မြန်မာနိုင်ငံသားတွေကို မလေးရှားရဲတွေဖမ်းဆီးတဲ့ဗီဒီယိုဆိုပြီး အင်ဒိုနီးရှားက မူးယစ်ဆေးဝါးဖမ်းဆီးမှုဗီဒီယို မှားယွင်းပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 25 ဇွန် 2024 အချိန် 08h38
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
အင်ဒိုနီးရှားနိုင်ငံက မူးယစ်ဆေးဝါးသုံးစွဲသူတွေအဖမ်းခံရပြီး ဆောင့်ကြောင့်ထိုင်လမ်းလျှောက်ခိုင်းခံရတဲ့ ဗီဒီယိုကို မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အဖမ်းခံရတဲ့ဗီဒီယိုဆိုပြီး မှားယွင်းပြောဆိုမျှဝေနေကြပါတယ်။ မလေးရှားနိုင်ငံအာဏာာပိုင်တွေဟာ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီး အနိုင်ကျင့်မှုတွေ လုပ်ဆောင်မှုရှိကြာင်း လူသိများပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုကို အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံက ရဲစခန်းတစ်ခုမှာရိုက်ကူးထားတာဖြစ်ပြီး ဒီဖမ်းဆီးခဲ့ရသူ ၂၁ ဦးဟာ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အဖမ်းခံရတာဖြစ်တယ်လို့ တာဝန်ရှိရဲအရာရှိတစ်ဦးက အတည်ပြုပြောဆိုခဲ့ပါတယ်။ 

"မလေးရှားနိူင်ငံမှာ ဖမ်းဆီးရမိတဲ့ PDF နှင့် NUG ထောက်ခံသူတွေကို မလေးရှားရဲက ဘယ်လိုဆက်ဆံသလဲဆိုတာ ကြည့်လိုက်ပါအုံး ၊ အော်ပါအုံးကွ လူ့အခွင့်အရေးတွေ နွားအခွင့်အရေးတွေ ။ ( အဖေကျော် ပထွေးလွမ်းတဲ့ကောင်တွေခံကြပေါ့)" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်က မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။

ဆောင့်ကြောင့်ထိုင်အနေအထားနဲ့ လမ်းလျှောက်ခိုင်းခံရတဲ့အမျိုးသားတစ်စုကို ဘေးလူတွေက ရယ်မောလှောင်ပြောင်နေတဲ့ ဗီဒီယိုတစ်ခုကိုလည်း ဒီပို့စ်နဲ့အတူ မျှဝေထားပါတယ်။  

"PDF နှင့် NUG ထောက်ခံသူများအား မလေးရှားရဲကဆက်ဆံပုံ။" (မူရင်းအတိုင်း) ဆိုတဲ့ စာသားနဲ့အတူ စစ်တပ်ထောက်ခံတဲ့ "MHT News" ရဲ့ လိုဂိုတံဆိပ်ကိုလည်း ဗီဒီယိုထဲမှာတွေ့ရပါတယ်။

Image
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄ ရက်က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အရပ်သားလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် မြန်မာနိုင်ငံအတွင်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

၂၀၂၃ ခုနှစ်ကတည်းကစတင်ပြီး ပြည်တွင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံသားအတော်များများ မလေးရှားအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို ရရာနည်းလမ်းတွေနဲ့ ထွက်ပြေးတိမ်းရှောင်မှုတွေရှိနေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR က ဆိုပါတယ်။ (Archived link)

ဒါပေမဲ့ မလေးရှားအာဏာပိုင်တွေဟာ ဆိုးရွာတဲ့အခြေအနေမှာနေထိုင်နေရတဲ့ ဒုက္ခသည်တွေ၊ ခိုလှုံခွင့်တောင်းသူတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို မကြာခဏ မတရားဖမ်းဆီးထိန်းသိမ်းမှုတွေပြုလုပ်လေ့ရှိတယ်လို့ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတွေကပြောပါတယ်။ (Archived link

မလေးရှားဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာညီလာခံမှာ ပါဝင်လက်မှတ်ထိုးထားတဲ့ နိုင်ငံတစ်နိုင်ငံမဟုတ်ပါဘူး။

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို Facebook ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားကြပါတယ်။  

ဒါပေမဲ့ ဒီဗီဒီယိုထဲကလူတွေဟာ အင်ဒိုနီးရှားနိုင်ငံမှာ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အဖမ်းခံရသူတွေဖြစ်ပြီး မလေးရှားနိုင်ငံမှာ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေမဟုတ်ပါဘူး။

အင်ဒိုနီးရှားနိုင်ငံ မူးယစ်ဆေးဝါးဖမ်းဆီးမှု 

ဒီဗီဒီယိုထဲကဓာတ်ပုံကိုအသုံးပြုပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၆ ရက်က မျှဝေထားတဲ့ ထပ်တူကျတဲ့ ဒီမူရင်း TikTok ဗီဒီယိုကို တွေ့ရပါတယ်။ (Archived link)

 ဗီဒီယိုထဲမှာ "ဒီလူတွေဘာအပြစ်ကျူးလွန်ခဲ့ကြသလဲဆိုတာ သိကြလား။" ဆိုပြီး အင်ဒိုနီးရှားဘာသာစကားနဲ့ စာသားကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် "မူးယစ်ဆေးကိုငြင်းဆန်ပါ" ဆိုတဲ့ စာသားကိုလည်း ဗီဒီယိုအောက်မှာ ရေးသားထားပါတယ်။ 

အောက်မှာ မှားယွင်းပြောဆိုမှုနဲ့ Facebook ပို့စ်ကဗီဒီယို (ဘယ်) ကို မူရင်း TikTok ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကို တွေ့နိုင်ပါတယ်။  

Image
မှားယွင်းပြောဆိုမှုနဲ့ Facebook ပို့စ်ကဗီဒီယို (ဘယ်) ကို မူရင်း TikTok ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

မူရင်းဗီဒီယိုကို မျှဝေထားသူက ဒီဗီဒီယိုကို မတ်လထဲမှာ ရိုက်ကူးထားပြီး မူးယစ်ဆေးဝါးသုံးစွဲသူတွေရဲ့ပါတီတစ်ခုကို ရဲတွေကဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် ရိုက်ကူးခဲ့တာဖြစ်တယ်လို့ AFP ကို ပြောပါတယ်။

"ပါတီတစ်ခုမှာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ဒီလူတွေအဖမ်းခံရတာပါ" လို့ သူက AFP ကိုပြောပါတယ်။  

ဒီဗီဒီယိုမျှဝေသူဟာ အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းက မြို့တစ်မြို့ဖြစ်တဲ့ ဂျမ်ဘီမြို့ရဲတပ်ဖွဲ့ရဲ့ တရားဝင် TikTok အကောင့်ကိုလည်း ပုံမှန်မျှဝေလေ့ရှိပါတယ်။ (Archived links here and here)

ဂျမ်ဘီရဲတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ Amin Nasution က ဒီဗီဒီယိုကို ၂၀၂၄ ခုနှစ် မတ်လထဲ ရဲစခန်းတစ်ခုမှာ ရိုက်ကူးခဲ့တယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။ (Archived link)

"မူးယစ်ဆေးဝါးသုံးစွဲမှုစွဲချက်တွေနဲ့ လူ ၂၁ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အဖမ်းခံရသူတွေအားလုံးဟာ အင်ဒိုနီးရှားနိုင်ငံသားတွေဖြစ်ပြီး နိုင်ငံခြားသားတစ်ယောက်မှ မပါပါဘူး။" လို့ သူက AFP ကိုပြောပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်