အီရန်သမ္မတသေဆုံးခဲ့တဲ့ ရဟတ်ယာဥ်ပျက်ကျမှုကဆိုပြီး ဓာတ်ပုံဟောင်းတွေမှားယွင်းပျံ့နှံ့

အီရန်သမ္မတ Ebrahim Raisi စီးနင်းလိုက်ပါလာတဲ့ ရဟတ်ယာဥ်ဟာ မြူခိုးတွေနဲ့ လူသူအရောက်အပေါက်နည်းတဲ့ တောင်တန်းတစ်နေရာမှာ ပျက်ကျမှုကြောင့် ၂၀၂၄ ခုနှစ်၊ မေလ ၂၀ ရက်မှာ အီရန်သမ္မတ သေဆုံးခဲ့တယ်လို့ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဒီရဟတ်ယာဥ်ပျက်ကျမှုကအပျက်အစီးတွေလို့ဆိုထားတဲ့ အင်တာနက်လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေဟာ အခြားရဟတ်ယာဥ်ပျက်ကျမှုကဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေကို ရဲသင်တန်းပေးရဟတ်ယာဥ်တစ်စင်း ၂၀၂၀ ခုနှစ်က Mazandaran ပြည်နယ်မှာပျက်ကျခဲ့တဲ့အကြောင်း ရေးသားထားတဲ့ အီရန်သတင်းဆောင်းပါးတွေမှာ ဖော်ပြခဲ့ပါတယ်။ 

"အီရန်သမ္မတ ရိုင်စီ၏ ရဟတ်ယာဉ်ပျက်ကိုရှာတွေ့ပြီး သမ္မတအပါအဝင် လိုက်ပါသူအားလုံးသေဆုံး" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ မေလ ၂၀ ရက်မှာ မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။

ဒီပို့စ်မှာ အီရန်သမ္မတရဲ့ဓာတ်ပုံတစ်ပုံအပါအဝင် အတောင်ပံမှာ "၁၁၃၆" နံပါတ်ပါရှိတဲ့ ရဟတ်ယာဥ်တစ်စင်းရဲ့ အပျက်အစီးဘေး ရပ်နေတဲ့ ကယ်ဆယ်ရေးလုပ်သားတွေရဲ့ ဓာတ်ပုံတွေပါရှိပါတယ်။

Image
၂၀၂၄ ခုနှစ်၊ မေလ ၂၂ ရက်က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံတွေကို အင်္ဂလိပ်ဘင်္ဂါလီထိုင်းဂရိဟိန္ဒီမလေး စတဲ့ ဘာသာစကားတွေနဲ့လည်း မျှဝေနေကြပါတယ်။

ဒီရဟတ်ယာဥ်ပျက်ကျမှုမှာ သမ္မတ Ebrahim Raisai သေဆုံးခဲ့တယ်လို့ အီရန်က အတည်ပြုခဲ့တဲ့နောက် အစ္စရေးနဲ့မဟာမိတ်အဖွဲ့တွေကို ဆန့်ကျင်တဲ့ အီရန်ကျောထောက်နောက်ခံ "ခုခံဝင်ရိုး" ခေါ် "Axis of Resistance" အဖွဲ့ဝင်တွေက မေလ ၂၀ ရက်မှာ ဝမ်းနည်းကြောင်းသဝန်လွှာတွေပေးပို့ခဲ့ပါတယ်။  

မြူခိုးတွေနဲ့ လူသူအရောက်အပေါက်နည်းတဲ့တောင်တန်းပေါ် ရဟတ်ယာဥ်ပျက်ကျမှုကြောင့် သေဆုံးခဲ့သူတွေထဲမှာ ပြင်းထန်တဲ့ အစ္စရေးဆန့်ကျင်ရေး စိတ်ဓာတ် နဲ့ အနောက်တိုင်းကို သံသယရှိသူ အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian လည်းပါဝင်ခဲ့ပါတယ်။

ဓာတ်ပုံဟောင်းများ

Google မှာ အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ ဒီဓာတ်ပုံတွေကို အီရန်တရားစီရင်ရေးနဲ့ ဆက်စပ်နေတဲ့ Mizan သတင်းဌာနက Instagram မှာ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၃ ရက်က မျှဝေထားတာတွေ့ရပါတယ်။ (Archived link)

ရဟတ်ယာဥ်အပျက်အစီးကို အီရန်နိုင်ငံ မြောက်ပိုင်းဒေသရဲ့ Mazandaran ပြည်နယ်မှာတွေ့ရှိခဲ့တယ်လို့ ဒီပို့စ်မှာ ဖော်ပြထားပါတယ်။

အောက်မှာ မှားယွင်းပြောဆိုထားတဲ့ Facebook ပို့စ်က ဓာတ်ပုံတွေ (ဘယ်) ကို Mizan ရဲ့ ဓာတ်ပုံတွေ (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။

Image
Image
မှားယွင်းပြောဆိုထားတဲ့ Facebook ပို့စ်က ဓာတ်ပုံတွေ (ဘယ်) ကို Mizan ရဲ့ ဓာတ်ပုံတွေ (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

ဆင်တူဓာတ်ပုံတစ်ပုံကို အီရန်ရဲ့ တရားဝင် အစ္စလာမ္မစ်သမ္မတနိုင်ငံသတင်းအေဂျင်စီ (IRNA) က ရာသီဥတုဆိုးရွားမှုကြောင့် Mazandaran မှာ ပျက်ကျခဲ့တဲ့ ရဲလေ့ကျင့်ရေးရဟတ်ယာဥ်အကြောင်း ဖော်ပြထားတဲ့ဆောင်းပါးတစ်ခုမှာလည်း ဖော်ပြခဲ့ပါတယ်။ (Archived link)

IRNA ဆောင်းပါးထဲက ဓာတ်ပုံမှာ "၁၁၃၆" နံပါတ်ပါတဲ့ ရဟတ်ယာဥ်တောင်ပံကိုတွေ့ရပြီး Mizan ရဲ့ ဓာတ်ပုံမှာတွေ့ရတဲ့ ရဟတ်ယာဥ်နံပါတ်နဲ့ထပ်တူကျနေတာကို တွေ့ရပါတယ်။

Image
IRNA ဆောင်းပါးထဲက ရဟတ်ယာဥ်နံပါတ်ကို AFP က အမှတ်အသားပြုလုပ်ထားတဲ့ Screenshot

နောက်ထပ်ဓာတ်ပုံတစ်ပုံကို အီရန်သမ္မတသေဆုံးမှုကဆိုပြီး တချို့ပို့စ်တွမှာ မှားယွင်းပြောဆိုမျှဝေခဲ့ပါတယ်။ ဒီဓာတ်ပုံဟာလည်း Mizan သတင်းဌာနရဲ့ Instagram ပို့စ်ကဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မြက်ခင်းပြင်ပေါ်က အပြာရောင်နဲ့ အဖြူရောင် ရဟတ်ယာဥ်တစ်စင်းရဲ့ ဓာတ်ပုံကို အခြားပို့စ်တွေမှာ ဖော်ပြထားကြပါတယ်။

ဒီဓာတ်ပုံကို အီရန်သမ္မတရဲ့ ရဟတ်ယာဥ်ပျက်ကျမှုဆောင်းပါးနဲ့အတူ Euro News၊ အီရန်နိုင်ငံရဲ့ Mehr News Agency နဲ့ Azad News Agency (ANA) တို့က ဖော်ပြခဲ့ပါတယ်။ (Archived links here, here and here)

ဒီဓာတ်ပုံရဲ့စစ်မှန်မှုကို ချက်ချင်းအတည်မပြုနိုင်သေးပေမဲ့ AFP က ရဟတ်ယာဉ်ပျက်ကျခဲ့တဲ့ တည်နေရာကိုပြသတဲ့ အလားတူဓာတ်ပုံတစ်ပုံကို ဖော်ပြခဲ့ပါတယ်။ 

Image
A screen grab captured from a video shows the location of wreck of helicopter carrying Iranian President Ebrahim Raisi and his delegation has been detected in Iran on May 20, 2024 (IRANIAN RED CRESCENT SOCIETY / ANADOLU / ANADOLU VIA AFP)

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်