၂၀၂၄ ခုနှစ် မြောက်အမေရိက နေကြတ်မှုဆိုပြီး ဗီဒီယိုဟောင်းတစ်ခု မှားယွင်းပျံ့နှံ့

၂၀၂၄ ခုနှစ်၊ ဧပြီလက မြောက်အမေရိကမှာ အလွန်ရှားပါးတဲ့ နေအပြည့်အဝကြတ်မှုဖြစ်ပေါ်ခဲ့တဲ့နောက်  ဒီနေကြတ်မှုကလို့ ဆိုထားတဲ့ ဗီဒီယိုဟောင်းတစ်ခုကို အင်တာနက်လူမှုကွန်ရက်မှာ မှားယွင်းမျှဝေခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုဟာ လွန်ခဲ့တဲ့ ခုနစ်နှစ်က နေကြတ်မှုကို အမေရိကန်ပြည်ထောင်စု၊ Oregon ပြည်နယ်၊ Madras မြို့မှာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါအပြင် ၂၀၂၄ ခုနှစ် နေအပြည့်အဝကြတ်မှုကို  Madras မြို့ကနေ မမြင်တွေ့ခဲ့ရပါဘူး။  

"မြောက်အမေရိကမှာ နေကြတ်ခြင်း ဗဟုသုတ #နေကြတ်" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက် က မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။

ကြည့်ရှုမှုအကြိမ်ရေ ၂,၁၀၀ ကျော်ရှိတဲ့ ဒီဗီဒီယိုမှာ လက နေကို အပြည့်အဝပိတ်ဆို့ခဲ့တဲ့နောက် နေ့ကနေ ညအသွင် ခဏတာမှောင်မိုက်သွားတာ တွေ့ရပါတယ်။

ဗီဒီယိုထဲမှာ လူတွေရဲ့ အော်ဟစ်အားပေးနေတဲ့ အသံတွေကိုလည်းကြားရပါတယ်။

နေအပြည့်အဝကြတ်မှုကြောင့်  မြောက်အမေရိကတိုက်အချို့နေရာတွေမှာ အမှောင်ထုကျရောက်မှုကို မြောက်အမေရိကတိုက်သားတွေ စောင့်ကြည့်ခဲ့ကြပြီးနောက် ဒီဗီဒီယို အွန်လိုင်းပေါ်ပျံ့နှံ့လာတာဖြစ်ပါတယ်။

Image

တူညီတဲ့ ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို Facebook ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေနေကြပါတယ်။

ဒါပေမဲ့ ဒါဟာ ၂၀၂၄ ခုနှစ် နေကြတ်မှုမတိုင်ခင် နှစ်အတော်ကြာကတည်းက ရိုက်ကူးထားတဲ့ ဗီဒီယိုဟောင်းဖြစ်ပါတယ်။ 

၂၀၁၇ ခုနှစ်က ဗီဒီယို

ဗီဒီယိုထဲကပုံရိပ်တွေကို Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ဒီဗီဒီယိုကို အမေရိကန်အခြေစိုက် နည်းပညာဝဘ်ဆိုက် GeekWire က YouTube မှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်က မျှဝေထားတာ တွေ့ရပါတယ်။ (archived link)

"John E.Hoots က Oregon ပြည်နယ် Madras မြို့မှာရိုက်ကူးခဲ့တဲ့ ဒီဗီဒီယိုမှာ သြဂုတ်လ ၂၁ ရက်က နေကြတ်မှုဖြစ်စဥ်တခုလုံးကို ပြန်လည်ရှုစားကြပါ"ဆိုပြီး ခေါင်းစဥ်ဖော်ပြထားပါတယ်။

အောက်မှာနားလည်မှုလွဲစေတဲ့ ပို့စ်ကဗီဒီယို (ဘယ်) ကို GeekWire ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။  

Image
နားလည်မှုလွဲစေတဲ့ ပို့စ်ကဗီဒီယို (ဘယ်) ကို GeekWire ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

ရာစုနှစ်တစ်ခုနီးပါးအကြာမှာ ပထမဆုံးအကြိမ်အဖြစ် "ကြီးမားတဲ့ အမေရိကန်နေကြတ်မှု" လို့အမည်တွင်တဲ့ အရှေ့ကမ်းရိုးတန်းကနေ အနောက်ကမ်းရိုးတန်းတစ်လျှောက် တိုက်ကြီးတစ်ခုလုံးမှာ နေအပြည့်အဝကြတ်မှုကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်မှာ သန်းနဲ့ချီတဲ့ ပြည်သူတွေ မျက်မြင်ကြုံတွေ့ခဲ့ကြပါတယ်။  

ဒီနေကြတ်မှုလမ်းကြောင်းဟာ မိုင် ၇၀ (၁၁၃ ကီလိုမီတာ) အကျယ်ရှိပြီး အမေရိကန်နိုင်ငံရဲ့ ပြည်နယ် ၁၄ ခုကို ဖြတ်သန်းခဲ့ပါတယ်။

ကျွမ်းကျင်ပညာရှင်တွေက Oregon ပြည်နယ်မှာရှိတဲ့ Madras မြို့ဟာ နေကြတ်မှုကိုကြည့်ရှုဖို့ ပြီးပြည့်စုံတဲ့အခြေအနေမှာတည်ရှိတယ်လို့ ဆိုခဲ့ပြီးနောက် ပုံမှန်လူဦးရေ ၇,၀၀၀ ကျော်ရှိတဲ့ ဒီမြို့မှာ လူပေါင်း ၁၀၀,၀၀၀ ကျော်လာရောက်စုဝေးခဲ့ကြတယ်လို့ AFP က ဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။  

မှားယွင်းပျံ့နှံ့နေတဲ့ ဗီဒီယိုထဲက လူတွေရဲ့ အော်ဟစ်အားပေးမှုအသံတွေကို ဒီ GreekWire ဗီဒီယိုထဲမှာလည်း ကြားရပါတယ်။

ဒီဗီဒီယိုကို Jefferson County ပွဲခင်းမှာ အငြိမ်းစား သိပ္ပံပညာရှင် John E. Hoots က သူ့ရဲ့ လက်ကိုင်ကင်မရာနဲ့ ရိုက်ကူးခဲ့တယ်လို့ GreekWire ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ (archived link)

"နေအပြည့်ကြတ်ခါနီးမှာ Hoots က သူ့ကင်မရာရဲ့ solar filter ကို ဖယ်ရှားခဲ့ပြီး Corona လို့ခေါ်တဲ့ နေအပြင်ဘက်လေထုရဲ့ ညင်သာတဲ့ တောက်ပမှုကို ရိုက်ကူးခဲ့ပါတယ်" လို့ ရေးသားထားပါတယ်။

တပိုင်းတစနေကြတ်မှု  

ဒါအပြင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်က နေအပြည့်အဝကြတ်မှုကို Madras မြို့ကနေ မတွေ့မြင်ခဲ့ပါဘူး။

NASA ရဲ့ မြေပုံအရ ဒီမြို့ကနေ တပိုင်းတစနေကြတ်မှုကိုသာ ခဏတာမြင်တွေ့ရပါတယ်။ (archived link)

အောက်မှာ NASA ရဲ့ နေအပြည့်အဝကြတ်မှုကို မြင်တွေ့နိုင်တဲ့ လမ်းကြောင်းပြမြေပုံမှာ အနီရောင် အစက်နဲ့ပြထားတဲ့ Madras မြို့ကိုတွေ့နိုင်ပါတယ်။

Image
NASA ရဲ့ နေအပြည့်အဝကြတ်မှုကို မြင်တွေ့နိုင်တဲ့ လမ်းကြောင်းပြမြေပုံမှာ အနီရောင် အစက်နဲ့ပြထားတဲ့ Madras မြို့

တပိုင်းတစနေကြတ်မှုဟာ လက နေနဲ့ ကမ္ဘာကြားဖြတ်သန်းပေမယ့် နေ၊ လ၊ ကမ္ဘာ တစ်ထပ်တည်းမကျရောက်ပဲ လက နေရဲ့အစိတ်အပိုင်းအချို့ကိုသာဖုံးကွယ်ပြီး လခြမ်းပုံသဏ္ဍာန်အရိပ်ကို ကမ္ဘာကနေမြင်တွေ့ရတာဖြစ်တယ်လို့ NASA ဝဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ (archived link)

၂၀၂၄ ဧပြီလက နေအပြည့်အဝကြတ်မှုကို Oregon ပြည်နယ်ကနေ မမြင်တွေ့နိုင်ပေမဲ့ Alaska နဲ့ Hawaii ပြည်နယ်အချို့နေရာတွေအပါအဝင် အမေရိကန်ပြည်ထောင်စုကပြည်နယ်တိုင်းမှာ တပိုင်းတစနေကြတ်မှုကို တွေ့မြင်ရလိမ့်မယ်လို့ NASA က ဆိုပါတယ်။ (archived link)

၂၀၂၄ ခုနှစ် နေကြတ်မှုနဲ့ သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာလည်း အချက်အလက်စိစစ်ထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်