အယ်လ်ဂျီးရီးယားနဲ့ အင်ဒိုနီးရှားက ဗီဒီယိုတွေကို အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေကဆိုပြီး မှားယွင်းမျှဝေ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 17 အောက်တိုဘာ 2024 အချိန် 08h52
  • ဖတ်ရန် ကြာချိန် 4 မိနစ်
  • AFP Bangladesh
  • ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP Thailand

ဟစ်ဇ်ဘိုလာရဲ့ အစ္စရေးကို တိုက်ခိုက်မှု နောက်ဆက်တွဲဖြစ်ရပ်တွေဆိုပြီး အယ်လ်ဂျီးရီးယားနဲ့ အင်ဒိုနီးရှားက သက်ဆိုင်မှုမရှိတဲ့ ဗီဒီယိုနှစ်ခုကို မှားယွင်းမျှဝေထားတဲ့ပို့စ်တွေဟာ လက်တလောမှာ ကြည့်ရှုမှုအကြိမ်ရေ ထောင်ချီရှိနေပါတယ်။ ဒီဗီဒီယိုတွေက  အစ္စရေး-ဟစ်ဇ်ဘိုလာ  ပဋိပက္ခ မတိုင်မီ ၂၀၂၄ ခုနှစ်၊ သြဂုတ်လကတည်းက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ပြီးသားဖြစ်ပါတယ်။  

"အီရန် အစ္စရေး" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်က မျှဝေထားတဲ့ ဒီ TikTok ဗီဒီယိုမှာ စာသားထည့်သွင်းရေးသားထားပါတယ်။  

ကားတွေအပြည့်နဲ့ လမ်းမပေါ်က ကောင်းကင်ယံမှာ မီးရှုးမီးပန်းတွေ ထိန်လင်းနေတာကို စောင့်ကြည့်ဖို့ လူအများ စုဝေးရောက်ရှိနေတာကို ဗီဒီယိုရဲ့ ပထမပိုင်းမှာတွေ့ရပြီး နောက်ခံအော်ဟစ်သံတွေနဲ့ လဟာပြင်ကြီးတစ်ခုမီးလောင်ကျွမ်းနေတဲ့မြင်ကွင်းကို ဒုတိယပိုင်းမှာ တွေ့ရပါတယ်။  

အဲဒီ ဗီဒီယိုကို Facebook မှာ မြန်မာဘာသာ အပြင် ဘင်္ဂါလီဘာသာစကား နဲ့လည်း မျှဝေနေတဲ့ အပြင် အင်္ဂလိပ်ဘာသာနဲ့ Instagram မှာလည်း မျှဝေနေကြပါတယ်။  

နိုင်ငံတကာအသိုင်းအဝန်းက အရှေ့အလယ်ပိုင်းဒေသတွင်း စစ်မီးလောင်ကျွမ်းမှုကို ရှောင်ကျဥ်ဖို့ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ကို တိုက်တွန်းလှုံ့ဆော်ထားပေမယ့် နှစ်ဘက်စလုံးက မျက်ကွယ်ပြုပြီး နယ်နမိတ်ဖြတ်ကျော်တိုက်ခိုက်မှုတွေကို အရှိန်တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ခြိမ်းခြောက်ခဲ့တဲ့နောက် ဒီမှားယွင်းပြောဆိုမှုတွေ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။ (Archived link) 

Image
မှာယွင်းတဲ့ TikTok ပိုစ့်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်က ရယူထားတဲ့ Screenshot

ဂါဇာကမ်းမြောင်ဒေသတွင်းစစ်ပွဲတွေကို စတင်ခဲ့တဲ့ ဟာမက်စ်အဖွဲ့ရဲ့  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်၊ အစ္စရေးနိုင်ငံတောင်ပိုင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့စဥ်ကတည်းက ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးနိုင်ငံတို့ကြား နေ့စဥ် နယ်စပ်ဖြတ်ကျော် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ 

ဖမ်းဆီးချုပ်နှောင်ခံရမှုအတွင်းအသတ်ခံလိုက်ရတဲ့ ဓားစာခံများပါထည့်သွင်းထားတဲ့ အစ္စရေးရဲ့ တရားဝင်ထုတ်ပြန်ချက်ကို အခြေခံတဲ့ AFP ရဲ့ ရေတွက်မှုအရ အဲဒီ မကြုံစဖူးတိုက်ခိုက်မှုကြောင့် အရပ်သားအများစုအပါအဝင် လူပေါင်း ၁,၂၀၅ ဦး သေဆုံးခဲ့ရပါတယ်။ 

ဟာမက်စ်အဖွဲ့ရဲ့ ဖမ်းဆီးပြန်ပေးဆွဲခံရသူ ဓားစာခံ ၂၅၁ ဦးထဲက ၉၇ ဦးဟာ ဂါဇာဒေသမှာ ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး အစ္စရေးတပ်ဖွဲ့က သေဆုံးသွားကြောင်း အတည်ပြုထားတဲ့ ဓားစာခံ ၃၃ ဦးလည်း ပါဝင်ပါတယ်။  

အစ္စရေးရဲ့ လက်တုန့်ပြန် ထိုးစစ်ဆင်မှုကြောင့် ဂါဇာဒေသမှာ အရပ်သားအများစုဖြစ်တဲ့ လူပေါင်း ၄၁,၇၈၈ ဦးကျော် သေဆုံးခဲ့တယ်လို့ ဟာမက်စ်အဖွဲ့ဦးစီးတဲ့ နယ်မြေကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဗီဒီယိုက  အစ္စရေး-ဟစ်ဇ်ဘိုလာ ပဋိပက္ခတွေနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။  

အယ်လ်ဂျီးရီးယားက မီးရှူးမီးပန်းများ   

ဗီဒီယိုကရုပ်ပုံတွေနဲ့ Google မှာဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၉ ရက်က မျှဝေထားတဲ့ ဒီ YouTubeဗီဒီယိုကိုတွေ့ရပါတယ်။ (Archived link) 

"၁၀၃ နှစ်ပြည့်အထိမ်းအမှတ်အား Mouloudia d'Alger ပရိသတ်များမှ ဂုဏ်ပြုဆင်နွှဲ" ဆိုပြီး ဗီဒီယိုခေါင်းစဥ်မှာ ရေးသားထားပါတယ်။   

အောက်မှာ မှားယွင်းတဲ့ပိုစ့်က ပြောင်းပြန်လှန်ထားတဲ့ ဗီဒီယို (ဘယ်) ကို မူရင်း YouTube  ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ဖော်ပြထားပါတယ်။  

Image

အယ်လ်ဂျီးရီးယားဘောလုံးအသင်း Mouloudia Club d'Alger က သူတို့ရဲ့ ၁၀၃ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လမှာ ကျင်းပခဲ့ပါတယ်။  

ဗီဒီယိုရဲ့  ၂ စက္ကန့်ကြာချိန်မှာ 'G.I.P' ဆိုတဲ့ အတိုကောက်စာလုံးနဲ့  ဂျာကင်အင်္ကျီကို ဝတ်ဆင်ထားကြတဲ့ လူတစ်စုကို တွေ့နိုင်ပါတယ်။ အဲဒီဝတ်စုံက အယ်လ်ဂျီးရီးယားရဲတပ်ဖွဲ့ရဲ့တူညီဝတ်စုံနဲ့ ထပ်တူကျနေပါတယ်။ (Archived link) 

Image
YouTube ဗီဒီယိုမှာပါတဲ့ ရဲတပ်ဖွဲ့ဝတ်စုံကို AFP ကမြင်သာအောင်ဖော်ပြထားတဲ့ Screenshot

ဗီဒီယိုထဲက တည်နေရာဟာ မြို့တော် Algiers မှာရှိတဲ့ The Great Mosque အနီးက ဒီ Google Street View ရုပ်ပုံတွေနဲ့ ကိုက်ညီမှုရှိနေပါတယ်။  (Archived link) 

၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့မှာ Algiers မြို့တော်အတွင်း မီးရှူးမီးပန်းတွေ လွှတ်တင်နေတဲ့ ဗီဒီယိုကို  Mouloudia Club d'Alger အသင်းရဲ့ တရားဝငFacebook စာမျက်နှာကလည်း အထိမ်းအမှတ်အဖြစ် မျှဝေခဲ့ပါတယ်။ (Archived link)  

အင်ဒိုနီးရှား စျေးမီးလောင်မှု   

ဒုတိယဗီဒီယိုက ရုပ်ပုံတွေကို ဓာတ်ပုံရာဇဝင်ရှာကြည့်ဖွေကြည့်တဲ့အခါ အင်ဒိုနီးရှားနိုင်ငံ  Kabar Kutim သတင်းဌာနရဲ့  Instagram စာမျက်နှာက မျှဝေထားတဗီဒီယိုတစ်ခုကို တွေ့ရပါတယ်။ (Archived link) 

"၂၂.၀၈.၂၀၂၄၊ ကြာသပတေးနေ့ အစောပိုင်းတွင်  Benua Baru ကျေးရွာ၊ Sangkulirang စျေး၌ မီးလောင်မှုဖြစ်ပွားခဲ့ပါသည်" ဆိုပြီး ဗီဒီယိုရဲ့ ခေါင်းစဉ်မှာ ရေးသားထားပါတယ်။   

တခြားသတင်းဌာနတစ်ခုကလည်း ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်မှာ အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက် Kalimantan ပြည်နယ်၊ Borneo ကျွန်းရှိ  Sangkulirang စျေးမှာ မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ အတည်ပြုဖော်ပြထားပါတယ်။ (Archived link)

အောက်မှာ မှားယွင်းတဲ့ပိုစ့်က ပြောင်းပြန်လှန်ထားတဲ့ ဗီဒီယို (ဘယ်) ကို အင်ဒိုနီးရှားသတင်းမီဒီယာက ထုတ်ဝေတဲ့ ဗီဒီယို (ညာ) နဲ့ နှိုင်းယှဉ်ဖော်ပြထားပါတယ်။  

Image
ပြောင်းပြန်လှန်ထားတဲ့ ဗီဒီယို (ဘယ်) ကို အင်ဒိုနီးရှားသတင်းမီဒီယာက ထုတ်ဝေတဲ့ ဗီဒီယို (ညာ) နဲ့ နှိုင်းယှဉ်ထားတဲ့ Screenshot

AFP အနေနဲ့ ယခင်ကလည်း အရှေ့ အလယ်ပိုင်းဒေသက မငြိမ်မသက်မှုတွေနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေကို ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ အချက်အလက်စိစစ်ခဲ့ပါတယ်။   

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ