အိန္ဒိယစစ်တပ်အကြီးအကဲ သေဆုံးခဲ့တဲ့ ရဟတ်ယာဉ်ပျက်ကျမှုလို့ လွဲမှားဖော်ပြထားတဲ့ ဗီဒီယိုအဟောင်း ပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 13 ဒီဇင်ဘာ 2021 အချိန် 07h55
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • Anuradha PRASAD, AFP အိန္ဒိယ
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်က အိန္ဒိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီပင်ရာဝါ့တ်နဲ့ နောက်ထပ်လူ ၁၂ ဦး သေဆုံးစေခဲ့တဲ့ ရဟတ်ယာဉ်ပျက်ကျမှုလို့ ပြောဆိုထားတဲ့ ဗီဒီယိုတစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေသောင်းနဲ့ချီ ကြည့်ရှုခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီဗီဒီယိုဟာ အကြောင်းအရာလွဲမှားပြီး မျှဝေထားတဲ့ ဗီဒီယိုဖြစ်ပါတယ်။ တကယ်တမ်း အဲဒီဗီဒီယိုဟာ ၂၀၂၀ ခုနှစ်က ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ သူပုန်တွေပစ်ချခဲ့တဲ့ အစိုးရရဟတ်ယာဉ်အကြောင်း သတင်းတွေမှာ ဖော်ပြခဲ့တဲ့ပုံ ဖြစ်ပါတယ်။

အဲဒီဗီဒီယိုကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ မျှဝေခဲ့တာ ဖြစ်ပြီး ကြည့်ရှုတဲ့အကြိမ်ရေ ၆၄,၀၀၀ ကျော်ရှိခဲ့ပါတယ်။

ဗီဒီယိုနဲ့အတူ ရေးသားခဲ့တဲ့ဖော်ပြချက်က အခုလိုပဲ ဖြစ်ပါတယ်။

“အိန္ဒိယနိုင်ငံ ကာကွယ်ရေးစစ်ဦးစီးချူပ်အပါအဝင် လူ၁၁ဦးလိုက်ပါလာတဲ့ ရဟတ်ယာဥ် မနေ့ကတမိနာဒုဒေသမှာ ပျက်ကျတဲ့ ရုပ်သံထွက်ပေါ်လာပါတယ် ပျက်ကျရတဲ့အကြောင်းအရင်းမသိရှိရသေးပါဘူး” (မူရင်းသတ်ပုံ)

Image
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်က ရိုက်ယူခဲ့တဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ screenshot


အိန္ဒိယစစ်တပ်အကြီးအကဲ ဘီပင်ရာဝါ့တ်နဲ့ သူ့ဇနီးအပါအဝင် အရာရှိတွေကို တင်ဆောင်လာတဲ့ ရုရှားနိုင်ငံလုပ် Mi-17 ရဟတ်ယာဉ်ဟာ တမီလ်နာဒူး ပြည်နယ်မှာ ပျက်ကျခဲ့တာပါ။ ဖြစ်စဉ်မှာ ရဟန်ယာဉ်ပေါ်ပါလာတဲ့ လူ ၁၃ ဦး သေဆုံးခဲ့တယ်လို့ ဒီ AFP သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီဗီဒီယိုကို အလားတူပြောဆိုမှုတွေနဲ့အတူ Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီဗီဒီယိုဟာ အကြောင်းအရာလွဲမှားပြီး မျှဝေထားတဲ့ ဗီဒီယိုဖြစ်ပါတယ်။

ပျံ့နှံ့နေတဲ့ ဗီဒီယိုပါ အဓိကမြင်ကွင်းတွေကို အသုံးပြုပြီး ဗီဒီယိုရာဇဝင်ရှာကြည့်တဲ့အခါ ထပ်တူညီတဲ့မြင်ကွင်းတွေပါဝင်တဲ့ ဒီဗီဒီယိုကို စီးပွားရေးနှင့်နိုင်ငံခြားရေးရာမူဝါဒလေ့လာရေးစင်တာ (Centre for Economics and Foreign Policy Studies - EDAM) ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။

ဆီးရီးယားအာရပ်တပ်ဖွဲ့တွေအပေါ် တူရကီရဲ့တန်ပြန်တိုက်ခိုက်မှုအကြောင်း ရေးသားခဲ့တဲ့ အဲဒီဆောင်းပါးကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်က ဖော်ပြခဲ့တာပါ။

ဆောင်းပါးမှာ တူရကီကျောထောက်နောက်ခံ သူပုန်တွေက ဆီးရီးယားရဟတ်ယာဉ်တစ်စီးကို တိုက်ခိုက်ခဲ့တဲ့အကြောင်း ရေးထားပါတယ်။

ဓာတ်ပုံရဲ့ဖော်ပြချက်စာသားကတော့ “Mi-17 ရဟတ်ယာဉ်ကိုတစ်စီးကို ဆန့်ကျင်ဘက်လက်နက်ကိုင်အဖွဲ့တွေက Nairab အနီးမှာ ပစ်ချ” ဆိုပြီး ဖြစ်ပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါ ဗီဒီယိုထဲက 01:06 အချိန်မှာ မြင်တွေ့ရတဲ့ မြင်ကွင်း (ဘယ်) နဲ့ EDAM ရဲ့ ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ပါ ဗီဒီယိုထဲက 01:06 အချိန်မှာ မြင်တွေ့ရတဲ့ မြင်ကွင်း (ဘယ်) နဲ့ EDAM ရဲ့ ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

အဓိကစကားလုံး (Keyword) တွေ အသုံးပြုပြီး ရှာဖွေကြည့်တဲ့အခါမှာလည်း ဒီဗီဒီယိုကို အိန္ဒိယအကြီးအကဲလေယာဉ်မပျက်ကျမီ တစ်နှစ်ကျော် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်က Twitter ရဲ့ ဒီလင့်ခ်မှာ တင်ခဲ့တာ တွေ့ရပါတယ်။

ဗီဒီယိုရဲ့ ဖော်ပြချက်စာသားကတော့ “လွန်ခဲ့တဲ့တစ်နာရီက ဆီးရီးယားလေတပ်ရဲ့ Mi-17 ရဟတ်ယာဉ်ဟာ Idlib ပြည်နယ် Al-Nayarb ဒေသအနီးမှာ ပစ်ချခံခဲ့ရပါတယ်။ အယ်လ်ကေးဒါးနဲ့ ဆက်စပ်ပြီး တူရကီကျောထောက်နောက်ခံပြုထားတဲ့ လက်နက်ကိုင်အဖွဲ့တွေက သူတို့ပစ်ချတာလို့ ဝန်ခံထားပေမယ့် ဒီရဟတ်ယာဉ်ကို တူရကီက ပစ်မှတ်ထားတိုက်ခိုက်တာလို့ အခိုင်အမာသိရှိရပါတယ်” ဆိုပြီး ရေးသားထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါ ဗီဒီယို (ဘယ်) နဲ့ ၂၀၂၀ ခုနှစ်က ဗီဒီယို(ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ပါ ဗီဒီယို (ဘယ်) နဲ့ ၂၀၂၀ ခုနှစ်က ဗီဒီယို(ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

YouTube ပေါ်မှာ ထပ်ပြီး ရှာဖွေကြည့်တဲ့အခါမှာလည်း Facebook ပေါ်ကဗီဒီယိုနဲ့ တူညီတဲ့ ဗီဒီယိုကို အေပီသတင်းဌာနရဲ့ ဒီရုပ်သံသတင်းမှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။

ဗီဒီယိုရဲ့ဖော်ပြချက်မှာ “ဆီးရီးယားတပ်များက ထိုးစစ်ဆင်လျက်ရှိသော နောက်ဆုံးအမာခံနယ်မြေဖြစ်သည့် နိုင်ငံ အနောက်မြောက်ပိုင်းဒေသတွင် အစိုးရရဟတ်ယာဉ်တစ်စီးကို အင်္ဂါနေ့က ပစ်ချခဲ့ကြောင်း ဆီးရီးယားသူပုန်များ ထုတ်ဖော်ပြောဆိုထားသည်။ ဖေဖော်ဝါရီ ၁၁ ရက်” လို့ ရေးထားပါတယ်။

ဆီးရီးယားရဟတ်ယာဉ်ပျက်ကျခဲ့တဲ့ ဗီဒီယိုကို ဒီသတင်း နဲ့ ဒီသတင်းတွေမှာလည်း တွေ့နိုင်ပါတယ်။

ဒီဗီဒီယိုဟာ ၂၀၂၁ ခုနှစ်၊ မတ်လမှာလည်း “ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)တို့ ပစ်ချလိုက်တဲ့ မြန်မာစစ်ရဟတ်ယာဉ်” ဆိုပြီး အကြောင်းအရာလွဲမှား ပျံ့နှံ့ခဲ့ပါသေးတယ်။ အဲဒီအကြောင်းအရာကို AFP က အချက်အလက်စိစစ်ခဲ့ပြီး ဒီလင့်ခ်မှာ ဖော်ပြခဲ့ပါတယ်။

Image

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်