ဘရာဇီးလူနေရပ်ကွက်တစ်ခုက 'နောက်ဆုံး သစ်ပင်' ဒီဂျစ်တယ်အနုပညာဖန်တီးမှုကို အစစ်အမှန်ဆိုပြီး မှားယွင်းမျှဝေ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 17 မေ 2024 အချိန် 06h01
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ဘရာဇီး, AFP ထိုင်း
အဆောက်အအုံတွေနဲ့ပြည့်ကျပ်နေတဲ့ရပ်ကွက်တစ်ခုမှာ တစ်ထီးတည်းသစ်ပင်တစ်ပင်ကိုတွေ့ရတဲ့ ဒီဂျစ်တယ်နည်းပညာနဲ့ ဖန်တီးထားတဲ့ဓာတ်ပုံတစ်ပုံကို ဘရာဇီးနိုင်ငံရဲ့ Rio de Janeiro မြို့၊ Rocinha ရပ်ကွက်ထဲ အမှန်တကယ်တွေ့ရတဲ့ မြင်ကွင်းဆိုပြီး မြန်မာ့အင်တာနက်လူမှုကွန်ရက်တွေမှာ မှားယွင်းဖော်ပြနေကြပါတယ်။ ဓာတ်ပုံဖန်တီးသူက "ဒီဂျစ်တယ်နည်းအရပြုပြင်နည်းမျိုးစုံ" သုံးပြီး ဒီဓာတ်ပုံကို ဖန်တီးခဲ့တယ်လို့ AFP ကိုပြောပါတယ်။ ဒါအပြင် ဓာတ်ပုံကို ခွဲခြမ်းစိတ်ဖြာလေ့လာရာမှာ ဒီဂျစ်တယ်ပြုပြင်ဖန်တီးမှုပြုလုပ်ထားတဲ့ သဲလွန်စတွေ တွေ့ရှိခဲ့ပါတယ်။  

"ဘရာဇီးနိုင်ငံ Rocinha မြို့တွင်း နောက်ဆုံးသစ်ပင်" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်က မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။  

Rocinha ဟာ ဘရာဇီးနိုင်ငံ Rio de Janeiro မြို့တောင်ဘက်ရှိ Favela လို့ခေါ်တဲ့ နွမ်းပါးသူတွေနေထိုင်ရာ ရပ်ကွက်တစ်ခုဖြစ်ပါတယ်။  

အဆောက်အအုံတွေနဲ့ပြည့်ကျပ်ထူထပ်နေတဲ့ရပ်ကွက်တစ်ခုမှာ တစ်ထီးတည်းရှိနေတဲ့ အစိမ်းရောင်သစ်ပင်တစ်ပင်ကို နေအိမ်အများအပြားက ဝိုင်းရံထားတဲ့ ဓာတ်ပုံကို ဒီပို့စ်နဲ့အတူ တွေ့ရပါတယ်။

Image
၂၀၂၄ ခုနှစ်၊ မေလ ၁၀ ရက်က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ ပို့စ်ရဲ့ Screenshot

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံကို Facebook ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားပါတယ်။  

ဒီပို့စ်တွေအောက်က မှတ်ချက်တွေကိုကြည့်ရင် ဒီမြင်ကွင်းဟာ အမှန်တကယ် ဆိုပြီး ယုံကြည်နေကြတာကို တွေ့ရပါတယ်။  

"စိန်းလန်းစိုပြေဖို့အမျိုးတုံးကုန်ပြီး" (မူရင်းအတိုင်း)  ဆိုပြီး မှတ်ချက်တစ်ခုမှာ ရေးသားထားပြီး "သစ်ပင်စိုက်ရန်ပင် နေရာမလပ် ဖြစ်နေသော ဤလိုနေရာမှာ နေရမှ တဲ့လားဗျာ" (မူရင်းအတိုင်း) နောက်ထပ်မှတ်ချက်တစ်ခုမှာ ရေးသားထားပါတယ်။  

ဒါပေမဲ့ ဒီဓာတ်ပုံကမြင်ကွင်းဟာ အပြင်မှာအမှန်တကယ်ရှိသယောင် ပြောဆိုနေကြတဲ့ ပေါ်တူဂီဘာသာစကားနဲ့ ပို့စ်တွေကို AFP က ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။ 

ဒီဂျစ်တယ်ဖန်တီးမှု 

Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေမှုအပြင် အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ ဒီဓာတ်ပုံကို ဘရာဇီးရုပ်ပုံအနုပညာရှင် Luiz Bhering က သူ့ရဲ့ Instagram မှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှာ မျှဝေထားတာ တွေ့ရပါတယ်။ (Archived link)

"တောင်းဆိုမှုတစ်ခုကြောင့် ဒီနေ့ပဲပုံနှိပ်ဖြစ်တဲ့ 'Resistência' 'ခုခံမှု' လို့အမည်ပေးထားတဲ့ ဖန်တီးမှုလက်ရာကို ပြန်လည်မျှဝေလိုက်ပါတယ်" ဆိုပြီး ပေါ်တူဂီဘာသာနဲ့ စာသားပါရှိပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ ပို့စ်ကဓာတ်ပုံ screenshot (ဘယ်) ကို Bhering ရဲ့ ဓာတ်ပုံ screenshot (ညာ) နဲ့ နှိုင်းယှဥ်ထားတာ တွေ့နိုင်ပါတယ်။  

Image
နားလည်မှုလွဲစေတဲ့ ပို့စ်ကဓာတ်ပုံ screenshot (ဘယ်) ကို Bhering ရဲ့ ဓာတ်ပုံ screenshot (ညာ) နဲ့ နှိုင်းယှဥ်

Bhering က ဒီဓာတ်ပုံကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်ကလည်း Instagram မှာ ဖော်ပြခဲ့ပါတယ်။ (Archive link)

ဒီရုပ်ပုံကို "မတူညီတဲ့ ဒီဂျစ်တယ်နည်းအရပြုပြင်နည်းမျိုးစုံ" အသုံးပြုပြီး ဖန်တီးခဲ့တယ်လို့ သူက AFP ကိုပြောပါတယ်။

Rio de Janeiro မြို့ရဲ့ မြောက်ပိုင်းဇုန်က နွမ်းပါးသူတွေနေထိုင်ရာ ရပ်ကွက်စုဖြစ်တဲ့  Complexo do Alemão မှာ ၂၀၁၇ ခုနှစ်က ရိုက်ကူးထားတဲ့ ဓာတ်ပုံကို အသုံးပြုခဲ့တယ်လို့ သူက ဆိုပါတယ်။

"ဒီဓာတ်ပုံတစ်ပုံတည်းကိုပဲ အကြိမ်များစွာ ပွားယူတည်းဖြတ်ထားပြီး ဓာတ်ပုံထဲက သစ်ပင်ကိုတော့ တစ်ကြိမ်တည်းဖော်ပြထားတာပါ" လို့ သူက AFP ကို ပြောပါတယ်။

"ရုပ်ပုံတွေညီညီညာညာဖြစ်အောင်လို့ ရှု့ထောင့်ကိုလျော့ချထားပါတယ်။ အိမ်တွေကိုလည်း ရည်ရွယ်ချက်ရှိရှိနဲ့ ထပ်ခါထပ်ခါ ဖြည့်စွက်ထားပါတယ်။"

ရုပ်ပုံကိုအသေးစိတ်လေ့လာကြည့်တဲ့အခါ ဓာတ်ပုံရဲ့အစိတ်အပိုင်းအတော်များများမှာ တူညီတဲ့အိမ်တွေ တစ်ကြိမ်ထပ်မနည်း ပါဝင်နေတာ တွေ့ရပါတယ်။  

အောက်မှာ အကြိမ်ကြိမ်ဖြည့်စွက်ထားတဲ့ အစိတ်အပိုင်းတွေကို AFP က အနီရောင်နဲ့ အမှတ်အသားပြုလုပ်ထားတာ တွေ့နိုင်ပါတယ်။  

Image
အကြိမ်ကြိမ်ဖြည့်စွက်ထားတဲ့ အစိတ်အပိုင်းတွေကို AFP က အနီရောင်နဲ့ အမှတ်အသားပြုလုပ်ထား

ဒီဂျစ်တယ်အနုပညာဖန်တီးမှုတွေကို အမှန်တကယ်ဆိုပြီး မှားယွင်းပြောဆိုဖော်ပြမှုတွေကို AFP က ဒီလင့်ခ်နဲ့ ဒီလင့်ခ် တွေမှာလည်း အချက်အလက်စိစစ်ထားပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်