This photograph taken on January 19, 2020 shows a trishaw driver reading a newspaper in downtown Yangon. (Mladen ANTONOV / AFP)

USDP အာဏာပြန်ရရင် မြန်မာနိုင်ငံသားတွေ အင်္ဂလိပ်စကားလုံးဝမပြောရဥပဒေပြဋ္ဌာန်းမယ်ဆိုတဲ့သတင်းမှားပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 24 ဇူလိုင် 2020 အချိန် 21h00
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP မြန်မာ
လက်ရှိမြန်မာ့အတိုက်အခံပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ဥက္ကဋ္ဌ ဦးသန်းဌေးက မိမိတို့ပါတီ အာဏာပြန်ရရင် အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားမပြောရေးဥပဒေပြဋ္ဌာန်းမယ်လို့ ပြောတယ်ဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ သတင်းတစ်ပုဒ်ပါဓာတ်ပုံတစ်ပုံကို Facebook ပေါ်မှာ အကြိမ်ပေါင်းများစွာ ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမယ့် ဒါဟာမှားယွင်းနေပြီး တကယ်တော့ Golden Hand ဂျာနယ်ပါ သတင်းတစ်ပုဒ်ရဲ့ ခေါင်းစဉ်ကို ပြန်လည်ပြုပြင်ထားတာဖြစ်ပါတယ်။ အဲဒီလိုပျံ့နှံ့နေတဲ့သတင်းဟာ မှားယွင်းတယ်ဆိုတဲ့အကြောင်း Golden Hand ဂျာနယ်ကလည်း ငြင်းချက်ထုတ်ထားပါတယ်။

ဒီဓာတ်ပုံကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့က Facebook ပေါ်မှာ တင်ထားတာဖြစ်ပါတယ်။ 

ပုံထဲမှာတော့ Golden Hand ဂျာနယ်ရဲ့ ပြန်လည်ပြုပြင်ခံထားရတဲ့ ခေါင်းစဉ်နဲ့အတူ သတင်းစာမျက်နှာတစ်စိတ်တစ်ဒေသ ပါဝင်ပါတယ်။ 

ပုံမှာပါတဲ့သတင်းခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “ပြည်ခိုင်ဖြိုးအာဏာပြန်ရလျှင် မြန်မာလူမျိုးများ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား လုံးဝမပြောရဥပဒေ ပြဋ္ဌာန်းနိုင်အောင်ဆောင်ရွက်မည်ဟု ဦးသန်းဌေးပြော”

ဓာတ်ပုံပါ သတင်းစာသားတချို့ကိုတော့ အခုလိုတွေ့ရပါတယ်။ “ကျွန်တော်တို့က ပြင်ဖို့လိုအပ်တယ်ဆိုတာ လက်ခံပြီးသားလေ။ ဒါကြောင့်လည်း ပြင်ဆင်ဖို့ ဥပဒေကြမ်းတွေတင်ခဲ့တာပဲလေ။ ထင်ထင်ရှားရှားပြောရရင် ၂၆၁။ ဒါပေမယ့် ကျွန်တော်တို့ဘယ်လောက်ပဲတင်တင် မဲခွဲတဲ့စနစ်နဲ့သွားနေတဲ့လွှတ်တော်ကြီးမှာ ရှေ့ဆက်တိုးလို့မရဘူး။ ရချင်ရ၊ မရချင်နေ၊ ဒါ record ပဲ။ လုပ်ထုံးလုပ်နည်းအတိုင်း တောက်လျှောက်လုပ်နေမှာပါပဲ။ ဒီအခြေခံဥပဒေကြီးပြင်ဆင်ရမယ်လို့ နားလည်တယ်။ သို့သော် မပြင်ဆင်နိုင်ခင်စပ်ကြားမှာ လိုက်နာရမယ်ဆိုတာ နိုင်ငံသားတိုင်းတာဝန်ပဲလေ”

ဦးသန်းဌေးဟာ လက်ရှိမြန်မာ့အတိုက်အခံပါတီ USDP ရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်။

Image

၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေနိုင်တဲ့ Facebook ပို့ရဲ့ screenshot

ဓာတ်ပုံနဲ့အတူတွဲတင်ထားတဲ့ပို့စ်ပါစာသားတချို့ကတော့ အခုလိုပဲဖြစ်ပါတယ်။ “ဟဲ့ ပလုတ်တုတ်..၊ တက္ကသိုလ်မှာအထူးပြုယူခဲ့တဲ့မေဂျာကလဲ English သင်နေတာလဲ English ဆိုတော့ကာ သူတို့သာအာဏာရရင်ငါလဲအလုပ်ပြုတ်မလားမသိ။ Ecoလေးပဲသင်နေရင်ကောင်းမယ်”

ဒီဓာတ်ပုံကိုပဲ တူညီတဲ့ပြောဆိုမှုတွေနဲ့ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလနဲ့ ဇူလိုင်လတုန်းက Facebook ပေါ်မှာ လူပေါင်းများစွာ ပြန်လည် မျှဝေခဲ့ကြပါသေးတယ်။

ဒါပေမယ့် ဒါဟာ မှားနေပြီး ဓာတ်ပုံမှာမြင်ရတာဟာ ပြန်လည်ပြုပြင်ထားတဲ့သတင်းခေါင်းစီးပါ သတင်းစာမျက်နှာတစ်ခုဖြစ်ပါတယ်။ 

ဒီပို့စ်တွေနဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ “မဟုတ်မမှန်လုပ်ကြံ” သတင်းတွေသာဖြစ်ကြောင်း ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့မှာ Golden Hand ဂျာနယ်က AFP ကို အီးမေးလ်ကနေတစ်ဆင့် ပြောပါတယ်။ 

တာဝန်ခံအယ်ဒီတာအုပ်စိုးစံပေးပို့တဲ့အီးမေးလ်မှာ အဲဒီပို့စ်တွေဟာ မဟုတ်မှန်တဲ့အကြောင်း ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တုန်းက ငြင်းဆိုထားတဲ့ ကြေညာချက်မူရင်းလည်း ပါဝင်ပါတယ်။

Image

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက Golden Hand ဂျာနယ်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ရဲ့ screenshot 

ကြေညာချက်ပါ စာသားတွေကတော့ အခုလိုပဲ ဖြစ်ပါတယ်။ 

“၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင်ထုတ်ဝေသည့် Golden Hand News Journal (Vol-1, No-14)၊ စာမျက်နှာ (၉ ) တွင် ဖော်ပြထားသည့် 'ဘယ်လောက်ပဲတိုင်တိုင် ဥပေက္ခာပြုထားတော့ မပြေးသော်လည်း ကန်ရာရှိဆိုသလို အာဏာရပါတီနဲ့ယှဉ်ပြိုင်မိတဲ့သူတိုင်း ရှုံးတာချည်းပဲ' ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်တွေ့ဆုံခြင်းအင်တာဗျူးကို မသမာသူအစုအဖွဲ့ (သို့မဟုတ်) လူတစ်ဦးတစ်ယောက်က ' ပြည်ခိုင်ဖြိုးအာဏာပြန်ရလျှင် မြန်မာလူမျိုးများ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား လုံးဝမပြောရဥပဒေပြဋ္ဌာန်းနိုင်အောင်ဆောင်ရွက်မည်ပြော' ဟူသောခေါင်းစဉ်ဖြင့် ပြောင်းလဲကာ လူမှုကွန်ရက်ပေါ်တွင် ၂၀၂၀၊ ဖော်ဖော်ဝါရီလ ၂၈ ရက်နေ့နံနက်ပိုင်းက စတင်ဖြန့်ချိလာသည်ကို တွေ့ရပါသည်။ 

အဆိုပါသတင်းမှား အတုလုပ်ဖြန့်ချိမှုသည် အင်တာဗျူးဖြေဆိုသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် တွေ့ဆုံမေးမြန်းသူ Golden Hand News Journal တာဝန်ခံအယ်ဒီတာအုပ်စိုးစံတို့၏ဂုဏ်သိက္ခာကို ထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်ခြင်းဖြစ်ပါသဖြင့် မဟုတ်မမှန် စတင်ရေးသားဖြန့်ချိသူများနှင့် ဆက်လက်ဖြန့်ချိရေးသားနေသူများကို တရားဥပဒေအရ လိုအပ်သလို ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။ လေးစားစွာဖြင့်၊ အုပ်စိုးစံ၊ တာဝန်ခံအယ်ဒီတာ” 

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တုန်းက ဖော်ပြခဲ့တဲ့  မူရင်းသတင်းခေါင်းစဉ်ပါသတင်းစာမျက်နှာရဲ့ PDF file ကိုလည်း တာဝန်ခံအယ်ဒီတာအုပ်စိုးစံက AFP ကို အီးမေးလ်ကနေ ပေးပို့ခဲ့ပါတယ်။ အောက်မှာ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ မူရင်းသတင်းစာမျက်နှာ (ညာ) တို့ကိုနှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image

USDP ပြောခွင့်ရပုဂ္ဂိုလ်ဦးသိန်းထွန်းဦးကလည်း ပျံ့နှံ့နေတဲ့သတင်းဟာ မှားယွင်းနေတယ်ဆိုတဲ့အကြောင်း သူ့ Facebook စာမျက်နှာရဲ့ ဒီလင့်ခ်ကနေ အခုလို ပြောထားပါသေးတယ်။ 

“အောက်ဖော်ပြပါသတင်းသည်- တမင်ကြံရွယ်ချက်ဖြင့် မဟုတ်မမှန်လုပ်ကြံသတင်းဖြစ်ပါသည်။ ဖော်ပြပါ သတင်းအမှားအား စတင်လုပ်ဆောင်သူအပါအဝင် ကူးယူဖော်ပြသူ ထပ်ဆင့် မျှဝေသူ မည်သူကိုမဆို တည်ဆဲဥပဒေများအရေ ဖော်ထုတ်အရေးယူဆောင်ရွက်သွားမည်။” 

သတင်းခေါင်းစဉ်အမှားဖြန့်သူတွေကို USDP ပါတီကော်မတီဝင်တစ်ဦးက အမှုဖွင့်တရားစွဲတဲ့အကြောင်း မြန်မာပြည်တွင်းမီဒီယာတွေဖြစ်တဲ့ The Voice ၊ မြန်မာတိုင်းစ်နဲ့ ကုမုဒြာတို့မှာ သတင်းရေးသားဖော်ပြထားတာ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တွေ့နိုင်ပါတယ်။ 

တရားစွဲဆိုမှုတွေ ဖြစ်ကောင်းဖြစ်လာနိုင်တာကြောင့် သတင်းမှားပြန်လည်မျှဝေသူတွေရဲ့ နာမည်တွေကို AFP က ထည့်သွင်းဖော်ပြထားခြင်းမရှိပါ။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်