မူးယစ်ဆေးသုံးစွဲမှုနဲ့ သက်ဆိုင်မှုမရှိသူတွေရဲ့ဓာတ်ပုံတွေကို ယာဘအကြောင်းပို့စ်တွေမှာ ဖော်ပြလျက်ရှိ

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

ယာဘခေါ် စိတ်ကြွဆေးသုံးစွဲသူတွေဆိုပြီး ပြောဆိုမှုတွေနဲ့အတူ ဓာတ်ပုံပေါင်းများစွာကို Facebook ပေါ်မှာ အကြိမ်ရေထောင်နဲ့ချီ ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမယ့် ဒါဟာနားလည်မှု လွဲမှားစေနိုင်ပြီး ပျံ့နှံ့နေတဲ့ဓာတ်ပုံတွေဟာ တခြားသောကျန်းမာရေးအခြေအနေ ကြုံတွေ့ခံစားနေရသူတွေရဲ့ပုံတွေဖြစ်ပြီး မူးယစ်ဆေးသုံးစွဲမှုနဲ့ သက်ဆိုင်မှုမရှိပါဘူး။ 

ဓာတ်ပုံတွေကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာတွေ့ရပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၁၆၀၀ ကျော် ရှိနေတာပါ။

နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့က ရယူထားတဲ့ screenshot

ပို့စ်ပါ စာသားတချို့ကတော့ အခုလိုပဲဖြစ်ပါတယ်။ “[ WY ဆိုတာ.......] ဘဝကို ရစရာမရှိအောင် ပျက်စေတဲ့ " WY " ဒယ်ဗယ်လျူဝိုင် ဆေးပြား အကြောင်း ဖတ်ပြီးပါက ရှယ်ပီး မျှဝေသွားပေးပါ။ တကယ်တော့ အဲ့ဆေးပြားလေးကို ခဲ ပြားလေးပေါ်တင်ပီး ရှို့နေရတဲ့အခိုက်အတန့်လေးကိုသာ လိုချင်တပ်မက်နေကြတာ.. ဆွဲပီးရင်းဆွဲချင် ဖြစ်လာအောင်လဲ သူက အနံ့လေးနဲ့ဆွဲဆောင်သေးသဗျ.... ဒါပေမယ့် တစ်ချို့တွေသိမှာပါ.. အထူးသဖြင့် ကိုယ့်အံသွားတွေ ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ.. နောင်တ တွေနဲ့ အတူ ဖြတ်နိုင်အောင် ကြိုးစါးသင့်နေပီ” (မူရင်းသတ်ပုံအတိုင်း)

အဲဒီ Facebook ပို့စ်မှာ “ယာဘ” အကြောင်းနဲ့ သူ့ရဲ့ဆိုးကျိုးတွေကိုလည်း ထပ်ပြီး ပြောပြထားပါသေးတယ်။

“ယာဘ” ဆိုတာဟာ “methamphetamine” လို့ခေါ်တဲ့ စိတ်ကြွဆေးတွေကို ရည်ညွှန်းတာဖြစ်ပြီး အရှေ့နဲ့ အရှေ့တောင်အာရှက တန်ဖိုးနည်း မူးယစ်ဆေးဝါးဈေးကွက်မှာ လိုသလောက် ဝယ်လို့ရနေတယ်လို့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ရာဇဝတ်မှုရုံးက (UNDC) က ဒီလင့်ခ်မှာ ရှင်းပြထားပါတယ်။ 

ဒီဓာတ်ပုံတွေကို အလားတူပြောဆိုမှုတွေနဲ့ Facebook ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်း ဖော်ပြထားတာ တွေ့ရပါတယ်။ 

ဒါပေမယ့် ဒီပြောဆိုမှုတွေဟာ မှားယွင်းနေပါတယ်။

ပထမဓာတ်ပုံ

အခန်းတစ်ခုထဲမှာ သံကြိုးခတ်ခံထားရတဲ့အမျိုးသမီးတစ်ဦးရဲ့ဓာတ်ပုံကို Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ၂၀၁၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တုန်းက လူအခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch) ရဲ့ ထုတ်ပြန်ချက်မှာပါဝင်တဲ့ပုံဖြစ်နေတာ ဒီလင့်ခ်မှာ တွေ့ရပါတယ်။ 

ထုတ်ပြန်ချက်မှာပါဝင်တဲ့ခေါင်းစဉ်ကတော့ “ငရဲတွင် နေရခြင်း - အင်ဒိုနီးရှားတွင် စိတ်ဝေဒနာရှင်များကို အလွဲသုံးနှိပ်စက်ထားမှု” ဆိုပြီး ဖြစ်ပါတယ်။

ဓာတ်ပုံအောက်ကရေးထားတဲ့စာကတော့ အခုလိုပဲဖြစ်ပါတယ်။ “အရှေ့ဂျာဗားပြည်နယ်၊ Ponorogo မြို့ မိသားစုနေအိမ်အနောက်ဘက်မှာဆောက်ထားတဲ့ အခန်းတစ်ခုထဲက သံကြိုးခတ်ခံထားရတဲ့အမျိုးသမီးဖြစ်ပါတယ်။ သူ့ကို ဒီအခန်းထဲမှာပဲ စား၊ အိပ်၊ အလေးအပေါ့ သွားခိုင်းထားပါတယ်။ @ 2016 Andrea Star Reeese/Human Rights Watch” 

အောက်မှာ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ HRW ထုတ်ပြန်ချက် (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

ဒုတိယဓာတ်ပုံ

အမျိုးသားနှစ်ဦးပုံပါဝင်တဲ့ ဒုတိယဓာတ်ပုံကို ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ထိုင်းနိုင်ငံက သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Goosiam News ရဲ့ ဒီလင့်ခ်မှာ ရေးထားတဲ့သတင်းကို တွေ့ရပါတယ်။

ထိုင်းဘာသာစကားနဲ့ရေးထားတဲ့ပို့စ်မှာတော့ အမျိုးသားနှစ်ဦးဟာ မွေးရာပါပိုလီယိုရောဂါသည်ညီအစ်ကိုတွေဖြစ်ပြီး အသက် ခုနစ်နှစ်မှာ လမ်းမလျှောက်နိုင်ကြတော့ပါဘူး ဆိုပြီး တွေ့ရပါတယ်။ 

“ကိုယ့်ဟာကိုယ် ဘာမှမလုပ်တတ်ကြဘူး။ နှစ်ယောက်လုံး သူတို့မိဘ ညီအစ်ကိုမောင်နှမတွေနဲ့ နေကြပါတယ်။ ဝင်ငွေရလမ်းဆိုလို့ သူ့အမေတစ်ယောက်လုပ်စာပဲရှိတယ်” ဆိုပြီး သတင်းမှာ ရေးသားထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ Goosiam News သတင်းပါဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ညီအစ်ကိုနှစ်ဦးရဲ့ဓာတ်ပုံကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တုန်းကလည်း အပြည်ပြည်ဆိုင်ရာရုပ်ပိုင်းဆိုင်ရာမသန်စွမ်းသူများအဖွဲ့ (the Association of Persons with Physical Disability International) က ဒီလင့်ခ်မှာ ဖော်ပြထားပါသေးတယ်။

တတိယဓာတ်ပုံ

ထိုင်နေတဲ့အမျိုးသမီးတစ်ဦးပုံပါရှိတဲ့ တတိယဓာတ်ပုံကို ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ မူးယစ်ဆေးသုံးစွဲမှုနဲ့မသက်ဆိုင်တဲ့အမျိုးသမီးတစ်ဦးဖြစ်နေတာတွေ့ရပါတယ်။ 
 

ဒီဓာတ်ပုံကို တရုတ် blog တစ်ခုဖြစ်တဲ့ KKNES.CC ရဲ့ ဒီလင့်ခ်မှာ ၂၀၁၆ ခုနှစ်တုန်းက ဖော်ပြထားတာ တွေ့ရပါတယ်။ ဆောင်းပါးရဲ့ ခေါင်းစဉ်မှာတော့ “လှောင်အိမ်ထဲကဘဝ၊ အင်ဒိုနီးရှားက စိတ်ဝေဒနာရှင်တွေရဲ့ ကြေကွဲဖွယ်ကံကြမ္မာ” ဆိုပြီး ရေးထားတာ တွေ့ရပါတယ်။ 

ဓာတ်ပုံမူလရိုက်ကူးသူနေရာမှာလည်း “© 2012 Andrea Star Reese” ဆိုပြီး ရေးထားတာ တွေ့ရပါတယ်။ 

Andrea Star Reese ဟာ အမေရိကန်အခြေစိုက် ဓာတ်ပုံသတင်းထောက်တစ်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တုန်းက အင်ဒိုနီးရှားနိုင်ငံ Bekasi မြို့က Yayasan Galuh ဖောင်ဒေးရှင်းမှာ အဲဒီဓာတ်ပုံကို ရိုက်ယူခဲ့တာဖြစ်ပါတယ်။ 

“ပုံပါအမျိုးသမီးဟာ မူးယစ်ဆေးသုံးစွဲသူမဟုတ်ပါဘူး။ သူ့ဘေးနားမှာရှိနေသူတွေဟာလည်း မူးယစ်ဆေးသုံးစွဲလို့ အဖမ်းခံထားရသူတွေမဟုတ်ပါဘူး။ Galuh ဒေသခံတွေဖြစ်ပြီး ထူးခြားတဲ့အပြုအမူတွေကြောင့် မိသားစုဝင်တွေကိုယ်တိုင် Panti ပြန်လည်ထူထောင်ရေးစခန်းကိုလာပို့ထားသူတွေဖြစ်သလို တချို့ကလည်း လမ်းပေါ်မှာ လျှောက်သွားနေတာတွေ့လို့ ရဲကခေါ်လာပြီး လာပို့ထားသူတွေပါ”  ဆိုပြီး ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့မှာ Reese က AFP ကို ပြောပါတယ်။

အောက်မှာ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ Andrea Star Reese ပေးပို့တဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

ကြမ်းပြင်ပေါ်မှာလဲနေတဲ့ အမျိုးသားတစ်ဦးပုံပါ စတုတ္ထဓာတ်ပုံရဲ့ မူလအရင်းအမြစ်ကို AFP က ရှာဖွေခဲ့ပေမယ့် မတွေ့ရှိရသေးပါဘူး။