ကွန်ပျူတာနည်းပညာနဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံကို နေမုန်တိုင်းကြောင့် နော်ဝေးနိုင်ငံမှာတွေ့မြင်ရတဲ့ ဥတ္တရရောင်ခြည်တွေဆိုပြီး မှားယွင်းမျှဝေ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 03 ဇွန် 2024 အချိန် 09h32
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • AFP ထိုင်း
ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာဘာဘရာမြို့ပေါ် တောက်ပတဲ့ရောင်စုံကောင်းကင်ကိုတွေ့ရတဲ့ ကွန်ပျူတာနည်းပညာအသုံးပြုဖန်တီးထားတဲ့ ဓာတ်ပုံတစ်ပုံကို နော်ဝေးနိုင်ငံက ဥတ္တရရောင်ခြည်တွေဆိုပြီး Facebook အသုံးပြုသူတွေ မှားယွင်းမျှဝေနေကြပါတယ်။ အင်အားပြင်းနေမုန်တိုင်းရိုက်ခတ်မှုကြောင့် ၂၀၂၄ ခုနှစ်၊ မေလထဲ ကမ္ဘာတဝန်း ဥတ္တရရောင်ခြည်ပေါ်ထွန်းခဲ့ပြီးနောက် ဒီဓာတ်ပုံ အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပါတယ်။

"နေပေါက်ကွဲမှုဖြစ်နေစဥ် နော်ဝေးနိုင်ငံ၏ ကောင်းကင်ယံမှာ သာမန်မျက်စိဖြင့် မြင်တွေ့ကြရသော ဝန်ရိုးစွန်းအလင်းတန်းများ။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ မေလ ၁၂ ရက်က မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။

မျှဝေမှုအကြိမ်ရေ ၁,၅၀၀ ကျော်ရှိတဲ့ ဒီဓာတ်ပုံမှာ တောက်ပတဲ့ ပန်းရောင်၊ ခရမ်းရောင် အလင်းတန်းတွေနဲ့ ကောင်းကင်ကို တွေ့မြင်ရပါတယ်။

Image
၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

နေမုန်တိုင်းဟာ လျှပ်စစ်သံလိုက်ရောင်ခြည်တွေ ပစ်လွှတ်တဲ့ နေမျက်နှာပြင်ပေါ်က ပြင်းထန်တဲ့ပေါက်ကွဲမှုတွေကြောင့် ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီပေါက်ကွဲမှုတွေက ကမ္ဘာ့သံလိုက်စက်ကွင်းကို ထိခိုက်စေတဲ့ အားကောင်းတဲ့ ဘူမိသံလိုက်မုန်တိုင်းများကို ဖြစ်ပေါ်စေနိုင်ပြီး ဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ (archived link)

ဆယ်စုနှစ်နှစ်ခုအတွင်း အင်အားအပြင်းဆုံးနေမုန်တိုင်းဟာ ၂၀၂၄ ခုနှစ်၊ မေလ ၁၀ ရက်မှာ ကမ္ဘာကိုရိုက်ခတ်ခဲ့ပြီး တက်စမေးနီးယားကနေ ဗြိတိန်အထိ ဥတ္တရရောင်ခြည်ပေါ်ထွန်းခဲ့ပါတယ်။ 

ကမ္ဘာ့ဝင်ရိုးစွန်းတွေမှာသာတွေ့ရလေ့ရှိတဲ့ ဥတ္တရရောင်ခြည်တွေဟာ မက္ကဆီကို၊ ဥရောပတောင်ပိုင်း၊ တောင်အာဖရိကတွေအထိ တောက်ပတဲ့ ပန်းရောင်၊ အစိမ်းရောင်၊ ခရမ်းရောင်အလင်းတန်းတွေနဲ့ ကောင်းကင်ကို အရောင်ခြယ်ခဲ့ပါတယ်။

လူတွေက ဒီဥတ္တရရောင်ခြည်ဖြစ်ပေါ်မှုကို အင်တာနက်လူမှုကွန်ရက်ပေါ်မျှဝေခဲ့ကြပြီး ဒီမှားယွင်းပြောဆိုမှုနဲ့ ဓာတ်ပုံဟာလည်း အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံကို Facebook ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားပါတယ်။

ဒါပေမဲ့ ဒီဓာတ်ပုံဟာ နေမုန်တိုင်းမရိုက်ခတ်မီ တစ်လအလိုလောက်ကတည်းက အွန်လိုင်းပေါ်ပျံ့နှံ့နေခဲ့ပါတယ်။

ဗီဒီယိုအဟောင်း 

Google မှာ ဓာတ်ပုံရာဇဝင်အပြင် အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ ဒီဓာတ်ပုံကို Alpine_manor အကောင့်က Instagram မှာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၇ ရက်က မျှဝေထားတဲ့ ကွန်ပျူတာနဲ့ဖန်တီးမှုဗီဒီယိုကနေ ရယူထားတာတွေ့ရပါတယ်။ (archived link

Image
မူရင်း Instagram ပို့စ်ရဲ့ Screenshot

"✨✨✨မရှိရင် LA မဟုတ်ဘူး" ဆိုတဲ့ အင်္ဂလိပ်စာသားပါ ဒီပို့စ်မှာ ရောင်စုံတောက်ပနေတဲ့ ကောင်းကင်အောက်ကလမ်းမကြီးတစ်ခုပေါ် မောင်းနှင်နေတဲ့ ကားတစ်စီးရဲ့မြင်ကွင်းဗီဒီယိုကို တွေ့ရပါတယ်။ 

အောက်မှာ မှားယွင်းပြောဆိုထားတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) ကို Instagram ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကို တွေ့နိုင်ပါတယ်။ 

Image
မှားယွင်းပြောဆိုထားတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) ကို Instagram ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

Instagram အသုံးပြုသူတစ်ဦးက ဒါဟာအစစ်အမှန်ဟုတ်မဟုတ် မေးမြန်းထားတာကို Alpine_manor အကောင့်က "AI" နည်းပညာအသုံးပြုပြီး ဒီဗီဒီယိုကို ဖန်တီးထားတာဖြစ်တယ်လို့ မှတ်ချက်မှာ ပြန်လည်ဖြေကြားထားပါတယ်။  

အောက်မှာ မူရင်းဗီဒီယိုမျှဝေထားသူရဲ့ မှတ်ချက် Screenshot ကို AFP က အစိမ်းရောင်နဲ့ အမှတ်အသားပြုလုပ်ထားတာ တွေ့နိုင်ပါတယ်။ 

Image
မူရင်းပို့စ်တင်သူရဲ့ မှတ်ချက် Screenshot ကို AFP က အစိမ်းရောင်နဲ့ အမှတ်အသားပြုလုပ်ထား

ဒီဗီဒီယိုကို AI နည်းပညာအသုံးပြုပြီး ဖန်တီးထားတာဟုတ်မဟုတ်ကို AFP က အတည်မပြုနိုင်ပေမဲ့ မူရင်းဗီဒီယိုကို မျှဝေထားသူဟာ "AI ဖန်တီးချက်" လို့ ဖော်ပြထားတဲ့ ပို့စ်တွေကို ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ပုံမှန်ဆိုသလို မျှဝေထားပါတယ်။  

ဒီဗီဒီယိုကို မှားယွင်းပြောဆိုထားတဲ့ ပို့စ်မှာဆိုထားသလို နော်ဝေးနိုင်ငံမှာမဟုတ်ဘဲ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာဘာဘရာမှာ ရိုက်ကူးထားတယ်ဆိုတာကို AFP က ရုပ်ပုံသဲလွန်စတွေကိုအသုံးပြုပြီး ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အောက်မှာ Instagram ဗီဒီယို (ညာ) ကို ဆန်တာဘာဘရာက တည်နေရာ (ညာ) နဲ့ တူညီချက်တွေကို AFP က အမှတ်အသားဖော်ပြထားတာ တွေ့နိုင်ပါတယ်။

Image
Instagram ဗီဒီယို (ညာ) ကို ဆန်တာဘာဘရာက တည်နေရာ (ညာ) နဲ့ တူညီချက်တွေကို AFP က အမှတ်အသားဖော်ပြထား

The Los Angeles Times ရဲ့ ဆောင်းပါးအရ မေလ ၁၀ ရက် နေမုန်တိုင်းကြောင့် ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ ဥတ္တရရောင်ခြည်ကို တွေ့မြင်ခဲ့ရပေမဲ့ မြို့ပြအလင်းညစ်ညမ်းမှုကြောင့် ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ ဒီအလင်းရောင်တွေကိ မတွေ့ရှိခဲ့ကြပါဘူး။ (archived link

မူရင်းဗီဒီယိုကရုပ်ပုံကို Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါမှာ တူညီတဲ့ရောင်ခြည်နဲ့ကောင်းကင်ရုပ်ပုံကို လူမှုကွန်ရက်ပေါ်က အခြားဗီဒီယိုတွေမှာ ထည့်သွင်းအသုံးပြုထားတာတွေ့ရပါတယ်။ 

Image
မူရင်းဗီဒီယိုကရုပ်ပုံကို ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါမှာ တူညီတဲ့ရောင်ခြည်နဲ့ကောင်းကင်ရုပ်ပုံကို လူမှုကွန်ရက်ပေါ်က အခြားဗီဒီယိုတွေမှာ ထည့်သွင်းအသုံးပြုထားတာတွေ့ရ

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်