
တိုင်းရင်းသားရိုးရာပုံပြင်ထဲက ဘုရင့်မိဖုရားဆိုပြီး ထိုင်းတော်ဝင်မင်းသမီးဓာတ်ပုံ မှားယွင်းပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 16 အောက်တိုဘာ 2024 အချိန် 10h38
- ဖတ်ရန် ကြာချိန် 3 မိနစ်
- AFP Thailand
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
မြန်မာ နဲ့ ထိုင်းနိုင်ငံတွေမှာ နေထိုင်ကြတဲ့ ကရင်တိုင်းရင်းသားတွေရဲ့ လူသိများတဲ့ ရိုးရာပုံပြင်ထဲက ဇာတ်ကောင် မုယယ်ဖဲအဖြစ် အဖြူအမည်းဓာတ်ပုံတစ်ပုံထဲက အမျိုးသမီးတစ်ဦးကို လူမှားယွင်းပြီး လူမှုကွန်ရက်မှာ အကြိမ်ရေထောင်နဲ့ချီ မျှဝေနေကြပါတယ်။ ဒီဓာတ်ပုံထဲက အမျိုးသမီးဟာ ထိုင်းဘုရင်မင်းမြတ် Chulalongkorn ရဲ့ နောက်ဆုံးကြင်ယာတော် မင်းသမီး Chao Chom Sadab ဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ သူမ နတ်ရွာစံခဲ့တဲ့ ၁၉၈၃ ခုနှစ်ကထုတ်ဝေတဲ့ အောက်မေ့ဖွယ်စာအုပ်ထဲမှာပါတဲ့ ဓာတ်ပုံတစ်ပုံပဲဖြစ်ပါတယ်။
"ထိုင်းမိဖုရားဖြစ်ခဲ့သူ ကရင်မလေး နော်မုယယ်ဖဲ သနားစရာဘဝအကြောင်း" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်က မျှဝေထားတဲ့ ဒီရှည်လျားတဲ့ Facebook ပို့စ် မှာ ခေါင်းစဉ် ရေးသားထားပါတယ်။
"ဒါ ငါတို့ရဲ့ လှပတဲ့ ကရင်မိဖုရား နော်မုယယ်ဖဲ" ဆိုပြီး အင်္ဂလိပ်ဘာသာနဲ့ ဓာတ်ပုံအောက်မှာ စာသားပါရှိပါတယ်။

မြန်မာနဲ့ ထိုင်းနိုင်ငံတွေမှာ ဖြန့်ကျက်နေထိုင်ကြတဲ့ ကရင်တိုင်းရင်းသားတွေကြား လူသိများတဲ့ မုယယ်ဖဲပုံပြင် ကို အဲဒီပိုစ့်မှာ ပြန်လည်ရေးသားထားပါတယ်။ (Archived links here and here)
ဒီရိုးရာပုံပြင်အရ သူမဟာ ထိုင်းဘုရင်ရဲ့ ကိုယ်လုပ်တော်အဖြစ်သိမ်းပိုက်ခံခဲ့ရတဲ့ ကရင်အမျိုးသမီးတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံနဲ့ လူမျိုး တိုးတက်ရေးအတွက် ဓလေ့ထုံးစံအရ ယဇ်ပူဇော်ဖို့အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီဓာတ်ပုံကို မှားယွင်းတဲ့ ပြောဆိုမှုတွေနဲ့ Facebook မှာ ၂၀၂၂ ခုနှစ်ကတည်းက မျှဝေခဲ့တဲ့အပြင်၊ ၂၀၂၄ ခုနှစ်မှာ လည်း ဒီလင့်ခ် နဲ့ ဒီလင့်ခ် တို့မှာ မျှဝေထားကြပါတယ်။
ဒါပေမဲ့ အဲဒီပြောဆိုမှုတွေကမှားယွင်းပါတယ်။ ဓာတ်ပုံထဲက အမျိုးသမီးဟာ ထိုင်းဘုရင်မင်းမြတ် Chulalongkorn ရဲ့ နောက်ဆုံးကြင်ယာတော် မင်းသမီး Chao Chom Sadab ပဲဖြစ်ပါတယ်။ (Archived link)
ထိုင်းတော်ဝင်ကြင်ယာတော်
Google မှာ ဓာတ်ပုံရာဇဝင်အပြင် အဓိကကျတဲ့ စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ ဒီဓာတ်ပုံကို ၁၉၈၃ ခုနှစ်က နတ်ရွာစံခဲ့တဲ့ တော်ဝင်မင်းသမီးကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ အဲဒီနှစ်မှာပဲ ထုတ်ဝေတဲ့ စာအုပ်တစ်အုပ်မှာ ထည့်သွင်းထားတာတွေ့ရပါတယ်။ (Archived link)
ထိုင်းဘုရင်မင်းမြတ် Bhumibol ရဲ့ ညွန်ကြားချက်နဲ့ ထုတ်ဝေခဲ့တဲ့ အဲဒီစာအုပ်က "နတ်ရွာစံခြင်း အောက်မေ့ဖွယ် (Chao Chom Sadab)" လို့ အမည်ရပါတယ်။
"၁၉၈၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်၊ စနေနေ့ တွင် Debsirin ဘုရားဝန်းအတွင်း ကျင်းပပြုလုပ်သည့် ၅ ဆက်မြောက် ရာမ ဘုရင်မင်းမြတ်၏ ကြင်ယာတော်ဖြစ်သည့် Chao Chom Mom Rajawongse Sadab မင်းသမီး၏ မီးသင်္ဂြိုဟ်ခြင်းအခမ်းအနား၌ Bhumibol Adulyadej ဘုရင်မင်းမြတ် မှပေးအပ်သော အောက်မေ့ဖွယ်စာအုပ်" ဆိုပြီး စာအုပ်ရဲ့ မျက်နှာဖုံးမှာရေးသားထားပါတယ်။
၁၉၀၇ ခုနှစ်က ရိုက်ကူးထားတဲ့ အဖြူအမည်းဓာတ်ပုံကို စာမျက်နှာ ၄၅ မှာတွေ့နိုင်ပါတယ်။
"မိဖုရား၊ မင်းသား၊ မင်းသမီးတို့အတွက် သီးသန့်ထားရှိသည့် တော်ဝင်အမှတ်တံဆိပ်ပါထိုင်ခုံတွင် ထိုင်နေသည့် Chao Chom Mom Rajawongse Sadab ကို တော်ဝင်အခမ်းအနားတစ်ခုတွင် တွေ့ရစဥ်" ဆိုပြီး ထိုင်းဘာသာစကားနှင့် ပုံရဲ့ ခေါင်းစဉ် ကိုရေးသားထားပါတယ်။
အောက်မှာ မှားယွင်းဖော်ပြထားတဲ့ပိုစ့်ကပုံ (ဘယ်) ကို စာအုပ်ထဲကပုံ (ညာ)နဲ့ နှိုင်းယှဉ် ထားတဲ့ screenshot ကိုတွေ့နိုင်ပါတယ်။

Bangkok Post သတင်းဌာနက ထုတ်ဝေတဲ့ ဆောင်းပါးအရ မင်းသမီး Chao Chom Sadab ဟာ ထိုင်းနိုင်ငံရဲ့ ၅ ဆက်မြောက် ရာမ ဘုရင်မင်းမြတ်ရဲ့ နောက်ဆုံး ကြင်ယာတော်ဖြစ်ပြီး ဘုရင်မင်းမြတ် နတ်ရွာစံချိန် ၁၉၁၀ ခုနှစ်မှာ သူမဟာ သက်တော် ၁၆ နှစ်သာရှိသေးတယ်လို့ ဆိုပါတယ်။ (Archived link)
ထိုင်းနိုင်ငံ သမိုင်းနှင့်တော်ဝင်အခမ်းအနားများအကြောင်းအထူးပြုတဲ့ ပညာရှင်တစ်ဦးဖြစ်သူ Mr. Tongthong Chandransu က ဒီဓာတ်ပုံဟာ မင်းသမီး Chao Chom Sadab ရဲ့ပုံဖြစ်ပြီး မုယယ်ဖဲရဲ့ ပုံမဟုတ်ဘူးလို့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်က AFP ကိုပြောပါတယ်။ (Archived link)
Mr.Tongthong က မင်းသမီးနတ်ရွာမစံမီ တစ်နှစ်အလို ၁၉၈၂ ခုနှစ်တုန်းက သူမနဲ့ တွေ့ဆုံခွင့်ရခဲ့တယ်လို့လည်း AFP ကိုပြောပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်