A resident checks voting lists at an administrative office in Yangon on July 25, 2020, ahead of the upcoming general election set for later in the year. (Photo by Sai Aung Main / AFP) (AFP / Sai Aung Main)

ကိုရီးယားရောက်မြန်မာတွေရဲ့ကြိုတင်မဲရလဒ်မှာ NLD ဦးဆောင်နေတယ်ဆိုတဲ့သတင်းမှားပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 24 ဇူလိုင် 2020 အချိန် 20h30
  • အပ်ဒိတ်ရက်စွဲ 25 ဇူလိုင် 2020 အချိန် 08h24
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP မြန်မာ
တောင်ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားတွေရဲ့ကြိုတင်မဲရလဒ်တွေမှာ လက်ရှိအာဏာရပါတီက ဦးဆောင်နေတယ်ဆိုတဲ့ဓာတ်ပုံတစ်ပုံကို Facebook ပေါ်မှာ အကြိမ်ရေထောင်နဲ့ချီ ပြန်လည်မျှဝေခဲ့ကြပါတယ်။ ဒါပေမယ့် ဒါဟာမှားယွင်းနေပြီး နားလည်မှုလွဲမှားစေတဲ့ပို့စ်တွေပျံ့နှံ့နေတဲ့အချိန်တုန်းက ပြည်ပရောက်မြန်မာတွေအနေနဲ့ မဲပေးခွင့်ရရေးအတွက် ဖောင်တင်နေရတုန်းပဲရှိသေးတာဖြစ်သလို ပြည်ထောင်စုရွေးကောက်ပဲကော်မရှင်ကလည်းပဲ ကြိုတင်မဲပေးရမယ့်နေ့ကို တရားဝင်ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။ တောင်ကိုရီးယားမှာရှိနေတဲ့ မြန်မာသံရုံးကလည်း ကြိုတင်မဲပေးခွင့်ရှိသူစာရင်းကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလထဲမှာမှ ကြေညာပေးသွားမယ်လို့ ဆိုထားပါတယ်။

အဲဒီဓာတ်ပုံကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး ပို့စ်ကို ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၄၀၀ ကျော် ရှိခဲ့ပါတယ်။

ဓာတ်ပုံမှာ Facebook ပို့စ်တစ်ခုရဲ့ screenshot ပါဝင်ပြီး “တောင်ကိုရီးယားရဲ့ ကြိုတင်မဲအရေအတွက်ပါတဲ့။ Original source#crd” ဆိုတဲ့စာသားနဲ့အတူတွဲတင်ထားတဲ့ ဓာတ်ပုံတစ်ပုံကို မြင်ရပါတယ်။ 


Screenshot ပါ ဓာတ်ပုံမှာတော့ နိုင်ငံရေးပါတီ ၃ ခုရဲ့တံဆိပ်လိုဂိုတွေ တွေ့ရပြီး USDP ရဲ့အောက်မှာ ၁ မဲ၊ NLD ရဲ့အောက်မှာ ၁၁၈ မဲနဲ့ PPP ရဲ့အောက်မှာ ၁ မဲဆိုပြီး အသီးသီးတွေ့ရပါတယ်။


ဓာတ်ပုံနဲ့အတူ တွဲတင်ထားတဲ့စာမှာတော့ “ရင်နာလိုက်တာဖတ်ဖတ်မော.. ရင်ဘတ်နောက်ကကျော” ဆိုပြီး ပါရှိပါတယ်။ 

Image
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ရဲ့ screenshot

မြန်မာနိုင်ငံအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရှိန်ရကာစ ဒီမိုကရေစီအစိုးရအတွက် စမ်းသပ်မှုတစ်ခုအနေနဲ့ လူအများစုက ရှုမြင်ကြတဲ့အကြောင်း AFP ရဲ့ သတင်းတစ်ပုဒ်ကိုလည်း ဒီလင့်ခ်မှာ တွေ့နိုင်ပါတယ်။ 


ဒေါ်အောင်ဆန်းစုကြည်ဟာ အရင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဦးဆောင်ပြီး သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့တာပါ။
အဲဒီ screenshot ကိုပဲ တူညီတဲ့ပြောဆိုမှုတွေနဲ့ Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည်မျှဝေခဲ့ကြပါသေးတယ်။ 


ဒါပေမယ့် ဒါဟာ မှားပါတယ်။ 


ပြည်ပရောက်ကြိုတင်မဲပေးခွင့်ရသူစာရင်းကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလထဲမှာမှ ကြေညာမယ်ဆိုပြီး တောင်ကိုရီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးရဲ့ Facebook မှာ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့တုန်းက တင်ထားတာ ဒီလင့်ခ်မှာ  ကြည့်နိုင်ပါတယ်။ 

သံရုံးကတင်ထားတဲ့ကြေညာချက်နဲ့အတူ ပူးတွဲပါရှိတာကတော့ တောင်ကိုရီးယားရောက် ပုံစံ (၁၅) တင်ထားသူတွေရဲ့စာရင်းပါ။

ကြေညာချက်ပါစာသားတချို့ကတော့ အခုလိုပဲဖြစ်ပါတယ်။ 

“မြန်မာသံရုံး၊ ဆိုးလ်မြို့အနေဖြင့် ပုံစံ (၁၅) လက်ခံရရှိမှုများကိုသာ ထုတ်ပြန်ကြေညာပေးခြင်းဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၁၄-၁၀-၂၀၂၀ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံထုတ်ပြန်ကြေညာမည့် မဲဆန္ဒရှင်စာရင်းတွင်ပါဝင်မှသာလျှင် မဲပေးခွင့်ရရှိနိုင်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်” 

Image
မြန်မာသံရုံး၊ ဆိုးလ်မြို့ရဲ့ Facebook ပို့စ်ကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့က ရယူထားတဲ့ screenshot

၂၀၂၀ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဝက်ဘ်ဆိုဒ်မှာရော၊ Facebook page မှာပါ ကြိုတင်မဲပေးပွဲကျင်းပမယ့်ရက်ကို ထုတ်ပြန်ကြေညာထားတာမျိုး မတွေ့ရှိရသေးပါဘူး။ 


အဓိကကျတဲ့စကားလုံးတွေသုံးပြီး Google မှာရှာကြည့်တဲ့အခါ တောင်ကိုရီးယားရောက်မြန်မာတွေအနေနဲ့ ကြိုတင်မဲပေးခွင့်ရသူစာရင်းမှာပါဖို့ လိုအပ်တဲ့ပုံစံလျှောက်တာမျိုးတွေလုပ်နေတုန်းပဲဆိုတဲ့အကြောင်း ရေးထားတဲ့သတင်းတွေကို မြန်မာပြည်တွင်းသတင်းဌာနတွေဖြစ်တဲ့ ဧရာဝတီနဲ့ 7 Day တို့ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တွေ့ရပါတယ်။ 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်