This aerial photo taken on October 29, 2021 show smokes and fires from Thantlang, in Chin State, where more than 160 buildings have been destroyed caused by shelling from Junta military troops, according to local media. ( AFP / STR)

၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှုကိုပြတဲ့ ဗီဒီယိုဆိုပြီး ဗီဒီယိုဟောင်းများ ပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 05 နိုဝင်ဘာ 2021 အချိန် 02h30
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
၂၀၂၁ခုနှစ်၊ အောက်တိုဘာလက မြန်မာနိုင်ငံမှာ ကျေးရွာတွေမီးလောင်ပျက်စီးနေတာကိုပြတဲ့ ဗီဒီယိုဆိုပြီး  ဗီဒီယိုဖိုင်တစ်ခုကို Facebook နဲ့ TikTok မှာ အကြိမ်ရေသိန်းနဲ့ချီ ကြည့်ရှုမှုရှိနေပါတယ်။ ဒီဗီဒီယိုကို  လူမှုကွန်ယက်မှာ လူအတော်များများက မြန်မာ့တပ်မတော်ရဲ့တိုက်ခိုက်မှုခံခဲ့ရတဲ့ ထန်တလန်မြို့ကဗီဒီယိုလို့ ထင်မြင်နေကြပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေနဲ့ မသက်ဆိုင်ဘဲ မှားယွင်းမျှဝေနေတာဖြစ်ပါတယ်။ ဒီဗီဒီယိုထဲက ဗီဒီယိုဖိုင်နှစ်ခုဟာ တစ်ခုနဲ့တစ်ခုသက်ဆိုင်မှု မရှိဘဲ ပထမတစ်ခုကို  ကမ္ဘောဒီးယားနိုင်ငံက မီးလောင်ကျွမ်းမှုကို ဖော်ပြတဲ့ပို့စ်မှာတွေ့ရပြီး ဒုတိယဗီဒီယိုကတော့ နမ္မတူမြို့မှာဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲတွေကဖြစ်ပါတယ်။

အဆောက်အအုံတွေမီးလောင်ကျွမ်းနေတဲ့ပုံရိပ်တွေနဲ့ လူတွေငိုကြွေးနေတဲ့ ပုံရိပ်တွေကိုပြတဲ့ ဒီဗီဒီယိုကို ၂၀၂၁ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်နေ့က Facebook ဒီလင့်ခ်မှာ မျှဝေထားပါတယ်။

ဒီဗီဒီယိုကို ကြည့်ရှုမှုအကြိမ်ပေါင်း ၂၉၈,၀၀၀ ကျော်ရှိနေပါတယ်။

ဒီဗီဒီယိုနဲ့အတူ စာသားကိုလည်းအခုလိုပဲ တွေ့ရပါတယ်။ 

“#ဒါတွေရုပ်ရှင်မဟုတ်ခဲ့ဘူး #မြန်မာပြည်မှာ #လက်ရှိတကယ်ဖြစ်ပျက်နေခဲတာပါ” (မူရင်းသတ်ပုံအတိုင်း)

Image
၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ် Screenshot

တပ်မတော်က ဒေသတွင်း PDF အဖွဲ့တွေနဲ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ထန်တလန်မြို့ကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ဒေသခံသတင်းမီဒီယာတွေနဲ့ မျက်မြင်သက်သေတွေပြောဆို ဖော်ပြခဲ့တဲ့နောက်မှာ ဒီဗီဒီယို အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ထန်တလန်မြို့မီးလောင်ကျွမ်းခဲ့ပြီး အဆောက်အအုံအတော်များများ ပျက်ဆီးခဲ့တဲ့အကြောင်းကို AFP က ဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ဒီပို့စ်အောက်ကမှတ်ချက်တစ်ခုကိုလည်း အခုလိုပဲတွေ့ရပါတယ်။

“တောင်းပန်ပါတယ် ထန်တလန်ရယ် ဘာမှမလုပ်ပေးနိုင်ဘဲ speak out ဘဲလုပ်ပေးနိုင်လိုပါ” (မူရင်းသတ်ပုံအတိုင်း)

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို Facebook ဒီလင့်ခ်နဲ့ TikTok ဒီလင့်ခ်ဒီလင့်ခ်တွေမှာ ပြန်လည်မျှဝေထားပါတယ်။

ဒါပေမဲ့ ဒီဗီဒီယိုကို ထန်တလန်မြို့နဲ့ မဆိုင်ဘဲ မှားယွင်းတဲ့ အကြောင်းအရာတွေနဲ့ မျှဝေထားတာဖြစ်ပါတယ်။

အဆောက်အအုံမီးလောင်ကျွမ်းမှု ဗီဒီယို

အဓိကကျတဲ့ စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါမှာ အဆောက်အအုံတွေမီးလောင်ကျွမ်းနေတဲ့ ဒီဗီဒီယိုဖိုင်ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၃၁ရက်နေ့မှာ ကမ္ဘောဒီးယားအခြေဆိုက် Facebook အသုံးပြုသူတစ်ဦးက ဒီလင့်ခ်မှာ မျှဝေထားတာတွေ့ရပါတယ်။

ခမာဘာသာစကားနဲ့ ရေးသားထားတဲ့ ပို့စ်ပါစာသားမှာတော့ “Kampong Som က Loeu ဈေးမှာ မီးလောင်မှုဖြစ်ပွား” ဆိုပြီး ဖော်ပြထားပါတယ်။

Kampon Som က ကမ္ဘောဒီးယားနိုင်ငံရဲ့ ကမ်းရိုးတန်းမြို့လေးတစ်မြို့ဖြစ်ပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲပို့စ်ကဗီဒီယို (ဘယ်) နဲ့ ၂၀၁၉ ခုနှစ် Facebook ပို့စ်ကဗီဒီယို (ညာ) တို့ကို နှိုင်းယှဥ်ထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲပို့စ်ကဗီဒီယို (ဘယ်) နဲ့ ၂၀၁၉ ခုနှစ် Facebook ပို့စ်ကဗီဒီယို (ညာ) တို့ကို နှိုင်းယှဥ်ထားတဲ့ Screenshot

ဒီမီးလောင်ကျွမ်းမှုနဲ့ တထပ်တည်းကျတဲ့ ဓာတ်ပုံတွေကို ဒေသတွင်းမီဒီယာတစ်ခုဖြစ်တဲ့ Knongsrok က တစ်နေ့ထဲမှာဘဲ ဒီဆောင်းပါးမှာ ဖော်ပြထားခဲ့ပါတယ်။

“သတင်းထူး။ ပြန်လည်မျှဝေပါ။ ပြင်းထန်သည့်မီးလောင်ကျွမ်းမှုကြောင့် Loeu ဈေးပျက်စီးမှုများဖြစ်ပွားခဲ့” ဆိုပြီး ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ရွာသားတွေ ငိုကြွေးနေတဲ့ ဗီဒီယို

ရွာသားတွေ ငိုကြွေးနေတာကိုပြတဲ့ ဒုတိယဗီဒီယိုကိုတော့ အောက်တိုဘာလ ထန်တလန်မြို့မီးလောင်ကျွမ်းမှု မဖြစ်ပွားခင်ကတည်းက အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။

ဗီဒီယိုကို ၂၀၂၁ ခုနှစ်၊ မေလ ၅ရက်က Facebook ဒီလင့်ခ်မှာ မျှဝေထားပြီး “၂၀၂၁ခုနှစ်၊ မေလ ၂ ရက်နေ့မှာ RCSS က နမ္မတူမြို့နယ်မှာရှိတဲ့ မန်လီရွာက အိမ်ခြေ ၄၄ လုံးကို မီးရှို့ဖျက်စီးခဲ့ပါတယ်။” ဆိုပြီး ဖော်ပြထားပါတယ်။

RCSS က မြန်မာနိုင်ငံအရှေ့ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီကို ဆိုလိုတာဖြစ်ပါတယ်။

RCSS တပ်ဖွဲ့နဲ့ TNLA တပ်ဖွဲ့တွေ မေလအစောပိုင်းမှာ နမ္မတူမြို့နယ်ထဲမှာ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ အကြောင်းကို ဧရာဝတီက ဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်က ဗီဒီယို (ဘယ်) ကို ၂၀၁၉ ခုနှစ်၊ မေလက ဗီဒီယို (ညာ)နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်က ဗီဒီယို (ဘယ်) ကို ၂၀၁၉ ခုနှစ်၊ မေလက ဗီဒီယို (ညာ)နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်