ပြုပြင်ဖန်တီးထားတဲ့ မြန်မာ FDA လက်မှတ်နဲ့ တရားမဝင် ကိုယ်အလေးချိန်ကျဆေးကို လိမ်ညာရောင်းချတဲ့ ပို့စ်တွေ အွန်လိုင်းပေါ်ပျံနှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 24 ဇွန် 2024 အချိန် 08h59
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • AFP ထိုင်း
မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အသိအမှတ်ပြုထားခြင်းမရှိတဲ့ ဖြည့်စွက်ဆေးကို ကွန်ပျူတာနည်းပညာသုံးပြီး ပြုပြင်ဖန်တီးထားတဲ့ FDA အသိအမှတ်ပြုလက်မှတ်အတုနဲ့ မြန်မာနိုင်ငံက Facebook ပို့စ်တွေမှာ မှားယွင်းကြော်ငြာရောင်းချနေကြပါတယ်။ ကျန်းမာရေးဆိုင်ရာ ပညာရှင်တစ်ယောက်က သင့်တင့်တဲ့စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်းလုပ်ဆောင်မှုတွေက ကိုယ်အလေးချိန်ကျစေမယ့် အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ AFP ကို ပြောပါတယ်။   

၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်က ဒီ Facebook ပို့စ် မှာ " Detox Slim Effervescent Tablets - ကိုယ်အလေးချိန်ကျဖို့ဆိုတာ ဘယ်တုန်းကမှ မလွယ်ကူခဲ့ဘူး။" (မူရင်းအတိုင်း) ဆိုပြီး မြန်မာဘာသာနဲ့ ရေးသားထားပါတယ်။  

ဒါ့အပြင် "တစ်နေ့ ၂ကြိမ် သုံးစွဲရုံနဲ့ အချိန်တိုအတွင်းမှာ ၁၀ ကီလိုကျအောင် လုပ်ပေးနိုင်တယ်" (မူရင်းအတိုင်း) လို့ဆိုထားပြီး အစားအသောက်ဆင်ခြင်စရာ၊ လေ့ကျင့်ခန်းလုပ်စရာမလိုဘူးလို့လည်း ဆိုထားပါတယ်။  

ကြည့်ရှုမှုအကြိမ်ရေ ၂ ဒဿမ ၃ သန်းကျော်ရှိတဲ့ ကြော်ငြာဗီဒီယိုတစ်ခုကိုလည်း ဒီပို့စ်မှာ ပူးတွဲဖော်ပြထားပါတယ်။ ဒီဗီဒီယိုထဲမှာ အမျိုးသမီးတစ်ဦးက ဒီထုတ်ကုန်ကို ကိုးရီးယားနိုင်ငံကထုတ်လုပ်ထားပြီး FDA အသိအမှတ်ပြုမှုရရှိထားတယ်လို့ ဆိုပါတယ်။ 

ဒီ Facebook ပို့စ်မှာ ပြုပြင်ဖန်တီးထားတဲ့ မြန်မာနိုင်ငံ FDA လက်မှတ်နဲ့ ဆေးကိုကြော်ငြာထားတဲ့ ဝဘ်ဆိုဒ်တစ်ခုရဲ့ လင့်ခ်ကိုလည်း မျှဝေထားပါတယ်။

Image
မှားယွင်းတဲ့ Facebook ပိုစ့်ကို ၂၀၂၄ခုနှစ် ၁၆ရက်နေ့တွင် ရယူထားတဲ့ screenshot

 တူညီတဲ့ပြောဆိုမှုနဲ့အတူ ဒီဖြည့်စွက်ဆေးပြားကို မြန်မာနိုင်ငံက Facebook ဒီလင့်နဲ့ ဒီလင့်ခ်တွေမှာ ရောင်းချနေကြပြီး ဖိလစ်ပိုင်နိုင်ငံမှာလည်း ရောင်းချနေတာကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တွေ့နိုင်ပါတယ်။  

ဒါပေမဲ့ ဒီဆေးက အစားအသောက်ဆင်ခြင်မှုနဲ့ လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ ကိုယ်အလေးချိန်ကိုကျဆင်းစေတယ်ဆိုတာ အခြေအမြစ်မရှိတဲ့ ပြောဆိုမှုသာဖြစ်ပြီး ဒီကြော်ငြာတွေမှာ ဖော်ပြထားတဲ့ FDA လက်မှတ်ဟာလည်း ပြုပြင်ဖန်တီးထားတဲ့ လက်မှတ်အတုဖြစ်ပါတယ်။  

ပြုပြင်ဖန်တီးထားတဲFDA အသိအမှတ်ပြုလက်မှတ  

လိမ်လည်ဖော်ပြထားတဲ့ အသိအမှတ်ပြုလက်မှတ်ကို မြန်မာနိုင်ငံ FDAရဲ့ တရားဝင်ဝဘ်ဆိုဒ်မှာ AFP က ရှာဖွေခဲ့ပေမယ့် တူညီတဲ့ ဒီလက်မှတ်ကို မတွေ့ရှိခဲ့ပါဘူး။   

အင်တာနက်မှာ ဓာတ်ပုံရာဇဝင်ရှာဖွေမှုအပြင် အဓိကစကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ  Detox Slim ရေဆူဆေးပြားတွေကို ကြော်ငြာတဲ့ ဝက်ဘ်ဆိုဒ်က FDA အသိအမှတ်ပြုလက်မှတ်ဟာ အမေထွား ပဲဆီသန့်ကုမ္ပဏီရဲ့ FDA အသိအမှတ်ပြုလက်မှတ်ကို တုပထားတာ တွေ့ရပါတယ် ။ (Archived link

Detox Slim ရေဆူဆေးပြားကိုထုတ်လုပ်တဲ့ AZ Care ကုမ္ပဏီရဲ့   FDA လက်မှတ်က မှတ်ပုံတင်နံပါတ်ဟာ အမေထွားပဲဆီသန့်ရဲ့  FDA လက်မှတ်က မှတ်ပုံတင်နံပါတ်နဲ့ ထပ်တူကျနေပါတယ်။  

ဒါပေမယ့် ပြုပြင်ဖန်တီးထားတဲ့လက်မှတ်မှာ လုပ်ငန်းအမည်နဲ့ လုပ်ငန်းလိပ်စာတွေကို ညီညာမှုမရှိတဲ့ စာလုံးတွေနဲ့ ပြောင်းလဲရေးသားထားပါတယ်။  

အောက်မှာ Detox Slim ရေဆူဆေးပြားရဲ့  ပြုပြင်ဖန်တီးထားတဲ့FDA လက်မှတ် (ဘယ်) ကို လက်မှတ်အမှန်ဖြစ်တဲ့ အမေထွားပဲဆီသန့်ရဲ့ လက်မှတ် (ညာ) နဲ့ နှိုင်းယှဥ်ဖော်ပြထားတဲ့ Screenshot ကို တွေ့နိုင်ပါတယ်။

Image
Detox Slim ရေဆူဆေးပြားရဲ့ ပြုပြင်ဖန်တီးထားတဲ့FDA လက်မှတ် (ဘယ်)ကို လက်မှတ်အမှန်ဖြစ်တဲ့ အမေထွားပဲဆီသန့်ရဲ့ လက်မှတ် (ညာ) တို့ကို နှိုင်းယှဥ်ပြထားတဲ့ screenshot ကို AFP က သက်ဆိုင်ရာအချက်အလက်များကို အမှတ်အသားပြုလုပ်ထား

Detox Slim အတွက်ပြောင်းလဲထားတဲ့ လက်မှတ်မှာ စာလုံးပေါင်းသတ်ပုံအမှားများစွာကို တွေ့ရပါတယ်။ 

တုပထားတဲ့ အသိအမှတ်ပြုလက်မှတ်က မြန်မာဘာသာနဲ့နေ့စွဲဟာ အင်္ဂလိပ်ဘာသာနေ့စွဲနဲ့ မတူညီဘဲ မှားယွင်းနေတာကို တွေ့ရပါတယ်။  

မြန်မာလိုရေးထားတဲ့ နေ့စွဲမှာ FDA အသိမှတ်ပြုမှုရရှိတဲ့ ခုနှစ်ကို ၂၀၁၆ ခုနှစ်လို့ ရေးသားထားပြီး အင်္ဂလိပ်ဘာသာနဲ့ နေ့စွဲမှာ ၂၀၂၂ ခုနှစ်လို့ ရေးသားထားပါတယ်။ ဒီလက်မှတ်ရဲ့ သက်တမ်းကုန်နေ့စွဲကိုလည်း မြန်မာလို ၂၀၁၈ ခုနှစ်၊ အင်္ဂလိပ်လို ၂၀၂၆ ခုနှစ်အဖြစ် ဖော်ပြထားပါတယ်။  

ဖိလစ်ပိုင်နိုင်ငံ အစားအသောက်နှင့်ဆေးဝါးစီမံခန့်ခွဲရေးဌာနကလည်း မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဒီဖြည့်စွက်စာရဲ့ လုံခြုံစိတ်ချရမှုနဲ့ အရည်အသွေးပြည့်မီမှုကို အာမမခံနိုင်တဲ့အတွက် အသုံးမပြုကြဖို့ သတိပေးစာထုတ်ပြန်ထားပါတယ်။ (Archived link) 

သုတေသနခိုင်လုံမှုမရှိ 

ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်ရဲ့ ဇီဝဗေဒဌာနတွင် ပါမောက္ခအဖြစ် လုပ်ကိုင်လျက်ရှိတဲ့ Dr Jessada Denduanboripant က Detox Slim ဆေးမှာ အများဆုံးပါဝင်တဲ့ အယ်ကာနစ်တင်း  L-Carnitine ပါဝင်ပစ္စည်းကို မှတ်ပုံမတင်ထားတဲ့ စီးပွားဖြစ်ရောင်းချတဲ့ ကိုယ်အလေးချိန်ကျဆေး အများအပြားမှာ တွေ့ရတယ်လို့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်မှာ AFP ကို ပြောပါတယ်။ (Archived links here and here)  

အမေရိကန်ပြည်ထောင်စု အမျိုးသားကျန်းမာရေးအဖွဲ့အစည်းရဲ့ အဆိုအရ အယ်ကာနစ်တင်း (L-Carnitine) ဟာ အဆီအက်ဆစ် (fatty acids) တွေကို ဆဲလ်တွေဆီပို့ပေးပြီး အဆီအက်ဆစ်ဓာတ်တိုးမှု (fatty acid oxidation) ကို ကူညီပေးတဲ့အတွက် အယ်ကာနစ်တင်း (L-Carnitines) ပါဝင်တဲ့ ဖြည့်စွက်စာတွေကို ကိုယ်အလေးချိန်ကျဆင်းမှုလှုံ့ဆော်ရာမှာ အသုံးပြုဖို့ သုသေသနပညာရှင်အချို့က အဆိုပြုပြောဆိုထားတယ်လို့ သိရပါတယ်။ (Archived link

 ဒါပေမယ့် အယ်ကာနစ်တင်းရဲ့ ကိုယ်အလေးချိန်ကျစေတဲ့ ဂုဏ်သတ္တိတွေကို စမ်းသပ်မှုတွေက ခိုင်လုံမှုမရှိပါဘူး။  

မှတ်ပုံမတင်ထားတဲ့ ဖြည့်စွက်စာတွေမှာ အမှန်တကယ်ပါဝင်တဲ့ ပစ္စည်းတွေကို အတည်ပြုနိုင်တာမရှိတဲ့အတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ပါဝင်ပစ္စည်းတွေပါဝင်နိုင်ပြီး ဒီလိုဖြည့်စွက်စာတွေကို အသုံးမပြုဖို့ Jessada က သတိပေးထားပါတယ်။   

အကောင်းဆုံးနည်းလမ်းကတော့ အစားအသောက်ဆင်ခြင်ပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်ရမှာ ဖြစ်တယ်လို့ Jessada က ပြောပါတယ်။ 

AFP ကလည်း မှတ်ပုံမတင်ထားတဲ့ ဖြည့်စွက်စာတွေရဲ့ မှားယွင်းတဲ့ ပြောဆိုချက်တွေကို အကြိမ်ပေါင်းများစွာရေးသားခဲ့ပြီး ဒီလင့်ခ်ဒီလင့်ခ် ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေမှာဖတ်ရှုနိုင်ပါတယ်။ 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်