ဓာတ်ပုံအများစုဟာ မြန်မာနိုင်ငံမှာ တပ်မတော်အာဏာမသိမ်းခင်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့နေတာ ဖြစ်ပါတယ်

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 02 နိုဝင်ဘာ 2021 အချိန် 10h25
  • အပ်ဒိတ်ရက်စွဲ 02 နိုဝင်ဘာ 2021 အချိန် 10h27
  • ဖတ်ရန် ကြာချိန် 4 မိနစ်
  • AFP ထိုင်း
တူရကီနဲ့ တခြားနိုင်ငံတွေကနေ PDF တွေကို ထောက်ပံ့တဲ့လက်နက်တွေလို့ ဆိုထားတဲ့ ဓာတ်ပုံခြောက်ပုံကို Facebook မှာ ပြန်မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံနဲ့စာသားတွေဟာ နားလည်မှုလွဲစေနိုင်ပြီး ဓာတ်ပုံအများစုဟာ မြန်မာနိုင်ငံမှာ တပ်မတော်အာဏာမရယူခင် နှစ်ပေါင်းများစွာကတည်းက အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။ အဲဒါအပြင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့အထိ တူရကီအစိုးရကနေ မြန်မာနိုင်ငံက တပ်မတော်ဆန့်ကျင်တဲ့အင်အားစုတွေကို လက်နက်ထောက်ပံ့တယ်ဆိုတဲ့ ယုံကြည်ရတဲ့ သတင်းမျိုး မတွေ့ရှိရသေးပါဘူး။

ဒီဓာတ်ပုံတွေကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၁၅၄ ကြိမ် ရှိခဲ့ပါတယ်။

ဓာတ်ပုံနဲ့အတူ တွဲတင်ထားတဲ့စာသားတွေက အခုလိုဖြစ်ပါတယ်။

“PDF တွေဆီ ရောက်ရှိနေပြီဖြစ်တဲ့
စစ်လက်နက်များ
တူရကီအပါအဝင် အခြားသောနိုင်ငံများဆီမှ ” (မူရင်းသတ်ပုံအတိုင်း)

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို တပ်မတော်က ရက်စက်စွာ နှိမ်နင်းပြီးနောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ဖွဲံ့စည်းကြောင်း ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်မှာ ကြေညာခဲ့ပါတယ်။

မြန်မာတပ်မတော်နဲ့ စစ်အစိုးရဆန့်ကျင်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက်ပိုင်း အခုလိုနားလည်မှုလွဲစေတဲ့ပို့စ် ပျံ့နှံ့လာတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့အထိ တူရကီနဲ့ တခြားနိုင်ငံတွေကနေ မြန်မာနိုင်ငံက စစ်အစိုးရဆန့်ကျင်ရေးအင်အားစုတွေကို လက်နက်ထောက်ပံ့ပေးတယ်လို့ဆိုထားတဲ့ ယုံကြည်ရတဲ့ သတင်းမျိုး ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။

တူညီတဲ့ပြောဆိုမှုနဲ့ အလားတူဓာတ်ပုံတွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည်မျှဝေထားကြပါသေးတယ်။

ဒါပေမဲ့ ဒီပြောဆိုမှုတွေဟာ နားလည်မှု လွဲစေနိုင်ပါတယ်။

ပထမဓာတ်ပုံ

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ပထမဓာတ်ပုံဟာ အနည်းဆုံး ၂၀၁၈ ခုနှစ်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။ အဲဒီဓာတ်ပုံကို သေနတ်အမျိုးမျိုးထုတ်လုပ်တဲ့ ဖိလစ်ပိုင်ပုဂ္ဂလိကကော်ပိုရေးရှင်းတစ်ခုရဲ့ Facebook စာမျက်နှာ United Defense Manufacturing Corporation ရဲ့ ဒီလင့်ခ်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၈ ရက်က တင်ထားတာဖြစ်ပါတယ်။

ပို့စ်ပါစာသားတွေက အခုလိုဖြစ်ပါတယ်။ “PNP အထူးတပ်ဖွဲ့အတွက် UDMC F5-DGIS ရိုင်ဖယ် ၁၉၉၃ လက်၏ ပထမအသုတ်အနေဖြင့် ပြောင်းအရှည် ၂၀ လက်မရှိသည့် ၅.၅၆ နေတိုးရိုင်ဖယ် ၂၃၃ လက်ကို R.A. 9184 အရ UDMC က လေလံအောင်ခဲ့သည်။ တရားဝင် လွှဲပြောင်းမှုကို ၂၀၁၈ ခုနှစ်၊ ဧပြီ ၁၉ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။”

အောက်မှာနားလည်မှုလွဲစေတဲ့ Facebook ပို့စ် (ဘယ်) နဲ့ United Defense Manufacturing Corporation ရဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ Facebook ပို့စ် (ဘယ်) နဲ့ United Defense Manufacturing Corporation ရဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

ဒုတိယဓာတ်ပုံ

Google မှာ နောက်ထပ်ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ Tai video news shan state လို့နာမည်ပေးထားတဲ့ Facebook ပေ့ချ်တစ်ခုရဲ့ ဒီလင့်ခ်မှာ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၈ ရက်က တင်ထားတာ တွေ့ရပါတယ်။

ရှမ်းဘာသာစကားနဲ့ရေးထားတဲ့ ရည်ညွှန်းစာက အခုလိုဖြစ်ပါတယ်။ “RCSS/SSA အဖွဲ့သည် နှစ်လကျော်အတွင်း ထိုင်းဘတ်သိန်း ၁၀၀ ဖိုး စစ်ဘက်ပစ္စည်းများ မှာယူခဲ့သည်။ မှာယူထားသည်များအနက် ၇၀ ရာခိုင်နှုန်း ရောက်ရှိပြီဖြစ်သော်လည်း ၃၀ ရာခိုင်နှုန်းမှာ သယ်ယူပို့ဆောင်ရေးအခက်အခဲကြောင့် ကြန့်ကြာနေသည်ဟု သိရသည်။”

အောက်မှာ နားလည်မှုလွဲစေတဲ့ Facebook ပို့စ် (ဘယ်) နဲ့ Tai video news shan state ရဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ Facebook ပို့စ် (ဘယ်) နဲ့ Tai video news shan state ရဲ့ဓာတ်ပုံ (ညာ) တို့ကို  နှိုင်းယှဉ်ပြထားတဲ့ screenshot

တတိယဓာတ်ပုံ

တတိယဓာတ်ပုံကို ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ R7 (Revolution 7) ဆိုတဲ့ Facebook ပေ့ချ်ရဲ့ ဒီလင့်ခ်မှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့က တင်ထားတာ တွေ့ရပါတယ်။ အဲဒီပို့စ်မှာ အလှူရှင်တွေကို ပေးအပ်ထားတဲ့ ကျေးဇူးတင်မှတ်တမ်းလွှာတွေကိုလည်း တင်ထားတာ တွေ့ရပါတယ်။

ပို့စ်ပါစာသားတွေက အခုလိုဖြစ်ပါတယ်။ “ကူညီထောက်ပံ့ပေးနေသော အလှူရှင်များအားလုံးကို R7မှ

ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ” (မူရင်းသတ်ပုံအတိုင်း)

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ R7 ပေ့ချ်ရဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ R7 ပေ့ချ်ရဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

စတုတ္ထဓာတ်ပုံ

စတုတ္ထဓာတ်ပုံဟာ အမေရိကန်က သေနတ်ဆိုင်တစ်ဆိုင်အကြောင်း ၂၀၁၃ ခုနှစ်ကတည်းက သတင်းတွေမှာ ပျံ့နှံ့နေခဲ့တာဖြစ်ပါတယ်။

အဲဒီဓာတ်ပုံကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်က Los Angeles Times သတင်းမှာ တင်ထားတာ ဖြစ်ပါတယ်။

သတင်းခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “အစိုးရပိတ်သိမ်းမှု စစ်တပ်မြို့နယ်များအထိနာ”

ပုံအညွှန်းစာက အခုလိုဖြစ်ပါတယ်။ “မြောက်ကာရိုလိုင်းနားပြည်နယ်၊ Fayetteville မြို့ရှိ Jim’s Pawn Shop တွင် သေနတ်ဝယ်သူများကို တွေ့ရခြင်းဖြစ်သည်။ အစိုးရ၏ ပိတ်သိမ်းမှုကြောင့် စီးပွားရေးလုပ်ငန်းများစွာ ရောင်းအားထိခိုက်မည်ကို စိုးရိမ်နေကြသည်။ (David Zucchino၊ Los Angeles Times)”

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ Los Angeles Times ရဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ Los Angeles Times ရဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

ပဉ္စမမြောက်ဓာတ်ပုံ

Google မှာ ထပ်ပြီးဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ပဉ္စမမြောက်ဓာတ်ပုံကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ကတည်းက သတင်းအမျိုးမျိုးမှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။

အဲဒီဓာတ်ပုံကို popolay.com လို့ခေါ်တဲ့ ဝဘ်ဆိုဒ်တစ်ခုရဲ့ဒီလင့်ခ်မှာ တင်ထားတာ တွေ့ရပါတယ်။

သတင်းခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “သာစည်မြို့နယ်တွင်ဂျာမဏီနှင့်ထိုင်းနိုင်ငံလုပ်သေနတ်များဖမ်းဆီးရမိ”

သတင်းပါစာသားအချို့က အခုလိုဖြစ်ပါတယ်။ “မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ဇူလိုင်လ ၁၉ ရက်နေ့ည ၁၀ နာရီခွဲအချိန်ခန့်က သတင်းအရ မန္တလေးသို့ပို့ဆောင်မည့် ထိုင်းနိုင်ငံနှင့်ဂျာမဏီနိုင်ငံလုပ်မောင်းပြန်သေနတ် ၂၂ လက်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။” (မူရင်းသတ်ပုံအတိုင်း)

အောက်မှာ နားလည်မှုလွဲစေတဲ့ Facebook ပို့စ် (ဘယ်) နဲ့ popolay.com ရဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ Facebook ပို့စ် (ဘယ်) နဲ့ popolay.com ရဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

ဆဌမမြောက်ဓာတ်ပုံ

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဆဌမမြောက်ဓာတ်ပုံကို Huston Style Magazine ရဲ့ဆောင်းပါးတစ်ပုဒ်မှာ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ ၂၉ ခုနှစ်က တင်ထားတာ တွေ့ရပါတယ်။

ဆောင်းပါးခေါင်းစဉ်က အခုလိုပါ။ “Fast and Furious စစ်ဆင်ရေးအကြောင်းသိကောင်းစရာများ”

ဆောင်းပါးပါ စာသားအချို့က အခုလိုဖြစ်ပါတယ်။ “ဒါဟာ Fast and Furious စစ်ဆင်ရေးအကြောင်း နောက်ခံသတင်းအချက်အလက်တချို့ဖြစ်ပါတယ်။ ၂၀၀၉-၂၀၁၁ ကြားမှာ Fast and Furious စစ်ဆင်ရေးအောက်က အရက်၊ ဆေးရွက်ကြီး၊ လက်နက်နဲ့ ပေါက်ကွဲစေတတ်သောပစ္စည်းများဗြူရို (ATF) Phoenix ဌာနခွဲဟာ တခြားအဖွဲ့အစည်းတွေနဲ့အတူ မူးယစ်ဆေးရောင်းချသူတွေနဲ့ ဝယ်ယူသူတွေကို တိုက်ခိုက်နိုင်ဖို့ မက္ကစီကို မူးယစ်ဂိုဏ်းတွေဆီကို လက်နက်တွေ တရားမဝင်ရောင်းချခဲ့တယ်လို့ ယူဆရပါတယ်။”

အောက်မှာ နားလည်မှုလွဲစေတဲ့ Facebook ပို့စ် (ဘယ်) နဲ့ Houston Style Magazine ရဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ Facebook ပို့စ် (ဘယ်) နဲ့ Houston Style Magazine ရဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ