ရခိုင်ငှက်ပျောက မြွေပွေးအဆိပ်ကို ပြေစေတယ်ဆိုတဲ့ အထောက်အထားမရှိကြောင်း ကျွမ်းကျင်သူတွေ ပြောဆို

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 30 မေ 2024 အချိန် 10h05
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း
ရခိုင်ငှက်ပျောပင် အစေးနဲ့ မြွေပွေးအဆိပ်ကို ဖြေဖျောက်နိုင်တယ်ဆိုပြီး မှားယွင်းပြောဆိုချက်တွေကို ကျန်းမာရေးကျွမ်းကျင်သူတွေက ငြင်းဆိုထားပြီး မြွေပွေးကိုက်ခံရတာတွေအတွက် တစ်ခုတည်းသောထိရောက်တဲ့ကုသနည်းက မြွေဆိပ်ဖြေဆေးသာဖြစ်တယ်လို့ သတိပေးကြပါတယ်။ ငှက်ပျောပင် အစိတ်အပိုင်းတွေမှာပါဝင်တဲ့ ဂုဏ်သတ္တိတွေနဲ့ ပတ်သက်လို့ သုတေသနပြုလေ့လာချက်တွေ ရှိပေမယ့် ငှက်ပျောပင်အစေးက မြွေကိုက်ခံရမှုတွေကို ကုသနိုင်တယ်ဆိုတဲ့ လုံလောက်တဲ့အထောက်အထား မရှိဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ 

"ရခိုင်ငှက်ပျောရဲ့အစေးဟာ မြွေပွေးရဲ့ အဆိပ်ကို ပြေပျောက်စေနိုင်တဲ့အတွက် မြွေပွေးနဲ့တွေ့ရင် ရခိုင်ငှက်ပျောပင်ကို ခုတ်ဖြတ်ပြီး ရလာတဲ့အစေးနဲ့ မြွေပွေးရဲ့အဆိပ်ကို ဖြေခိုင်းတာပါ။"(မူရင်းအတိုင်း) ဆိုပြီး ၂၀၁၄ ခုနှစ်၊ မေလ ၄ ရက်က Facebook ဒီလင့်ခ်မှာ တစ်ပိုင်းတစ်စ ရေးသားထားပါတယ်။ 

 မြန်မာအခေါ် ရခိုင်ငှက်ပျောလို့ခေါ်ဝေါ်တဲ့ Manzano ငှက်ပျောတွေဟာ မြန်မာအပါအဝင်၊ အရှေ့တောင်အာရှနိုင်ငံတွေမှာ လူသိများတဲ့ အချိုတည်းစရာ အသီးအနှံတစ်မျိုး ဖြစ်ပါတယ်။ (archived link)

 အဲဒီပို့စ်မှာ ငှက်ပျောသီးတွေနဲ့ မြွေတစ်ကောင်ရဲ့ပုံကို တွဲဖက်ဖော်ပြထားပါတယ်။ ပို့စ်ကို အကြိမ်ရေ ၆,၅၀၀ ကျော် ပြန်လည်မျှဝေထားကြပါတယ်။

Image
မှားယွင်းတဲ့ပို့စ်ကို ၂၀၂၄ ခုနှစ်၊ မေလ ၂၄ ရက်က ရိုက်ယူထားတဲ့ Screenshot

မြန်မာနိုင်ငံမှာ အဆိပ်ပြင်းမြွေပွေး (Russell’s viper) အပါအဝင် မြွေဟောက်၊ ငန်းမြွေနဲ့ ပင်လယ်မြွေခေါ် ဂျပ်မြွေစတဲ့ အဆိပ်ပြင်းမြွေမျိုးစိတ်တွေ ကျက်စားပါတယ်။ 

အလားတူပြောဆိုထားတဲ့ ပို့စ်တွေကို Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်တွေမှာလည်း မျှဝေထားပါတယ်။ 

ဒါပေမဲ့ ရခိုင်ငှက်ပျောရဲ့ အစေးနဲ့ မြွေပွေးအဆိပ်ကို ကုသနိုင်တယ်ဆိုတဲ့အဆိုက မှားယွင်းပါတယ်။ 

ဓာတ်ခွဲအတည်ပြုထားတဲ့အထောက်အထားမရှိ

ရခိုင်ငှက်ပျောပင် အစိတ်အပိုင်းတွေက မြွေပွေးအဆိပ်ကို ကုသနိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျအထောက်အထားမရှိသေးကြောင်း ထိုင်းနိုင်ငံ၊ မဟီဒေါတက္ကသိုလ်၊ ဇီဝဗေဒပညာရှင် ဒေါက်တာ Napat Ratnarathorn က AFP ကို ပြောပါတယ်။

"ငှက်ပျောပင် အစိတ်အပိုင်းတွေမှာ ဆေးဝါးဆိုင်ရာ ဂုဏ်သတ္တိ ရှိ၊ မရှိ လေ့လာမှုတချို့ရှိပေမယ့် မြွေဆိပ်ကိုကုသရမှာ ငှက်ပျောပင်ရဲ့ထိရောက်မှုနဲ့ပတ်သက်လို့ တိတိကျကျ သက်သေပြနိုင်တာမျိုး မရှိသေးပါဘူး" လို့ သူက ဆိုပါတယ်။ 

"ငှက်ပျောအစေးလို အတည်ပြုသတ်မှတ်ထားခြင်းမရှိတဲ့ ကုသနည်းတွေက အန္တရာယ်များပြီး၊ ပြင်းထန်တဲ့ ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်" လို့ သူက သတိပေးပါတယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က မြွေကိုက်ခြင်းဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ David Williams ကလည်း ငှက်ပျောပင်က မြွေကိုက်ခံရတာတွေကို ကုသနိုင်တယ်ဆိုတဲ့ "ဓာတ်ခွဲအတည်ပြုထားတဲ့အထောက်အထား" မရှိဘူးလို့ ဆိုပါတယ်။

ငှက်ပျောအပါအဝင် အပင်တချို့မှာပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ တချို့သောမြွေဆိပ်တွေကို တားဆီးနိုင်ခြေရှိပေမယ့် ကုသနည်းတစ်ခုအဖြစ်အကြံပြုဖို့ လုံလောက်တဲ့သုတေသနအထောက်အထားတွေ မရှိသေးဘူးလို့ သူက ဆိုပါတယ်။ 

WHO ရဲ့ အကြံပြုချက်

အဆိပ်ရှိတဲ့မြွေအကိုက်ခံရတဲ့အခါ အန္တရာယ်ရှိတဲ့သက်ရောက်မှုတွေကို ကုသဖို့ မြွေဆိပ်ဖြေဆေးကို အသုံးပြုဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်း (WHO) က အကြံပြုထားပါတယ်။ (archived link)

မြွေပွေးအဆိပ်မှာ  သွေးနဲ့ သွေးလည်ပတ်မှုစနစ်ကို ထိခိုက်စေတဲ့ Hemotoxins လို့ ခေါ်တဲ့ အဆိပ်ပါဝင်တယ်လို့ ဒေါက်တာ Napat က ပြောပါတယ်။ အဲဒီမြွေဆိပ်ကြောင့် သွေးထွက်တာ၊ သွေးခဲတာတွေ ဖြစ်စေပြီး တချို့ပြင်းထန်တဲ့ဖြစ်စဉ်တွေမှာဆို အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ 

မြွေကိုက်ခံရသူတွေအနေနဲ့ အစားထိုးကုထုံးတွေကို သတိပြုကြဖို့နဲ့ သင့်လျော်တဲ့ဆေးဝါးကုသမှုခံယူဖို့ ဒေါက်တာ Napat က တိုက်တွန်းပါတယ်။

မြွေကိုက်ခံရခြင်းတွေအတွက် တစ်ခုတည်းသော ထိရောက်တဲ့ ကုသနည်းက တိရစ္ဆာန်တွေရဲ့ သွေးရည်ကြည်မှာပါဝင်တဲ့ immunoglobulins ခေါ် ပဋိဇီဝပစ္စည်းနဲ့ ပြုလုပ်ထားတဲ့ မြွေဆိပ်ဖြေဆေးဖြစ်တယ်လို့ ဒေါက်တာ Williams က ဆိုပါတယ်။

 အပင်အစိတ်အပိုင်းတွေအသုံးပြုပြီး မြွေဆိပ်ကို ကုသနိုင်တယ်ဆိုတဲ့ အလားတူပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာ အချက်အလက် စိစစ်ထားပါတယ်။ 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်