လေယာဥ်တစ်စီးပေါ်က လေလှိုင်းထန်မှုဗီဒီယိုဟောင်းကို ၂၀၂၄ ခုနှစ် မေလ စင်္ကာပူလေကြောင်းလိုင်း ဖြစ်စဥ်အဖြစ် မှားယွင်းပျံ့နှံ့

လေထုမငြိမ်သက်မှုကြောင့်  ပြင်းပြင်းထန်ထန်လှုပ်ခါနေတဲ့ လေယာဥ်တစ်စင်းပေါ် ခရီးသည်တွေ အော်ဟစ်နေတဲ့ ဗီဒီယိုဟောင်းတစ်ခုကို ၂၀၂၄ ခုနှစ်၊ မေလထဲ စင်္ကာပူလေကြောင်းလိုင်းက လေယာဥ်တစ်စင်း ကြောက်မက်ဖွယ်ရာ အမြင့်ကနေ ထိုးကျမှုအဖြစ် ကမ္ဘာတဝန်းက အင်တာနက်လူမှုကွန်ရက်တွေမှာ မှားယွင်းမျှဝေနေကြပါတယ်။ ကြည့်ရှုမှုအကြိမ်ရေသန်းချီရှိနေတဲ့ ဒီဗီဒီယိုဟာ ဘူဂေးရီးယန်းလေကြောင်းလိုင်း လေယာဉ်ခရီးစဥ်တစ်ခုအတွင်း လေလှိုင်းထန်မှုဖြစ်ပေါ်ခဲ့တဲ့အကြောင်း ဖော်ပြထားတဲ့ သတင်းဆောင်းပါးတွေမှာ ၂၀၁၉ ခုနှစ်၊ ဇွန်လကတည်းက ပျံ့နှံ့နေခဲ့ပါတယ်။  

"စင်ကာပူလေကြောင်းလိုင်း ခရီးသည်တင်ဘိုအင်းလေယာဉ် ဘန်ကောက်တွင် အရေးပေါ်ဆင်းသက်ရ၊ခရီးသည်တစ်ဦးသေဆုံး အများအပြားဒဏ်ရာရ (ရုပ်သံ)" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ မေလ ၂၁ ရက်က မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။  

ကြည့်ရှုမှုအကြိမ်ရေ ၉၀ ကျော်ရှိတဲ့ ဒီဗီဒီယိုမှာ ပြင်းထန်တဲ့လှုပ်ခတ်မှုကြောင့် လေယာဥ်မယ်တစ်ဦး လေယာဥ်မျက်နှာကြက်ပေါ် လွှင့်တက်ရိုက်ခတ်ခံခဲ့ရတဲ့နောက် လေယာဥ်အတွင်းပိုင်းက ခရီးသည်တွေရဲ့ သွေးပျက်အော်ဟစ်နေတာ တွေ့ရပါတယ်။

Image
၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ ပို့စ်ရဲ့ Screenshot

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို အင်္ဂလိပ်တဂါလော့ထိုင်းဟိန္ဒီပေါ်တူဂီတရုတ် စတဲ့ဘာသာစကားတွေနဲ့လည်း ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုမှုအကြိမ်ရေ ၅ သန်းကျော်ရှိနေပါတယ်။

စင်္ကာပူလေကြောင်းလိုင်း လေယာဥ်အမှတ် SQ 321 ဟာ မေလ ၂၁ ရက်နေ့က မြန်မာနိုင်ငံပေါ်ဖြတ်သန်းစဥ် လေထုမငြိမ်သက်မှုကြောင့် ပြင်းထန်တဲ့လှုပ်ခတ်မှုကြုံတွေ့ခဲ့ရပြီး လေယာဥ်ပေါ်လိုက်ပါလာတဲ့ အသက် ၇၃ နှစ်အရွယ် ဗြိတိသျှနိုင်ငံသားတစ်ဦးသေဆုံးခဲ့ပြီး ခရီးသည် ၈၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

လန်ဒန်ကနေ စင်္ကာပူကိုပျံသန်းနေတဲ့ ဒီလေယာဥ်ဟာ ဘန်ကောက်မြို့တော် သုဝဏ္ဏဘူမိလေဆိပ်မှာ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ 

ခရီးသည် ၁၃၁ ဦးနဲ့ လေယာဥ်ဝန်ထမ်း ၁၂ ဦး သယ်ဆောင်လာတဲ့ ကယ်ဆယ်ရေးလေယာဥ်ဟာ စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်ကို နောက်တနေ့မှာ ဆိုက်ရောက်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီဗီဒီယိုကိုအကြောင်းအရာလွှဲမှားဖော်ပြထားတာဖြစ်ပါတယ်။  

ဘူဂေးရီးယန်း လေကြောင်းလိုင်း 

ဒီဗီဒီယိုကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလထဲ အင်ဒိုနီးရှားမှာပျက်ကျသွားတဲ့ လေယာဥ်က နောက်ဆုံးမြင်ကွင်းဆိုပြီး မှားယွင်းပြောဆိုမှုကိုလည်း AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ခဲ့ပါတယ်။  

ဗီဒီယိုထဲကပုံရိပ်တွေကို ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ဒီဗီဒီယိုကို ပြင်သစ်အခြေစိုက် ရုပ်မြင်သံကြားသတင်းဌာနတစ်ခုဖြစ်တဲ့ Euronews ရဲ့ YouTube စာမျက်နှာမှာ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၈ ရက်က ဖော်ပြထားပါတယ်။ (archived link)

"ကိုဆိုဗို-ဆွစ်ဇာလန် လေယာဥ်ခရီးစဥ်တွင်လိုက်ပါလာသည့် ခရီးသည်တစ်ဦးမှ ရိုက်ကူးထားသော လေထုမငြိမ်သက်မှု" ဆိုပြီး ခေါင်းစဥ်ဖော်ပြထားပါတယ်။

Mirjeta Basha လို့ခေါ်တဲ့ ခရီးသည်တစ်ဦးက ဒီဗီဒီယိုကို ဘူဂေးရီးယားအခြေစိုက် ALK လေကြောင်းလိုင်းက လေယာဥ်တစ်စင်း ကိုဆိုဗိုကနေ ဆွစ်ဇာလန်ကို ပျံသန်းနေစဥ် "ပြင်းထန်တဲ့ လေလှိုင်းထန်မှုဒဏ်" ခံရပြီးနောက် ရိုက်ကူးထားတာဖြစ်တယ်လို့ ဒီ Euronews ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ (Archived link)

"လေယာဥ်မျက်နှာကြက်ပေါ် လွှင့်တင်ရိုက်ခတ်ခံခဲ့ရသည့် လေယာဥ်ဝန်ထမ်းတစ်ဦးအပါအဝင် ဤဖြစ်စဥ်ကြောင့် Pristina မှ Basel သို့ ပျံသန်းနေသော ALK လေကြောင်းလိုင်းခရီးစဥ်မှ လူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။" 

အောက်မှာ မှားယွင်းပြောဆိုထားတဲ့ Facebook ပို့စ်က ဗီဒီယို (ဘယ်) ကို Euronews ဆောင်းပါးက ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကို တွေ့နိုင်ပါတယ်။

Image
မှားယွင်းပြောဆိုထားတဲ့ Facebook ပို့စ်က ဗီဒီယို (ဘယ်) ကို Euronews ဆောင်းပါးက ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

အလားတူဗီဒီယိုကို ဗီဒီယိုအေဂျင်စီ Storyful နဲ့ ယူကေအခြေစိုက် Sky News ကလည်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ မှာ ဖော်ပြခဲ့ပြီး Mirjeta Basha ကို ရိုက်ကူးသူအဖြစ် ဖော်ပြထားပါတယ်။ (Archived links here and here)

၂၀၁၉ ခုနှစ်က ဗီဒီယိုမှာတွေ့ရတဲ့ လေယာဥ်မယ်တစ်ဦးဟာ အဝါရောင်ယူနီဖောင်းကို ဝတ်ဆင်ထားတာတွေ့ရပါတယ်။ ဒီယူနီဖောင်းဟာ စင်္ကာပူလေကြောင်းလှိုင်းက အမျိုးသမီးလေယာဥ်ဝန်ထမ်းတွေ ဝတ်ဆင်လေ့ရှိတဲ့ Sarong Kebaya ယူနီဖောင်းနဲ့ ကွဲပြားနေပါတယ်။ (Archived link)

အောက်မှာ AFP က အပြာရောင်နဲ့ အမှတ်အသားပြုလုပ်ထားတဲ့ အွန်လိုင်းပေါ်ကဗီဒီယိုမှာတွေ့ရတဲ့ လေယာဥ်မယ်ယူနီဖောင်း (ဘယ်) ကို စင်္ကာပူလေကြောင်းလိုင်း ဝဘ်ဆိုဒ်မှာ တွေ့ရတဲ့ လေယာဥ်မယ်တွေရဲ့ ယူနီဖောင်း (ညာ) နဲ့ နှိုင်းယှဥ်ပြထားတဲ့ Screenshot ကို တွေ့နိုင်ပါတယ်။

Image
AFP က အပြာရောင်နဲ့ အမှတ်အသားပြုလုပ်ထားတဲ့ အွန်လိုင်းပေါ်ကဗီဒီယိုမှာတွေ့ရတဲ့ လေယာဥ်မယ်ယူနီဖောင်း (ဘယ်) ကို စင်္ကာပူလေကြောင်းလိုင်း ဝဘ်ဆိုဒ််မှာ တွေ့ရတဲ့ လေယာဥ်မယ်တွေရဲ့ ယူနီဖောင်း (ညာ) နဲ့ နှိုင်းယှဥ်ပြထားတဲ့ Screenshot

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်