ရာသီဥတုပူပြင်းချိန် ရေခဲရေသောက်ခြင်းက ဦးနှောက်သွေးကြောပေါက်စေနိုင်တယ်ဆိုတဲ့ မှားယွင်းပြောဆိုမှု ကျွမ်းကျင်သူတွေငြင်းဆို

၂၀၂၄ ခုနှစ်၊ ဧပြီလထဲ မြန်မာနိုင်ငံမှာ စံချိန်တင်အပူချိန်မြင့်တက်ခဲ့တဲ့နောက် နေပူပြင်းချိန် ရေခဲရေသောက်ခြင်းကြောင့် ဦးနှောက်သွေးကြောပေါက်ပြီး အသက်ဆုံးရှုံးနိုင်တယ်ဆိုတဲ့မှားယွင်းတဲ့ပို့စ်တွေ Facebook မှာ ပျံ့နှံ့လာခဲ့ပါတယ်။ ရေအေးသောက်ခြင်းကြောင့် သွေးကြောတွေ ကျုံ့သွားနိုင်ပေမယ့် ဦးနှောက်သွေးကြောပေါက်တဲ့အထိ မပြင်းထန်ဘူးလို့ ဆေးပညာကျွမ်းကျင်သူတွေက ပြောပါတယ်။ ရေအေးသောက်ခြင်းနဲ့ ခန္ဓာကိုယ်ကို အေးမြစေတာဟာ လူကို အန္တရာယ်မဖြစ်နိုင်ဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ 

အဲဒီပို့စ်ကို ဧပြီလ ၂၇ ရက်က Facebook ဒီလင့်ခ်မှာ မျှဝေခဲ့တာဖြစ်ပြီး အပူဒဏ်ကာကွယ်ဖို့အတွက် ရေများများသောက်ဖို့၊ အဝတ်တွေကို ရေစိမ်ပြီး ဖြန့်လှန်းထားဖို့၊ အရည်ရွှန်းတဲ့အသီးအနှံတွေစားဖို့ စတဲ့အချက်တွေကို တိုက်တွန်းထားပြီး အခုလိုလည်း တပိုင်းတစ ရေးသားထားပါတယ်။

"ရေခဲရေ လုံးဝ လုံးဝ❎မသောက်ပါနဲ့ 
☠☠အပူရှပ် /ဦးနှောက် သွေးကြောပြတ် 
အကောင်းကြီး ကနေ ချက်ခြင်း 
အသက်ထွက် တတ်ပါတယ်။ 
မိတ်ဆွေများအားလုံး မိမိအသက်ကို 
မိမိဉာဏ်ဖြင့် ကာကွယ်စောင့်ရှောက်နိုင်ပါစေ"(မူရင်းအတိုင်း) 

Image
မှားယွင်းတဲ့ပို့စ်ကို ၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်က ရယူထားတဲ့ screenshot

အိမ်နီးချင်းနိုင်ငံတွေလိုပဲ မြန်မာနိုင်ငံမှာလည်း မတ်လနဲ့ ဧပြီလတွေမှာ စံချိန်တင်အပူချိန်မြင့်တက်ခဲ့တဲ့နောက် ရာသီဥတုပူပြင်းချိန် ရေအေးနဲ့ ရေခဲရေတွေ မသောက်ကြဖို့တိုက်တွန်းတဲ့ မှားယွင်းတဲ့ပို့စ်တွေပျံ့နှံ့ခဲ့ပါတယ်။

ဧပြီလ ၂၉ ရက်က မြန်မာနိုင်ငံမှာ စံချိန်တင်အပူချိန် ၄၈ ဒဿမ ၂ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်ခဲ့ကြောင်း ဒီ AFP သတင်းမှာ ဖော်ပြခဲ့ပါတယ်။ 

တူညီတဲ့ပြောဆိုချက်တွေကို Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်တွေမှာလည်း မျှဝေခဲ့ကြပါတယ်။ 

ဒါပေမဲ့ ပူအိုက်တဲ့ရာသီမှာ "ရေအေးသောက်ခြင်းက သွေးကြောပေါက်စေနိုင်တယ်"လို့ ပြောဆိုချက်တွေဟာ မှားယွင်းကြောင်း ထိုင်းနိုင်ငံက ကျန်းမာရေးအာဏာပိုင်တွေနဲ့ နိုင်ငံတကာကျွမ်းကျင်သူတွေက ပြောပါတယ်။

ရေခဲရေသောက်ခြင်းကြောင့် ခန္ဓာကိုယ်ထိခိုက်မှုမရှိစေနိုင်ဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ 

ရေအေးသောက်လို့ အန္တရာယ်မရှိ 

ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ်၊ သိပ္ပံဌာန၊ ဇီဝဗေဒဌာနခွဲက တွဲဖက်ပါမောက္ခ Dr. Jesada Denduangboriphan က "ရေအေးသောက်တဲ့အတွက် အဲဒီလိုအန္တရာယ်မရှိပါဘူး" လို့ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်မှာ AFP ကို ပြောပါတယ်။ 

လွန်အေးတဲ့ရေကို သောက်လိုက်တဲ့အခါ ရေကို ခန္ဓာကိုယ်နဲ့ကိုက်ညီအောင် ချက်ချင်းညှိပေးပါတယ်။ ဒါကြောင့် ရေခဲရေကို သောက်လို့ ဘေးအန္တရာယ်မဖြစ်စေနိုင်သလို အဲဒီလိုလက္ခဏာမျိုးတွေလည်း မဖြစ်စေနိုင်ပါဘူး” လို့ Dr. Jesada က ဆိုပါတယ်။

Image
ထိုင်းနိုင်ငံ၊ သတင်းတုတိုက်ဖျက်ရေးစင်တာရဲ့ ထုတ်ပြန်ချက်

ထိုင်းနိုင်ငံ၊ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးဘက်ဆိုင်ရာဌာနလက်အောက်မှာရှိတဲ့ Rajavithi ဆေးရုံကလည်း အဲဒီအဆိုဟာ တိုင်းရင်းဆေးပညာအရဖြစ်ဖြစ်၊ ခေတ်ပေါ်ဆေးပညာအရဖြစ်ဖြစ် အထောက်အထားတစုံတရာမရှိကြောင်း အတည်ပြုထုတ်ပြန်ထားပါတယ်။ အဲဒီလိုပို့စ်တွေဟာ မှားယွင်းတဲ့အချက်အလက်တွေ ပါဝင်ပြီး မယုံကြည်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံ အရေးပေါ်ကုသမှုဆေးပညာကောလိပ် (Philippine College of Emergency Medicine) ရဲ့ ဥက္ကဌ Dr Richard Santos က ပို့စ်တွေမှာ မှန်ကန်တဲ့အချက်အလက်တချို့ပါဝင်ပေမယ့် ရာသီဥတုပူချိန် ရေခဲရေမသောက်ဖို့ ပြောဆိုချက်ကတော့ မှားယွင်းချိတ်ဆက်ထားတဲ့အဆိုဖြစ်တယ်လို့ AFP ကို ပြောပါတယ်။ 

"ရေအေးသောက်လိုက်တဲ့အခါ သွေးကြောတွေ ကျုံ့သွားတယ်ဆိုတဲ့ တချို့အချက်တွေက မှန်ပါတယ်။ ဒါဟာ အအေးဓာတ်နဲ့ထိတွေ့တဲ့အခါ ခန္ဓာကိုယ်ရဲ့ရုပ်ပိုင်ဆိုင်ရာတုံ့ပြန်မှုတစ်ခုပါပဲ" လို့ သူကဆိုပါတယ်။ 

"ဒါပေမဲ့ ရေအေးသောက်လိုက်လို့ သွေးကြောပြတ်တာ၊ ပိတ်ဆို့တာ၊ လေဖြတ်တာ ဖြစ်တယ်ဆိုတဲ့ အထောက်အထား မရှိပါဘူး။" 

"ရေအေးသောက်ခြင်းကြောင့် ရောဂါအခံရှိတဲ့လူတစ်ချို့ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ အတော်ကို ကြုံတောင့်ကြုံခဲဖြစ်ပါတယ်။ ရေအေးသောက်ခြင်းကြောင့် အနုတ်သဘောဆောင်တဲ့တုံ့ပြန်မှု မဖြစ်နိုင်သလောက်ပဲ" လို့ သူက ဆက်ပြောပါတယ်။ 

"ကျွန်တော်တို့ခန္ဓာကိုယ်ဟာ အပူချိန်ကို မိနစ် ၃၀ ကနေ တစ်နာရီလောက်ပဲ ချိန်ညှိနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို အေးမြအောင်လုပ်ဖို့ တတ်နိုင်သမျှလုပ်ဖို့လိုအပ်ပါတယ်" လို့  Dr. Santos က ဆိုပါတယ်။

မြင်မားတဲ့အပူချိန်၊ စိုထိုင်းဆများတဲ့ပတ်ဝန်းကျင်နဲ့ ပုံမှန်မဟုတ်တဲ့ အချိန်ကာလကြာထိတွေ့မှုတွေဟာ "လိုအပ်တဲ့ကုသမှု ဒါမှမဟုတ် လုံလောက်တဲ့အရည်ဓာတ်ဖြည့်တင်းမှု မရှိရင်" အပူကြောင့်ကြွက်တက်ခြင်း၊ အပူကန်ခြင်းတွေစတဲ့ အပူနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်စေနိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု၊ Johns Hopkins ဆေးပညာဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်