အီရန်သမ္မတသေဆုံးစေခဲ့တဲ့ ရဟတ်ယာဉ်ပျက်ကျမှုက ဆိုပြီး ဗီဒီယိုတစ်ခု မှားယွင်းပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 07 ဇွန် 2024 အချိန် 10h20
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • Devesh MISHRA, AFP အိန္ဒိယ
၂၀၂၄ ခုနှစ်၊ မေလ ၁၉ ရက်က ရဟတ်ယာဉ်ပျက်ကျမှုကြောင့် အီရန်သမ္မတ အီဗရာဟင် ရိုင်စီ သေဆုံးခဲ့တဲ့နောက် ၎င်းသေဆုံးမှုနဲ့ ပတ်သက်တယ်လို့ ပြောဆိုထားတဲ့ တောင်စောင်းတစ်ခုပေါ် ရဟတ်ယာဉ်တစ်စီး  ပျက်ကျသွားတဲ့ဗီဒီယိုတစ်ခုကို အင်တာနက်လူမှုကွန်ရက်ပို့စ်တွေမှာ မျှဝေထားကြပါတယ်။ ဒါပေမဲ့ အဲဒီဗီဒီယိုဟာ ၂၀၂၀ ခုနှစ်ကတည်းက  ဂျော်ဂျီယာနိုင်ငံမှာ၊ ရဟတ်ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တဲ့ သတင်းတွေမှာ ပျံ့နှံ့ခဲ့တဲ့ဗီဒီယိုဖြစ်ပါတယ်။ 

“အီရန်သမ္မတ ရဟတ်ယာဥ်ပျက်ကျရုပ်သံ လို့ထင်ပါတယ်”(မူရင်းအတိုင်း) လို့ ရေးသားထားတဲ့ ဗီဒီယိုကို ၂၀၂၄ ခုနှစ်၊ မေလ ၂၂ ရက်က Facebook ဒီလင့်ခ်မှာ မျှဝေခဲ့တာ ဖြစ်ပါတယ်။ 

ဗီဒီယိုမှာ မတ်စောက်တဲ့ တောင်တန်းတစ်ခုထဲ ရဟတ်ယာဉ်တစ်စီး ပြုတ်ကျသွားပြီးနောက် ထူထပ်တဲ့ခြုံနွယ်တွေကြားကနေ မီးတောက်တွေ တက်လာတာကို တွေ့မြင်ရပါတယ်။ 

Image
မှားယွင်းတဲ့ပို့စ်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက်က ရယူထားတဲ့ Screenshot

၂၀၂၁ ခုနှစ်မှာ ရွေးကောက်ခံသမ္မတဖြစ်လာတဲ့ ရှေးရိုးစွဲဝါဒီ ရိုင်စီအစိုးရဟာ ကြီးမားတဲ့ဆန့်ကျင်ဆန္ဒပြမှုတွေ၊ စီးပွားရေးကျဆင်းမှုတွေ တွေ့ကြုံခဲ့ရသလို မဟာရန်သူတော် အစ္စရေးစစ်တပ်နဲ့လည်း မကြုံစဖူးတိုက်ခိုက်မှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။ 

အီရန်နိုင်ငံမြောက်ပိုင်းက မြူတွေထူထပ်တဲ့တောင်စောင်းတစ်ခုပေါ် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သမ္မတရိုင်စီနဲ့ သူရဲ့အဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့ပြီး အဲဒီထဲမှာ နိုင်ငံခြားရေးဝန်ကြီးလည်း ပါဝင်ခဲ့ပါတယ်။  

သမ္မတသေဆုံးမှုနဲ့ မသက်ဆိုင်တဲ့ ဗီဒီယိုကို အလားတူပြောဆိုမှုနဲ့အတူ Facebook ဒီလင့်ခ်ဒီလင့်ခ်၊ TikTok ဒီလင့်ခ်တွေမှာလည်း မျှဝေခဲ့ကြပါတယ်။ 

ဒါအပြင် ဗီဒီယိုကို အင်္ဂလိပ်ဟင်ဒီထိုင်းဘင်္ဂါလီ စတဲ့ ဘာသာစကားတွေနဲ့လည်း မျှဝေခဲ့ကြပါတယ်။ ဗီဒီယိုဟာ အာရဗီဘာသာစကားနဲ့လည်း ပျံ့နှံ့ခဲ့ပြီး AFP ရဲ့ အာရဗီဘာသာအထူးပြုသတင်းထောက်တွေက အချက်အလက်စိစစ်ခဲ့ပါတယ်။ 

တကယ်တော့ ဒီဗီဒီယိုဟာ ၂၀၂၂ ခုနှစ်ကတည်းက ဂျော်ဂျီယာနိုင်ငံမှာ ရဟတ်ယာဉ်ပျက်ကျခဲ့တဲ့သတင်းတွေမှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။ 

၂၀၂၀ ခုနှစ်က ဗီဒီယို

 ဗီဒီယိုကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်က ဂျော်ဂျီယာနိုင်ငံအခြေစိုက် TV Imedi ရုပ်သံဌာနရဲ့ တရားဝင် Facebook စာမျက်နှာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ (archived link)

အဲဒီဗီဒီယိုဟာ Gudauri စကိတ်ကွင်းက စက်တပ်လေဟုန်စီးသူတွေကို ကယ်တင်ဖို့ ကြိုးစားစဉ်မှာ ထိန်းချုပ်မရဘဲ ပျက်ကျသွားခဲ့တဲ့ ဂျော်ဂျီယာနယ်ခြားစောင့်ရဲတပ်ဖွဲ့ရဟတ်ယာဉ်ဖြစ်တယ်လို့ TV Imedi ရဲ့ ပို့စ်မှာ ဖော်ပြပါတယ်။ 

အောက်မှာ မှားယွင်းတဲ့ပို့စ်ရဲ့ ဗီဒီယို (ဘယ်) နဲ့ TV Imedi ရဲ့ ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားပါတယ်။

Image
မှားယွင်းတဲ့ပို့စ်ရဲ့ ဗီဒီယို (ဘယ်) နဲ့ TV Imedi ရဲ့ ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ Screenshot

အဲဒီရဟတ်ယာဉ်ပျက်ကျမှုကို သတင်းဌာနများစွာက ဒီလင့်ခ်ဒီလင့်ခ်တွေမှာ ဖော်ပြခဲ့ကြပါတယ်။ (archived links here and here)

Mi-8 အမျိုးအစားရဟတ်ယာဉ်ဟာ လေဟုန်စီးသူနှစ်ဦးကိုကယ်တင်ဖို့ ကြိုးစားစဉ် ဝေးလံတဲ့ ဂျော်ဂျီယာနိုင်ငံမြောက်ပိုင်းက တောင်ထူထပ်တဲ့ဒေသရဲ့ လျှိုတစ်ခုထဲ ပျက်ကျသွားခဲ့တာဖြစ်တယ်လို့ တူရကီအခြေစိုက် Anadolu သတင်းဌာနက ဖော်ပြပါတယ်။ (archived link)

အဲဒီဖြစ်စဉ်ကြောင့် စက်တပ်လေဟုန်စီးသူ နိုင်ငံခြားခရီးသွား ၂ ဦးအပါအဝင် လူ ၉ ဦး သေဆုံးခဲ့တယ်လို့ ဂျော်ဂျီယာရဲ့ကုလသမဂ္ဂအဖွဲ့အစည်း (UN Association of Georgia ) ရဲ့ Civil Georgia စီမံကိန်းက ဖော်ပြခဲ့ပါတယ်။ (archived link)

မှားယွင်းပြောဆိုထားတဲ့ ပို့စ်တွေနဲ့ TV Imedi သတင်းဌာနရဲ့ ဗီဒီယိုဟာ Google Earth ပေါ်က Gudauri တောင်တန်းမြင်ကွင်းနဲ့ ကိုက်ညီတာတွေ့ရပါတယ်။

မှားယွင်းပြောဆိုထားတဲ့ ပို့စ်တွေနဲ့ TV Imedi သတင်းဌာနရဲ့ ဗီဒီယို (ဘယ်) နဲ့ Google Earth ပေါ်က Gudauri တောင်တန်းမြင်ကွင်း (ညာ) တို့ကို နှိုင်းယှဉ်ပြထားပါတယ်။

Image
မှားယွင်းပြောဆိုထားတဲ့ ပို့စ်တွေနဲ့ TV Imedi သတင်းဌာနရဲ့ ဗီဒီယိုတွေ (ဘယ်) နဲ့ Google Earth ပေါ်က Gudauri တောင်တန်းမြင်ကွင်း (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ Screenshot

အီရန်သမ္မတ ရဟတ်ယာဉ်ပျက်ကျမှုနဲ့ပတ်သက်တဲ့ တခြားသော မှားယွင်းပြောဆိုချက်တွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။ 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်