာ ခွင့်ပြုချက်မရှိတဲ့ထုတ်ကုန်တစ်ခုဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာတွေက ဒီလိုပို့စ်တွေကိုလွယ်လွယ်ကူကူမယုံကြည်ဖို့ သတိပေးပြောဆိုထားပါတယ် (Archived link)။
"ကျန်းမာရေး ထုတ်ကုန်များ၏ ဘေးကင်းမှု၊ ထိရောက်မှုနှင့် အရည်အသွေးကို သေချာစေရန် FDA ခွင့်ပြုချက်အမှတ်ရရှိပြီးဖြစ်တဲ့ ကျန်းမာရေးထုတ်ကုန်များကိုသာ ဝယ်ယူသုံးစွဲပါ" ဆိုပြီး ထုတ်ပြန်ထားပါတယ်။
ဖိလစ်ပိုင်အသည်းရောဂါဗေဒအဖွဲ့အစည်း (Hepatology Society of the Philippines) ကလည်း ဒီဖြည့်စွက်စာကို အသင်းအဖွဲ့ကထောက်ခံထားတာမရှိဘူးလို့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပြီး အသည်းရောဂါဆိုင်ရာပြဿနာတွေကို ကျွမ်းကျင်သူဆရာဝန်တွေနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ တိုက်တွန်းထားပါတယ် (Archived link)။
"HSP အဖွဲ့အစည်းသည် Cagan Nano ဖြည့်စွက်စာနှင့် လုံးဝဆက်နွှယ်မှုမရှိပါ။ ဒါ့အပြင် ဒီဖြည့်စွက်စာ၏ အသည်းနှင့်ပတ်သက်သည့် ပြောဆိုမှုများကို အသင်းအဖွဲ့က မထောက်ခံပါ" လို့ ဒီသတိပေးစာမှာ ဖော်ပြထားပါတယ်။
အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနရဲ့ ခွင့်ပြုမှုရထုတ်ကုန်တွေထဲမှာလည်း Cagan Nano မပါဝင်တာတွေ့ရပါတယ် (Archived link)။
Cagan Nano ဖြည့်စွက်စာနဲ့ ပက်သက်တဲ့မှားယွင်းပြောဆိုမှုကို AFP ဖိလစ်ပိုင်က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပြီး အခြားဆေးဘက်ဆိုင်ရာမှားယွင်းပြောဆိုမှုတွေကိုလည်း ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်