ဒီဓာတ်ပုံက ၂၀၁၉ ခုနှစ်က တိမ်းမှောက်ခဲ့တဲ့ အစ္စရေးတင့်ကားရဲ့ ပုံဖြစ်ပါတယ်

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 05 နိုဝင်ဘာ 2021 အချိန် 09h48
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ မြန်မာတပ်မတော်သံချပ်ကာယာဉ်လို့ ပြောဆိုထားတဲ့ ဓာတ်ပုံတစ်ပုံကို Facebook ပေါ်မှာ အကြိမ်ရေ ရာနဲ့ချီမျှဝေခဲ့ကြပါတယ်။ ဒီပြောဆိုမှုဟာ မှားပါတယ်။ တကယ်တမ်း အဲဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက စစ်ရေးလေ့ကျင့်မှုတစ်ခုမှာ တိမ်းမှောက်ခဲ့တဲ့ အစ္စရေးတင့်ကားတစ်စီးရဲ့ ဓာတ်ပုံပဲ ဖြစ်ပါတယ်။

အဲဒီဓာတ်ပုံကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်က Facebook ပေါ်က ဒီလင့်ခ်မှာ တင်ခဲ့ပြီး အကြိမ်ရေ ၇၀၀ ကျော် ပြန်လည်မျှဝေခဲ့ကြပါတယ်။

Image
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်က ရယူခဲ့တဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ screenshot

ဓာတ်ပုံနဲ့အတူ “မအလစစ်တပ် သံချပ်ကာကား ထီးချိူင့် PDF တွေရဲ့ ပိန်းဥ စားရ၍ ချောက်ထဲ ဝင်အိပ်” (မူရင်းသတ်ပုံ) ဆိုပြီး ပို့စ်မှာ တင်ခဲ့ပါတယ်။ ပိန်းဥဆိုတာ မိုင်းဗုံးကို ခေါ်ဝေါ်တဲ့ ဗန်းစကားတစ်ခု ဖြစ်ပါတယ်။

“မအလ”ဆိုတာ ဖေဖော်ဝါရီလတုန်းက အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားပြီး နိုင်ငံတော်အာဏာရယူခဲ့တဲ့ မြန်မာတပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရည်ညွန်းတာ ဖြစ်ပါတယ်။

အာဏာသိမ်းယူမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို သေကြေစေတဲ့အထိ စစ်တပ်က ဖြိုခွင်းခဲ့တဲ့နောက် လုံခြုံရေးတပ်ဖွဲ့တွေကို ပြန်လည်တိုက်ခိုက်တဲ့ “ပြည်သူ့ကာကွယ်ရေးတပ်”တွေ မြို့နယ်တော်တော်များများမှာ ပေါ်လာခဲ့ပါတယ်။

အဲဒီပို့စ်မှာ “1.11.2021 ရက် ည 11:30 pm ချိန် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် မော်ကွန်းတောင်တွင် မအလစစ်တပ်သံချပ်ကာ ကား ၁ စီး ထီးချိုင့် PDF မှမိုင်းခွဲတိုက်ခိုက်ခဲ့ရာ သံချပ်ကာကားမိုင်းထိမှန်ပြီး တောင်အောက်သို့ထိုးကျသွားကြောင်းသိရှိရ”(မူရင်းသတ်ပုံ)လို့လည်း ဆက်ရေးထားပါတယ်။

ထီးချိုင့်မြို့နယ်ဟာ စစ်ကိုင်းတိုင်းဒေသကြီးထဲ တည်ရှိတာပါ။

နိုဝင်ဘာလ ၁ ရက်နေ့မှာ မြန်မာတပ်မတော်ယာဉ်တွေကို ထီးချိုင့် PDF တပ်ဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မြန်မာအခြေစိုက်သတင်းဌာနတွေက ဖော်ပြခဲ့တဲ့နောက် အဲဒီဓာတ်ပုံ အွန်လိုင်းပေါ်ပျံ့နှံ့လာခဲ့တာ ဖြစ်ပြီး တူညီတဲ့ပြောဆိုမှုတွေနဲ့အတူ Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေခဲ့ကြပါတယ်။

AFP ကတော့ ဖြစ်စဉ်တွေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ဒါပေမဲ့ ဓာတ်ပုံနဲ့ ပတ်သက်တဲ့ အဆိုဟာ မှားယွင်းနေပါတယ်။

Google ပေါ်မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါမှာ အဲဒီဓာတ်ပုံကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်က စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း တိမ်းမှောက်ခဲ့တဲ့ အစ္စရေးတင့်ကားတစ်စီးအကြောင်းရေးသားထားတဲ့ သတင်းမှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ အဲဒီဓာတ်ပုံဟာ မြန်မာနိုင်ငံမှာ တပ်မတော်အာဏာသိမ်းမှု မဖြစ်ခင် တစ်နှစ်ကျော်အလိုကတည်းက ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။

“စစ်ဆင်ရေးလေ့ကျင့်မှုတစ်ခုအတွင်း တင့်ကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ရေးလေ့ကျင့်မှုများအားလုံးကို ရပ်တန့်ရန် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အကြီးအကဲက တနင်္လာနေ့တွင် အမိန့်ပေးခဲ့သည်” လို့ The Times of Israel ရဲ့ သတင်းမှာ ဖော်ပြပါတယ်။

"အစ္စရေးမြောက်ပိုင်းရှိ မိုးသည်းထန်ကာ မြူဆိုင်းနေသည့် လေ့ကျင့်ရေးကွင်းထဲတွင် Merkava တင့်ကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သစ်သားမြောင်းထဲသို့ ပြုတ်ကျခဲ့သည့် မတော်တဆမှုတွင် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့” ဆိုပြီး အဲဒီသတင်းမှာ ရေးသားထားပါတယ်။

Image
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်က ရယူခဲ့သည့် Times of Israel သတင်းရဲ့ screenshot

ဟီဘရူးဘာသာစကားနဲ့ထုတ်ဝေတဲ့ အစ္စရေးအစိုးရပိုင်သတင်းစာ Israel Hayom မှာလည်း အဲဒီဖြစ်စဉ်ကိုပဲ တူညီတဲ့ဓာတ်ပုံနဲ့အတူ ဒီလင့်ခ်မှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်က တင်ထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ