
လစ်ဗျားကပုံတွေကို ချင်းပြည်နယ်၊ ထန်တလန်မြို့မှာဖြစ်တာလို့ဆိုထားတဲ့အချက်အလက်အမှားဓာတ်ပုံ
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 08 နိုဝင်ဘာ 2021 အချိန် 09h01
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
ဒီဓာတ်ပုံတွေကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃၁ တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၆၃ ကြိမ် ရှိခဲ့ပါတယ်။

ဓာတ်ပုံတွေနဲ့အတူတင်ထားတဲ့စာသားက အခုလိုဖြစ်ပါတယ်။
“It's not Syria, It's not Afghanistan,
It's Thantlang( Myanmar )
ဆီးရီးယားလည်းမဟုတ်
အာဖဂန်နစ်စတန်လည်း မဟုတ်
ထန်တလန် ( မြန်မာပြည် )
မူရင်းပုံပိုင်ရှင်အားလေးစားစွာ ကျေးဇူးတင်ပါတယ်”
အောက်တိုဘာလကုန်ပိုင်းက တပ်မတော်နဲ့ ဒေသခံကာကွယ်ရေးအင်အားစုတွေကြား တိုက်ပွဲတွေဖြစ်ပွားပြီးနောက်မှာ တပ်မတော်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့က Save the Children ရုံးအပါအဝင် နေအိမ်တွေနဲ့အဆောက်အအုံတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေနဲ့ ပြည်တွင်းမီဒီယာတွေ ပြောဆိုရေးသားထားတာကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။
ထန်တလန်အကြောင်း သတင်းဖော်ပြမှုတွေနဲ့ပတ်သက်လို့ AFP က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ တပ်မတော်အာဏာရယူတဲ့ ဖေဖော်ဝါရီလကစလို့ ပဋိပက္ခတွေ ပေါ်ပေါက်လျက်ရှိသလို တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ အင်အားစုတွေ နိုင်ငံအနှံ့ပေါ်ထွက်လာပြီး တိုက်ပွဲတွေနဲ့ အပြန်အလှန် လက်တုံ့ပြန်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။
တူညီတဲ့ပြောဆိုမှုတွေနဲ့ အလားတူဓာတ်ပုံတွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည် မျှဝေခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းနေပါတယ်။
ပထမဓာတ်ပုံ
Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ပထမဓာတ်ပုံကို အမေရိကန်မီဒီယာတစ်ခုဖြစ်တဲ့ NPR သတင်းရဲ့ ဒီလင့်ခ်မှာ ၂၀၁၆ ခုနှစ်၊ မေလ ၁၈ ရက်က တင်ထားတာ တွေ့ရပါတယ်။
သတင်းခေါင်းစဉ်က အခုလိုပါ။ “လစ်ဗျားနိုင်ငံ၊ Sirte မြို့ရှိ ISIS လက်အောက်၌နေရသည့် ဖြစ်ရပ်ဆိုးများအကြောင်း အသေးစိတ်ဖော်ပြထားသည့်သတင်း”
ဓာတ်ပုံအညွှန်းစာကတော့ အခုလိုဖြစ်ပါတယ်။ “၂၀၁၁ ခုနှစ်က လစ်ဗျားနိုင်ငံ၊ Sirte မြို့တွင် တိုက်ပွဲကြောင့် ပျက်စီးနေသည့်အဆောက်အအုံများကို မြင်ရစဉ်၊ ဓာတ်ပုံ Manu Brabo/AP”
ဓာတ်ပုံဆရာ Manu Brabo ကတော့ အဲဒီဓာတ်ပုံကို ၂၀၁၁ ခုနှစ်က လစ်ဗျားနိုင်ငံ၊ Sirte မြို့မှာ ရိုက်ခဲ့တာလို့ AFP ကို အတည်ပြုဖြေကြားခဲ့ပါတယ်။
အောက်မှာ နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ NRP ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshoot ဖြစ်ပါတယ်။

သူပုန်တွေဟာ လစ်ဗျားခေါင်းဆောင်ဟောင်း မွန်မာကဒါဖီကို သူ့ရဲ့ဇာတိမြို့ Sirte မှာ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်က သုတ်သင်သတ်ဖြတ်ခဲ့ပါတယ်။ သူပုန်တွေကို နေတိုးအဖွဲ့က ထောက်ပံ့ပေးခဲ့ပြီးလပိုင်းအကြာမှာ ကဒါဖီရဲ့ နှစ် ၄၀ ကြာအုပ်ချုပ်ရေးအဆုံးသတ်ခဲ့တဲ့အကြောင်း AFP သတင်းကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။
ဒုတိယဓာတ်ပုံ
Google မှာ နောက်ထပ်ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒုတိယဓာတ်ပုံကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC) ရဲ့ ဝဘ်ဆိုဒ် ဒီလင့်ခ်မှာ ၂၀၂၁ ခုနှစ်၊ မေလ ၂၅ ရက်က တင်ထားတာ တွေ့ရပါတယ်။
သတင်းခေါင်းစဉ်က အခုလိုပါ။ “မြို့ကြီးများမှ စစ်ပွဲ - ထရီပိုလီ၊ လစ်ဗျား”
ဆောင်းပါးပါ စာသားအချို့က အခုလိုဖြစ်ပါတယ်။ “မြို့ပြမှာ စစ်ပွဲတွေဖြစ်တဲ့အခါ ဒုက္ခခံရတာ အရပ်သားတွေပါ။ ကိုယ်နေတဲ့လမ်းက ရှေ့တန်းစစ်မျက်နှာပြင်ဖြစ်လာတာကို ကိုယ်တွေ့ကြုံလာရတဲ့အခါ ဒီလူတွေအပေါ် ဘယ်လိုဆိုးရွားတဲ့အကျိုးသက်ရောက်မှုတွေရှိမလဲဆိုတာ ဒီဆောင်းပါးစီးရီးနဲ့အတူ ကျွန်ုပ်တို့ စူးစမ်းဖော်ထုတ်ထားပါတယ်”
ICRC အဖွဲ့ရဲ့ပြောခွင့်ရသူတစ်ဦးကတော့ ဒီဓာတ်ပုံကို လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့မှာ ရိုက်ကူးခဲ့တာဖြစ်ကြောင်း AFP ကို အတည်ပြုဖြေကြားခဲ့ပါတယ်။
အောက်မှာ နားလည်မှုလွဲစေတဲ့ Facebook ပို့စ် (ဘယ်) နဲ့ ICRC ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာ နေတိုးအဖွဲ့ကျောထောက်နောက်ခံ အုံကြွမှုကနေ ကဒါဖီသေဆုံးမှုဟာ လစ်ဗျားနိုင်ငံကို ဆယ်စုနှစ်တစ်စုကြာ သွေးချောင်းစီးအာဏာလုပွဲဆီ ရောက်သွားစေခဲ့တဲ့အကြောင်း AFP သတင်းကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။
အင်အားကြီးနိုင်ငံတွေရဲ့ ကျောထောက်နောက်ခံ သူပုန်စခန်းတွေရှိနေတဲ့ ထရီပိုလီမြို့မှာ တစ်နှစ်ကြာ မပြတ်သားတဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပေမဲ့ ပြီးခဲ့တဲ့နွေရာသီမှာတော့ စစ်ပြေငြိမ်းဖို့သဘောတူခဲ့ကြပြီး အဲဒီကနေတစ်ဆင့် အောက်တိုဘာလထဲမှာ ကုလသမဂ္ဂကြားဝင်စေ့စပ်ပေးတဲ့ တရားဝင်အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ရရှိခဲ့ပါတယ်။
လစ်ဗျားနိုင်ငံရဲ့ အရှေ့ပိုင်းနဲ့အနောက်ပိုင်းက စင်ပြိုင်အစိုးရနှစ်ဖွဲ့အစား ညီညွတ်တဲ့အစိုးရသစ်တစ်ရပ်ထူထောင်လိုက်တဲ့ ၂၀၂၁ ခုနှစ်၊ မတ်လနောက်ပိုင်း ဒီလိုမျိုး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွေ ပေါ်ပေါက်လာခဲ့တာလည်း ဖြစ်ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်