
'မလေးရှား မိကျောင်းစီးပြိုင်ပွဲဓာတ်ပုံတွေ'ဟာ AI ဖန်တီးမှုသာဖြစ်
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 25 မတ် 2025 အချိန် 05h27
- ဖတ်ရန် ကြာချိန် 4 မိနစ်
- AFP ထိုင်း
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"မလေးရှားနိုင်ငံ Sarawak ပြည်နယ်ရှိ မိချောင်းစီးပြိုင်ပွဲဟာ ထူးခြားသော ရိုးရာပွဲတော်တစ်ခုဖြစ်ပါတယ်… ဒေသခံများဟာ မိချောင်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ မြစ်ကြောင်းတစ်လျှောက် စီးပြီး ယှဥ်ပြိုင်ကြပါတယ်…" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက်ကမျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ ရေးသားထားပါတယ်။
ပြန်လည်မျှဝေမှုအကြိမ်ရေ ၃,၀၀၀ ကျော်ရှိတဲ့ အဲဒီပိုစ့်မှာ "ခရီးသွားဧည့်သည်များကိုယ်တိုင် အနီးကပ်ကြည့်ရှုအားပေးနိုင်မှာ ဖြစ်တဲ့အတွက် မလေးရှားနိုင်ငံ Sarawak သွားဖြစ်ရင် မိကျောင်းစီးပြိုင်ပွဲကို ကြည့်ဖြစ်အောင်သွားကြည့်လိုက်ကြဦးနော်…" (မူရင်းအတိုင်း) ဆိုပြီးလည်း ဆက်လက်ရေးသားထားပါတယ်။

မြစ်ထဲမှာ လူတွေမိကျောင်းစီးနေတဲ့ဓာတ်ပုံတွေဟာ Facebook နဲ့ Instagram စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။
လူမှုကွန်ရက် အသုံးပြုသူအချို့က ဓာတ်ပုံတွေကို အစစ်အမှန်လို့ ယုံကြည်နေကြပါတယ်။
"စွမ်းလိုက်သည့်လူသားများပါလား" (မူရင်းအတိုင်း) ဆိုပြီး လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။ "သွားပြိုင်ချင်တာ" (မူရင်းအတိုင်း) ဆိုပြီးလည်း အခြားတစ်ယောက်က ရေးသားထားပါတယ်။
မလေးရှားနိုင်ငံအရှေ့ပိုင်း ဘော်နီယိုကျွန်းပေါ်ရှိ Sarawak ပြည်နယ်မှာ မိကျောင်းအကောင်ရေ ၂၅,၀၀၀ ခန့်ကျက်စားလျက်ရှိပြီး ပြည်နယ်အစိုးရက လူနဲ့ မိကျောင်းအကြား ပဋိပက္ခတွေကို လျော့ချဖို့ ပြင်ဆင်နေတယ်ဆိုပြီး ကြေညာထားပါတယ်။ (Archived link)
Sarawak ပြည်နယ်မှာ ၁၈၇၂ ခုနှစ်ကစပြီး နှစ်စဥ်ကျင်းပပြုလုပ်နေတဲ့ Sarawak Regatta ဆိုတဲ့ အလွန်စိတ်လှုပ်ရှားဖွယ်ရာ လှေလှော်ပြိုင်ပွဲရှိပေမယ့် မိကျောင်းစီးတာတွေပါဝင်ခြင်းမရှိဘူးလို့ Sarawak ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFP ကိုပြောကြားခဲ့ပါတယ်။ (Archived link)
AI နည်းပညာရဲ့ ကွဲလွဲချက်များ
Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ တူညီတဲ့ဓာတ်ပုံတွေကိုမျှဝေထားတဲ့ အခြားပိုစ့်တွေကိုတွေ့ခဲ့ရတဲ့အပြင် search engine ရဲ့ "About this image" ဆိုတဲ့စာတန်းကနေပြီး ဓာတ်ပုံတွေဟာ Google AI နဲ့ဖန်တီးထားတယ်ဆိုတာကို သိရှိခဲ့ရပါတယ်။
Google ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဓာတ်ပုံတွေမှာ SynthID ရဲ့ ရေစာအမှတ်သားကိုတွေ့ရပါက ဒါဟာ "AI နည်းပညာနဲ့ ဖန်တီးထားတာ ဒါမှမဟုတ် ပြုပြင်မွမ်းမံထားတာ"ဖြစ်တယ်လို့ AFP ကို ပြောပါတယ်။

၂၀၂၃ ခုနှစ်မှာ Google ရဲ့ AI lab က ဖန်တီးထားတဲ့ SynthID ဟာ ဒစ်ဂျစ်တယ်ရေစာထုတ်လုပ်မှုအပြင် Google AI နဲ့ဖန်တီးထားတဲ့ ဓာတ်ပုံတွေကို စမ်းသပ်ထုတ်ဖော်မှုတွေပြုလုပ်ပေးတဲ့ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ (Archived links here and here)
နည်းပညာကျွမ်းကျင်သူတွေကလည်း ဓာတ်ပုံတွေမှာ AI ရဲ့မျက်မြင်ကွဲလွဲချက်တွေတွေ့ရတယ်လို့ AFP ကိုပြောပါတယ်။
Purdue တက္ကသိုလ် Machine Learning and Media Forensics Lab ရဲ့ ညွှန်ကြားရေးမှူး Shu Hu က မိကျောင်းတွေအောက်မှာထင်နေတဲ့ အရိပ်တွေက "အမြင်အာရုံနဲ့ ရူပဗေဒရဲ့ အခြေခံနိယာမတွေကိုဆန့်ကျင်နေတယ်" ဆိုပြီးထောက်ပြခဲ့ပါတယ်။ (Archived link)

ဓာတ်ပုံတွေထဲက လူတစ်ယောက်ရဲ့မျက်နှာဟာ ပီပြင်ထင်ရှားမှုမရှိသလို မိကျောင်းတွေရဲ့ လက်တစ်ဘက်စီမှာလည်း လက်ချောင်းအရေအတွက်က တူညီခြင်းမရှိဘူးလို့ Hu ကဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု၊ Buffalo တက္ကသိုလ်၊ Media Forensics Lab ရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ Siwei Lyu ကလည်း ပွဲကြည့်ပရိတ်သတ်ထဲက လူတွေရဲ့မျက်နှာနဲ့ တတိယဓာတ်ပုံက လူရဲ့တီရှပ်မှာပါတဲ့စာတန်းက မှုန်ဝါးနေတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ (Archived link)

တစ်ချိန်တည်းမှာပဲ မှားယွင်းတဲ့ပိုစ့်က ဓာတ်ပုံနှစ်ပုံရဲ့ နောက်ခံအဆောက်အဦးဟာ Sarawak မြစ်ကမ်းနံဘေးမှာရှိတဲ့ ဥပဒေပြုလွှတ်တော်အဆောက်အဦးနဲ့ ဆင်တူနေပါတယ်။ (Archived link)
ဒါပေမဲ့ AFP ဓာတ်ပုံနဲ့ Google Street View ကဓာတ်ပုံတွေအရ အဆောက်အဦးအစစ်ရဲ့ အခြေခံပုံသဏ္ဌာန်ရော မျက်နှာစာနဲ့ပါ တူညီခြင်းမရှိတာကို တွေ့ရပါတယ်။ (Archived links here and here)


AFP က Google AI ကိုအသုံးပြုပြီး ဖန်တီးထားတဲ့ ဓာတ်ပုံတွေကို ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်