ဥာဏ်ရည်တုနည်းပညာ (AI) နဲ့ဖန်တီးထားတဲ့ ရုပ်ပုံတစ်ပုံကို 'မျောက်မျက်နှာအသွင်ရှိတဲ့ မြန်မာနိုင်ငံက ပန်းတစ်မျိုး' ဆိုပြီး မှားယွင်းမျှဝေ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 06 ဇွန် 2024 အချိန် 08h46
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း
ဥာဏ်ရည်တုနည်းပညာ (Artificial Intelligence) နဲ့ဖန်တီးထားတဲ့ မျောက်မျက်နှာအသွင်ရှိတဲ့ ပန်းတစ်ပွင့်ရဲ့ ရုပ်ပုံကို မြန်မာနိုင်ငံမှာ အမှန်တကယ်တွေ့ရတဲ့ ပန်းမျိုးစိတ်တစ်ခုဆိုပြီး Facebook မှာ အကြိမ်ရေထောင်နဲ့ချီ မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံကို AI နည်းပညာနဲ့ ရုပ်ပုံဖန်တီးပေးတဲ့ Midjourney ပရိုဂရန်ကိုအသုံးပြုဖန်တီးထားတာဖြစ်တယ်လို့ မူရင်းရုပ်ပုံဖန်တီးသူက ပြောပါတယ်။

"ကချင်ပြည်နယ် ဆော့လော်မြို့နယ် အထက်ပိုင်းရွာတွေမှာ တွေ့ရတဲ့ အမည်မသိ #တောပန်း တစ်မျိုးဖြစ်ပါတယ်" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ မေလ ၂၁ ရက် မျှဝေထားတဲ့ Facebook ပို့စ်မှာ ရေးသားထားပါတယ်။  

ဆော့လော်မြို့နယ်ဟာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးအမျိုးသားဥယျာဥ်တည်ရှိတဲ့ ကချင်ပြည်နယ်က မြို့နယ်တစ်ခုဖြစ်ပါတယ်။

မျှဝေမှုအကြိမ်ရေ ၃,၉၀၀ ကျော်ရှိတဲ့ ဒီပို့စ်မှာ မျောက်တစ်ကောင်ရဲ့မျက်နှာပုံသဏ္ဍာန်နဲ့ အညိုရောင်ပန်းတစ်ပွင့်ကို တွေ့ရပါတယ်။

Image
၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံကို Facebook ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားကြပါတယ်။   

ပို့စ်အောက်မှာတွေ့ရတဲ့ မှတ်ချက်တွေကိုကြည့်ရင် အပြင်မှာအမှန်တကယ်တွေ့ရတဲ့ ပန်းတစ်ပွင့်ရဲ့ဓာတ်ပုံအဖြစ် အထင်မှားစေတာ တွေ့ရပါတယ်။

“ပန်းကလေးတွေတိုင်းလှပြီးချင်စရာကောင်းကြပါတယ် ဒီပန်းကျတော့ ဘာလို့ကြောက်စရာကြီးဖြစ်ရပါလိမ့်” (မူရင်းအတိုင်း) ဆိုတဲ့ မှတ်ချက်အပြင် “မစိုက်သင့်ပါ အရောင်မလှပုံစံမကျကြောက်စရာကြီးပါ” (မူရင်းအတိုင်း) ဆိုတဲ့ မှတ်ချက်ကိုလည်း တွေ့ရပါတယ်။

ဒါပေမဲ့ ဒီရုပ်ပုံဟာ AI နည်းပညာနဲ့ ဖန်တီးထားတာဖြစ်ပြီး အမှန်တကယ်အပြင်မှာတွေ့ရတဲ့ ပန်းမျိုးစိတ်တစ်ခုမဟုတ်ပါဘူး။ 

Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ဒီရုပ်ပုံကို "scliseofai" အမည်နဲ့ Instagram အကောင့်က ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်မှာ မျှဝေထားတာတွေ့ရပါတယ်။ (Archived link)

"မင်းတို့အတွက် AI မျောက်သစ်ခွဓာတ်ပုံအသစ်တွေ" ဆိုတဲ့ စာသားနဲ့အတူ မျောက်မျက်နှာပုံသဏ္ဍာန်ရှိတဲ့ ပန်းပွင့်တွေနဲ့ အခြားဓာတ်ပုံ ၉ ပုံကိုလည်း ဒီပို့စ်မှာ မျှဝေထားပါတယ်။  

ဒီပို့စ်ရဲ့ စာသားမှာ "midjourney"၊ "aiartwork" အပြင် "generativeart" စတဲ့ hashtag တွေကိုလည်း ထည့်သွင်းထားပါတယ်။  

မှားယွင်းဖော်ပြထားတဲ့ ရုပ်ပုံမှာဖြတ်ထုတ်ထားတဲ့ "SLICEOFAI" ဆိုတဲ့ အမှတ်အသားကိုလည်း ဒီရုပ်ပုံရဲ့ ညာဘက်အောက်ခြေမှာတွေ့ရပါတယ်။

အောက်မှာ မှားယွင်းပြောဆိုထားတဲ့ ပို့စ်ကရုပ်ပုံ (ညာ) ကို Instagram ရုပ်ပုံ (ဘယ်) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကို တွေ့နိုင်ပါတယ်။  

Image
မှားယွင်းပြောဆိုထားတဲ့ ပို့စ်ကရုပ်ပုံ (ညာ) ကို Instagram ရုပ်ပုံ (ဘယ်) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

ဒီမူရင်းရုပ်ပုံဖန်တီးသူက AI နည်းပညာနဲ့ဖန်တီးထားတဲ့ တိရိစ္ဆာန်ပုံသဏ္ဍာန်ရှိ ပန်းရုပ်ပုံတွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားပါတယ်။ (Archived link here and here

မူပိုင်အမှတ်အသားကိုဖျက်ပြီး သူ့ရဲ့ရုပ်ပုံတွေကို "အစစ်အမှန်" ဓာတ်ပုံတွေအဖြစ် မှားယွင်းမျှဝေနေကြတယ်လို့ မေလ ၃၀ ရက်က ဒီပို့စ်မှာ ရေးသားထားပါတယ်။ (Archived link)

"ရှေ့ဆက်ပြီး ဒီပုံတွေမှာ AI သတိပေးချက် အပိုစာသားတစ်ခု ထပ်ထည့်သွားပါမယ်" လို့ Sliceofai အကောင့်က ဆိုပါတယ်။  

AI နည်းပညာနဲ့ဖန်တီးထားတဲ့ရုပ်ပုံတွေကို အမှန်တကယ်ဓာတ်ပုံတွေဆိုပြီး မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း အချက်အလက်စိစစ်ထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ