ဂျက်မာရဲ့ငယ်ဘဝပုံရိပ်လို့ဆိုထားတဲ့ ဓာတ်ပုံမှားပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

တရုတ်ဘီလျံနာသူဌေးကြီးဂျက်မာရဲ့ငယ်ဘဝလို့ဆိုထားတဲ့ဓာတ်ပုံတစ်ပုံကို Facebook ပေါ်မှာ အကြိမ်ရေ ထောင်နဲ့ချီ ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမယ့် ဒါဟာမှားယွင်းနေပြီး ဒီဓာတ်ပုံမှာမြင်ရတဲ့ကလေးငယ်ဟာ ဂျက်မာနဲ့သက်ဆိုင်မှုမရှိဘဲ ၂၀၁၆ ခုနှစ်ကတည်းက သတင်းမီဒီယာတွေမှာပျံ့နှံ့နေခဲ့တဲ့ တရုတ်နိုင်ငံကျန်းစီးပြည်နယ်က အသက်ရှစ်နှစ်အရွယ် ကလေးတစ်ဦးရဲ့ပုံရိပ်သာဖြစ်ပါတယ်။

အဲဒီဓာတ်ပုံကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာတင်ထားတာဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၆၀၀ ကျော် ရှိခဲ့ပါတယ်။

နားလည်မှုလွဲစေနိုင်တဲ့ Facebook ပို့စ်ကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့က ရယူထားတဲ့ screenshot

ဓာတ်ပုံနဲ့အတူတွဲတင်ထားတဲ့စာသားအချို့ကတော့ အခုလိုဖြစ်ပါတယ်။ 

“တစ်ချိန်က ဂျက်မား.. ဒီလို ဆင်းရဲ မွဲတေပြီး စုတ်ပြက်သတ်နေတဲ့ ကလေးလေးတစ်ယောက်ဟာ.. အာရှမှာ အချမ်းသာဆုံးလူတစ်ယောက် ဖြစ်မှာလားလို့ အဲဒီအချိန်က ကျွန်တော်တို့ ကိုမေးခဲ့ရင် ဘယ်လိုပြန်ဖြေမှာလဲ”

ဂျက်မာဟာ ကမ္ဘာ့အကြီးဆုံး အွန်လိုင်းရောင်းဝယ်ရေးစီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Alibaba Group ကိုတည်ထောင်သူဖြစ်သလို အမှုဆောင်ဥက္ကဋ္ဌဟောင်းလည်းဖြစ်ပါတယ်။ အမေရိကန်စီးပွားရေးမဂ္ဂဇင်း Forbes က ဂျက်မာကို တရုတ်နိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်အနေနဲ့ ဖော်ပြခဲ့ပြီး အသားတင်ကြွယ်ဝချမ်းသာမှုဟာ အမေရိကန်ဒေါ်လာ ၅၂ ဘီလျံကျော်ရှိတယ်လို့ ဆိုထားပါတယ်။ 

ဂျက်မာကို ၁၉၆၄ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။

အဲဒီဓာတ်ပုံကို တူညီတဲ့ပြောဆိုမှုတွေနဲ့အတူ Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည်မျှဝေခဲ့ကြပါတယ်။

ဒါပေမယ့် ဒါဟာ မှားယွင်းပါတယ်။ 

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ အလားတူဓာတ်ပုံကိုပဲ အင်္ဂလိပ်ဘာသာစကားနဲ့ထုတ်ဝေတဲ့ တရုတ်အစိုးရပိုင် China Daily သတင်းစာမှာ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တုန်းက ဖော်ပြထားတာ ဒီလင့်ခ်မှာ တွေ့ရပါတယ်။

သတင်းရဲ့ခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “ဂျက်မာပေါက်စလေးကို တက္ကသိုလ်ဘွဲ့ရတဲ့အထိ အလီဘာဘာတည်ထောင်သူက ထောက်ပံ့ပေးသွားမည်”

သတင်းပါ စာသားအချို့ကတော့ အခုလိုဖြစ်ပါတယ်။ “ဂျက်မာနဲ့တူတဲ့ကလေးလေးဟာ အခုဆိုရင် Alibaba ထူထောင်သူ တကယ့်ဂျက်မာအစစ်ရဲ့နှလုံးသားကို ဖမ်းစားလိုက်ပါပြီ။ ဂျက်မာပေါက်စလို့ လူသိများတဲ့ “ဖန်ရှောင်ချင်းဟာ အခုဆို အသက် ၈ နှစ်ရှိနေပြီဖြစ်ပြီး တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းစီးပြည်နယ်၊ ယုန်ဖန်းခရိုင်မှာ နေပါတယ်။ သူ့မိသားစုရဲ့အခြေအနေက တော်တော်လေးကို ဆိုးပါတယ်။ အမေက ပိုလီယိုအကြောသေရောဂါသည်ဖြစ်ပြီး အဖေကလည်း ခြေတစ်ဖက်ဖြတ်ထားရပါတယ်။ အဖွားကလည်း အယ်လ်ဇိုင်းမားဖြစ်နေတာပါလို့ jxnews.com.cn က နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဖော်ပြထားတာပါ။” 

“၂၀၁၅ ခုနှစ်မှာ ရွာသားတစ်ယောက်က ဗီဒီယိုတစ်ခု တင်လိုက်တာကနေစပြီး ဂျက်မာပေါက်စလေး နာမည်စကြီးလာတာပါ။ အင်တာနက်မှာဆိုလည်း ဒီကလေးလေးဟာ ဂျက်မာနဲ့ ဘယ်လောက်တောင်မှ တူတယ်ဆိုတဲ့အကြောင်း လူတော်တော်များများ ပြောနေကြပါတယ်” 

အောက်မှာ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ China Daily သတင်းပါဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

ဒီဓာတ်ပုံကို စင်ကာပူအခြေစိုက် The Straits Times နဲ့ အိန္ဒိယအခြေစိုက် The Hindu တို့အပါအဝင်  နိုင်ငံတကာမီဒီယာတွေကလည်း ၂၀၁၆ ခုနှစ်တုန်းက ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ဖော်ပြခဲ့ကြပါတယ်။ မီဒီယာတွေရဲ့ဖော်ပြချက်မှာတော့ ဂျက်မာအနေနဲ့ သူနဲ့ရုပ်ချင်းတူတဲ့ကလေးလေးကို ငွေကြေးထောက်ပံ့ဖို့ဆန္ဒရှိနေတယ်လို့ ပါရှိပါတယ်။ 

ဒါပေမယ့် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလတုန်းက ရေးသားထားတဲ့ BBC သတင်းရဲ့ ဒီလင့်ခ်မှာတော့ အဲဒီကလေးငယ်ရဲ့ ပညာရေးအတွက် ဂျက်မာက ထောက်ပံ့လှူဒါန်းတယ်ဆိုတဲ့အချက်ကို Alibaba Group က ငြင်းချက်ထုတ်ထားတယ်ဆိုတဲ့အကြောင်း ပါရှိပါတယ်။ Alibaba Group ရဲ့ပြောဆိုမှုကို ကိုးကားပြီး BBC သတင်းမှာ ဖော်ပြထားတာက အခုလိုဖြစ်ပါတယ်။ 

“ဂျက်မာပေါက်စလေးနဲ့ပတ်သက်တဲ့သတင်းမှန်သမျှကို အပျော်အပြက် ဟာသမလုပ်သင့်ပါဘူး။ ကလေးတစ်ယောက်ရဲ့ပညာရေးကို ထောက်ပံ့ပေးရတာဟာ လွယ်ပါတယ်။ ဒါပေမယ့် သန်းနဲ့ချီတဲ့ဆင်းရဲသားကလေးငယ်တွေကို ထောက်ပံ့ကူညီပေးဖို့ဆိုရင်တော့ အရင်းအမြစ်တွေအများကြီးအသုံးပြုဖို့ လိုအပ်ပါလိမ့်မယ်”