
မြန်မာအစိုးရကို တရားစွဲဖို့ OIC အဖွဲ့ဝင်နိုင်ငံတွေ လက်မှတ်ထိုးတောင်းဆိုတယ်ဆိုတဲ့ဗီဒီယိုအမှားပျံ့နှံ့
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 26 ဇူလိုင် 2020 အချိန် 00h00
- နောက်ဆုံးတည်းဖြတ်သည့်နေ့စွဲ 26 ဇူလိုင် 2020 အချိန် 11h54
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP မြန်မာ
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
အဲဒီဗီဒီယိုကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး ကြည့်ရှုတဲ့အကြိမ်ရေ ၁၀၈,၀၀၀ ကျော်နဲ့ ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၅,၂၀၀ ကျော်ရှိနေတာပါ။

ဗီဒီယိုထဲမှာ ပြောထားတာကတော့ အခုလိုပဲဖြစ်ပါတယ်။ “မြန်မာအစိုးရအဖြစ် တာဝန်ယူနေသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD ပါတီအနေဖြင့်၂၀၁၃ ခုနှစ်မှစတင်ပြီး ပါတီထူထောင်ရပ်တည်နိုင်ရေးနှင့် ရွေးကောက်ပွဲများတွင် ပါတီအောင်နိုင်ရေးနှင့် အစိုးရအဖွဲ့ ဖွဲ့နိုင်ရေးအတွက် မိမိတို့ OIC အဖွဲ့ဝင်နိုင်ငံများ ထူထောင်ထားသည့် ရန်ပုံငွေများအထဲမှ အချို့အား ထောက်ပံ့ပေးရန်တောင်းဆိုမှုတွေရှိလာတဲ့အတွက် NLD က တောင်းဆိုသည်ဟု ပါရှိ၊ နှစ်ဖက်ကိုယ်စားလှယ်များ အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှုများထားရှိကာ မိမိတို့ OIC အဖွဲ့ပိုင်ဘဏ္ဍာအချို့အား ကူညီထောက်ပံ့ကူညီပေးခဲ့ကြောင်း၊ ယခုအခါတွင် NLD ပါတီအနေဖြင့် အစိုးရအဖြစ် နိုင်ငံကိုဦးဆောင်နေသည်မှာ လေးနှစ်ကျော်ကာလအထိ ရှိနေပြီဖြစ်သော်လည်း မိမိတို့ OIC အဖွဲ့နှင့် သဘာတူထားရှိခဲ့သည့် ကတိကဝတ်များအား ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးသည့်အတွက် နစ်နာနာမှုတွေများစွာ ဖြစ်ခဲ့ရတဲ့အတွက် မိမိတို့ OIC အဖွဲ့မှ နိုင်ငံတကာကတိကဝတ်များဖောက်ဖျက်မှုဥပဒေအရ NLD ပါတီအစိုးရအား တရားစွဲဆိုနိုင်ရန် လက်မှတ်ထိုးတောင်းဆိုကြဖို့ တိုက်တွန်းလိုက်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံအခြေစိုက်သတင်းဌာနတစ်ခုက ဖော်ပြလိုက်ကြောင်း သိရသည်” (ဗီဒီယိုတွင် မူရင်းပြောကြားချက်အတိုင်း)
ဒီယိုနဲ့အတူ တွဲတင်ထားတဲ့စာမှာတော့ “ထူးခြားသတင်း။ OIC အစ္စလာမ်မစ် ၅၇ နိုင်ငံမှ NLD ပါတီအား တရားစွဲဆိုနိုင်ရန် သဘောတူ လက်မှတ်ရေးထိုးခြင်း။ ရုပ်သံ” ဆိုပြီး ပါရှိပါတယ်။
OIC ဟာ အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်တဲ့နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး မွတ်စလင်နိုင်ငံအများစုပါဝင်ပါတယ်။ အဖွဲ့အစည်းကိုယ်တိုင်ကလည်း သူတို့ဟာ “မွတ်စလင်ကမ္ဘာရဲ့တစ်စုတစ်စည်းတည်းသောအသံဖြစ်ပြီး မွတ်စလင်ကမ္ဘာရဲ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ နိုင်ငံတကာက မတူကွဲပြားတဲ့လူတွေကြားထဲမှာ ငြိမ်းချမ်းရေးနဲ့သဟဇာတဖြစ်ရေးကို မြှင့်တင်ဖို့ဖြစ်တယ်” လို့ ဆိုထားတာပါ။
၂၀၁၇ ခုနှစ်တုန်းက တပ်မတော်ရဲ့နှိမ်နင်းမှုကြောင့် ရိုဟင်ဂျာ ၇၅၀,၀၀၀ ကျော် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။ ဒီဖြစ်စဉ်မှာ မြန်မာနိုင်ငံအနေနဲ့ ၁၉၄၈ ခုနှစ်ကုလသမဂ္ဂလူမျိုးတုံးသတ်ဖြတ်မှုတားဆီးကာကွယ်ရေးသဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်ဆိုပြီး OIC ၅၇ နိုင်ငံကိုယ်စားပြု ဂမ်ဘီယာနိုင်ငံနဲ့အတူ ကနေဒါနဲ့ နယ်သာလန်နိုင်ငံတို့က၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှာ မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့တာပါ။ မြန်မာနိုင်ငံကို အရေးပေါ်အရေးယူဆောင်ရွက်တာမျိုးတွေလုပ်ဖို့ ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတရားရုံးမှာ အဆိုတင်သွင်းခဲ့တာဖြစ်ပြီး တင်သွင်းထားတဲ့အမှုကြောင်းအရ နှစ်များစွာကြာမြင့်မှာဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတုန်းကလည်း ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကို ကြိုတင်တားဆီးကာကွယ်ဖို့အတွက် “အာဏာကုန်အပြည့်အဝဆောင်ရွက်ဖို့” ကုလမဂ္ဂအမြင့်ဆုံးတရားရုံးက မြန်မာနိုင်ငံကို ညွှန်ကြားခဲ့ပါတယ်။ ဒီအကြောင်း AFP က ရေးထားတဲ့သတင်းတစ်ပုဒ်ကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။
အလားတူဗီဒီယိုကိုပဲ တူညီတဲ့ပြောဆိုမှုတွေနဲ့ Facebook ရဲ့ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တင်ထားပါသေးတယ်။
ဒါပေမယ့် ဒါဟာ မှားယွင်းပါတယ်။
Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ထပ်တူထပ်မျှတူတဲ့ဗီဒီယိုတစ်ခုကို OIC အဖွဲ့ရဲ့ တရားဝင် Facebook page မှာ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တုန်းကတင်ထားတာ ဒီလင့်ခ်မှာ တွေ့နိုင်ပါတယ်။
ဗီဒီယိုရဲ့ခေါင်းစဉ်ကတော့ “OIC အဖွဲ့ဝင် ၂၁ နိုင်ငံအတွက် အရေးပေါ်ဘဏ္ဍာရေးအထောက်အပံ့” ဆိုပြီး ဖြစ်ပါတယ်။

ဗီဒီယိုနဲ့အတူ တွဲတင်ထားတဲ့စာသားတချို့ကတော့ အခုလိုပဲ ဖြစ်ပါတယ်။ “အဖွဲ့ဝင် ၂၁ နိုင်ငံအနေနဲ့ COVID-19 ကပ်ရောဂါရဲ့ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိဖို့ အရေးပေါ်ဘဏ္ဍာရေးအထောက်အပံ့ကို OIC က အတည်ပြုလိုက်ပါပြီ”
ရေးထားတဲ့စာမှာလည်း ၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တုန်းက OIC ဝက်ဘ်ဆိုဒ်မှာ တင်ထားတဲ့ သတင်းလင့်ခ်တစ်ခုပါဝင်နေပြီး ခေါင်းစဉ်မှာတော့ “Al-Othaimeen - ကိုဗစ်ဂယက်ကျော်ဖြတ်နိုင်ဖို့ အဖွဲ့ဝင် ၂၁ နိုင်ငံကို OIC ထောက်ပံ့” ဆိုပြီး ပါရှိပါတယ်။ Al-Othaimeen ဟာ OIC ရဲ့ လက်ရှိအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ပါတယ်။
သတင်းပါ စာသားတချို့ကတော့ အခုလိုပဲ ဖြစ်ပါတယ်။ “OIC ရဲ့ အဓိက ဘဏ္ဍာငွေထောက်ပံ့ရေးအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အစ္စလာမ်စည်းလုံးညီညွတ်မှုရန်ပုံငွေ (ISF) ဟာ OIC ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးအဖွဲ့ဝင်နိုင်ငံတွေကို ထောက်ပံ့ကူညီဖို့နဲ့ ကိုဗစ်ကပ်ရောဂါရဲ့ဂယက်ရိုက်ခတ်မှုဒဏ်ကို ခံနိုင်ရည်ရှိစေဖို့ အဖွဲ့ဝင် ၂၁ နိုင်ငံအတွက် အရေးပေါ်ဘဏ္ဍာငွေထောက်ပံ့မယ့်အစီအစဉ်ကို အတည်ပြုလိုက်ပါပြီ။ ယနေ့ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့၊ OIC ရုံးချုပ်မှာ ISF အနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ယီမင်၊ ချတ်၊ မောရစ်တာနီးယား၊ ဆီနီဂေါ၊ မာလီ၊ ဆူဒန်၊ ကိုမိုရော့စ်နဲ့ မော်ဒိုက်နိုင်ငံတွေကို OIC အတွင်းရေးမှူးချုပ် ဒေါက်တာ Yousef A. Al-Othaimeen ရဲ့ရှေ့မှောက်မှာ တတိယအသုတ် ထောက်ပံ့ရန်ပုံငွေတွေ ပေးအပ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ အဖွဲ့ဝင် ၁၇ နိုင်ငံအနေနဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ဖို့ ISF ရဲ့ ထောက်ပံ့မှုတွေကို ခံစားနေရပြီဖြစ်ပါတယ်”
အောက်မှာ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ပါဗီဒီယို (ဘယ်) နဲ့ OIC Facebook page မှာတင်ထားတဲ့ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။


AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်