အရှေ့တီမောနိုင်ငံက ဘာသာရေးပွဲတော်ကို တူရကီဆန္ဒပြပွဲအဖြစ် မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 26 မတ် 2025 အချိန် 07h41
- ဖတ်ရန် ကြာချိန် 1 မိနစ်
- Magdalini GKOGKOU, AFP ဂရိစ့်
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - Chayanit ITTHIPONGMAETEE , AFP ထိုင်း
"တူရကီ မှာ လည်း ဒီလိုဒီလို တွေ ဖြစ်နေပါပြီ ။ ERDOGAN ၏နောက်ဆုံးနေ့များ။"(မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ မတ်လ ၂၀ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာရေးသားထားပါတယ်။
၂၆ စက္ကန့်ကြာဗီဒီယိုမှာ လမ်းမပေါ် သွားလာနေကြတဲ့ လူအုပ်ကြီးနဲ့ မော်တော်ယာဉ်တွေကို တွေ့နိုင်ပါတယ်။
၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက်မှာ အစ္စတန်ဘူလ်မြို့တော်ဝန် Ekrem Imamoglu ဟာ အကျင့်ပျက်ချစားမှုအပြင် အကြမ်းဖက်မှုစွပ်စွဲချက်တွေနဲ့ အဖမ်းခံခဲ့ရပြီးနောက် နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ဆူပူအုံကြွမှုကြီးဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီနောက် တူညီတဲ့မှားယွင်းပြောဆိုမှုတွေဟာ မြန်မာဘာသာအပြင် အင်္ဂလိပ်၊ အာရဗြီ၊ ဂရိစတဲ့ ဘာသာစကားတွေနဲ့လည်း ထွက်ပေါ်လာခဲ့ပါတယ်။ (Archived link)
အတိုက်အခံဖြစ်တဲ့ CHP ပါတီဝင် အသက် ၅၃ နှစ်ရှိ Imamoglu ဟာ တူရကီနိုင်ငံရဲ့ သက်တမ်းရှည်ခေါင်းဆောင်ဖြစ်သူ Erdogan ကို လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရယူနိုင်စွမ်းရှိသူတစ်ဦးတည်းသောနိုင်ငံရေးသမားအဖြစ် သတ်မှတ်ခံရသူဖြစ်ပါတယ်။
ဒါပေမဲ့ အွန်လိုင်းပေါ်ပျံ့နှံ့နေတဲ့ ဗီဒီယိုကို ပိုစ့်တွေမှာဖော်ပြထားသလို တူရကီမှာမဟုတ်ဘဲ အရှေ့တီမောမှာရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
ဗီဒီယိုထဲကရုပ်ပုံတွေကိုသုံးပြီး ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်က TikTok မှာမျှဝေထားတဲ့ ပိုမိုကြည်လင်တဲ့ ဗီဒီယိုကိုတွေ့ခဲ့ရပါတယ်။ (Archived link)
ပုပ်ရဟန်းမင်းကြီး Francis အရှေ့တောင်အာရှနိုင်ငံကို သွားရောက်လည်ပတ်တုန်းက ရိုက်ကူးခဲ့တယ်ဆိုပြီး စာသားဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်က အရှေ့တီမောနိုင်ငံမြို့တော် ဒီလီမှာကျင်းပခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ဆုတောင်းပွဲကို လူပေါင်း ၆၀၀,၀၀၀ ကျော်တက်ရောက်ခဲ့တယ်လို့ ဗာတီကန်ကဆိုပါတယ်။ အဲဒီလူဦးရေဟာ နိုင်ငံအတွင်းက ခရစ်ယာန်ဘာသာဝင်အများစုရဲ့ ထက်ဝက်နီးပါးရှိပါတယ်။ (Archived link)
ပုပ်ရဟန်းမင်းကြီးရဲ့ ပိုစတာတစ်ခုကိုလည်း ဗီဒီယိုရဲ့ ၁၄ စက္ကန့်ကြာချိန်မှာ တွေ့နိုင်ပါတယ်။
ဗီဒီယိုရိုက်ကူးခဲ့တဲ့ ဒီလီမြို့ကလမ်းမရဲ့ တည်နေရာကို AFP က Google Maps street view ဓာတ်ပုံတွေနဲ့ နှိုင်းယှဥ်ပြီး အတည်ပြုနိုင်ခဲ့ပါတယ်။
မှားယွင်းဖော်ပြထားတဲ့ ဗီဒီယိုတွေကို AFP အနေနဲ့ ယခင်ကတည်းက အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်