အီရတ်နိုင်ငံက ဘာသာရေးပွဲတော်ကို Duterte ထောက်ခံရေး ဆန္ဒပြမှုကဆိုပြီး မှားယွင်းပြောဆို
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 28 မတ် 2025 အချိန် 05h40
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP Thailand
"ဒူတာတေး ကိစ္စအတွက် ဖိလစ်ပိုင်ပြည်သူ တွေ ဒူတာတေး ကို ဝန်းရံကြပြီ ဖိလစ်ပိုင် တနိုင်ငံလုံးကြီးမားတဲ့ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာပြီ" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်က Facebook ပို့စ်မှာ ရေးသားထားပါတယ်။
ကြည့်ရှုမှုအကြိမ်ရေ ၂၃,၀၀၀ ကျော်ရှိတဲ့ ဒီဗီဒီယိုထဲ ဘေးနှစ်ဘက် အစိမ်းရောင်မီးတိုင်တွေနဲ့ ရင်ပြင်တစ်ခုမှာ ကြီးမားတဲ့လူအုပ်ကြီးစုဝေးနေတာကို ဝေဟင်ကနေရိုက်ကူးထားတာတွေ့ရပါတယ်။
"နောက်တခါ ဒူတာတေးကြောက်လှချည့်ရဲ့လေးဖြစ်သွားတော့မယ့် ICC" (မူရင်းအတိုင်း) ဆိုတဲ့ စာသားကိုလည်း ဗီဒီယိုထဲမှာ တွေ့ရပါတယ်။
အသက် ၇၉ နှစ်ရှိတဲ့ သမ္မတဟောင်းဟာ သူအာဏာရှိခဲ့စဥ်က လူပေါင်းများစွာသေဆုံးခဲ့တဲ့ မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းစဥ်တွေကြောင့် ICC ရဲ့ ဖမ်းဝရမ်းထုတ်ပြန်ခြင်းခံခဲ့ရပြီး မတ်လ ၁၁ ရက်မှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ မနီလာလေဆိပ်မှာအဖမ်းခံခဲ့ရပြီးနောက် ချက်ချင်းဆိုသလိုပဲ နယ်သာလန်နိုင်ငံမှာရှိတဲ့ နိုင်ငံတကာရာဇ၀တ်ခုံရုံး(ICC) ကို ပို့ဆောင်ခြင်း ခံခဲ့ရပါတယ်။ (archived link)
Duterte ရဲ့ မူးယစ်ဆေးဝါးပပျောက်ရေးမူဝါဒကြောင့် ထောင်နဲ့ချီတဲ့ပြည်သူတွေ အသတ်ခံခဲ့ရပြီး အများစုဟာ ဆင်းရဲနွမ်းပါးသူအမျိုးသားတွေဖြစ်ကြသလို တရားမဝင်မှုးယစ်ဆေးဝါးတွေနဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ အထောက်အထားကင်းမဲ့သူအများအပြား ပါဝင်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ လှုံ့ဆော်သူတွေက ဆိုပါတယ်။
ဒီဖမ်းဆီးမှုကြောင့် ဖိလစ်ပိုင်နိုင်ငံအပြင် the Hague က ICC အဆောက်အအုံရှေ့ Duterte ထောက်ခံသူတွေဆန္ဒပြခဲ့ကြောင်း သတင်းမီဒီယာတွေက ဖော်ပြခဲ့တဲ့နောက် တူညီတဲ့ပြောဆိုမှုတွေဟာ Facebook၊ TikTok စာမျက်နှာတွေမှာ ပျံ့နှံ့လာခဲ့ပါတယ်။ (archived here and here)
မွတ်ဆလင်ဘာသာရေးပွဲတော်
Google မှာ ဓာတ်ပုံရာဇဝင်အပြင် အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ ဒီဗီဒီယိုကို Duterte အဖမ်းမခံရမီ လပေါင်းများစွာအလို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက် ကတည်းက Instagram မှာ မျှဝေထားတာ တွေ့ရပါတယ်။ (archived link)
အစ္စလာမ်ဘာသာပြက္ခဒိန်ရဲ့ ပထမဆုံးလဖြစ်တဲ့ Muharram စတင်မှုအထိမ်းအမှတ်အနေနဲ့ အီရတ်နိုင်ငံက Karbala မြို့မှာကျင်းပတဲ့ အလံလွှင့်တင်မှုအခမ်းအနားဖြစ်တယ်လို့ ဒီဗီဒီယိုရဲ့ စာသားမှာ ရေးသားထားပါတယ်။
အဲဒီလထဲမှာ သန်းနဲ့ချီတဲ့ ရှီးယိုက်မွတ်စလင်တွေဟာ ဘာသာရေးအချက်အခြာဖြစ်တဲ့ Karbala မြို့တော်ကို သွားရောက်လေ့ရှိပြီး တမန်တော် မိုဟာမက်ရဲ့ မြေးဖြစ်သူ Hussein ရဲ့ အောက်မေ့ဖွယ်အထိမ်းအမှတ်ပွဲတော်ကို ဝင်ရောက်ဆင်နွဲကြပါတယ်။ (archived link)
ဒီပွဲတော်ကိုလာရောက်ဆင်နွဲကြတဲ့ ဘုရားဖူးသူတွေဟာ ဝမ်နည်းခြင်းသင်္ကေတအနေနဲ့ အနက်ရောင်အလံတွေကို လွှင့်တင်ကြပါတယ်။ ဒီဗီဒီယိုထဲမှာ ရိုးရာကြွေးကြော်မှုဖြစ်တဲ့ "Hussein အတွက်ငါတို့ဒီမှာရှိတယ်" လို့အဓိပ္ပါယ်ရတဲ့ "Here we are Hussein" ဆိုတဲ့ ကြွေးကြော်သံတွေကြားရတယ်လို့ AFP သတင်းထောက်တစ်ဦးက ဆိုပါတယ်။
Instagram ဗီဒီယိုထဲက အသေးစိတ်အချက်အလက်တွေကို Karbala မှာရိုက်ကူးထားတဲ့ Google Maps က ဒီဓာတ်ပုံနဲ့ နှိုင်းယှဥ်ပြီး ဗီဒီယိုရိုက်ကူးခဲ့တဲ့တည်နေရာကို AFP က အတည်ပြုနိုင်ခဲ့ပါတယ်။ (archived link)
အီရတ်နိုင်ငံမှာကျင်းပတဲ့ Muharram ပွဲတော်မှာရိုက်ကူးထားတဲ့ AFP မော်ကွန်းတိုက်က ဓာတ်ပုံတစ်ပုံမှာလည်း ဆင်တူတဲ့ပုံရိပ်တွေ တွေ့နိုင်ပါတယ်။
သမ္မတဟောင်း Duterte အဖမ်းခံရပြီးနောက် ကြီးမားတဲ့လူအုပ်ကြီးတွေက ဒီဖမ်းဆီးမှုကို ဆန့်ကျင်ဆန္ဒပြခဲ့တယ်ဆိုတဲ့ မှားယွင်းပြောဆိုမှုနဲ့ ရုပ်ပုံ၊ ဗီဒီယိုတွေကို AFP က ဒီလင်ခ့်မှာ အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်